" ရွေးချယ်မှု "
**************
ကျွန်တော့်ရုံးမှာ ဦးမရမ်းသီးဆိုတဲ့ ညစောင့် ဒရဝမ်ကြီးတစ်ယောက်ရှိတယ်။ အရမ်းချစ်စရာကောင်းတယ်။ အမြဲတမ်း ပြုံးနေပြီး လူတွေ့တာနဲ့ အလေးပြုတတ်တယ်။ နှုတ်ကလည်း အမြဲပြောတတ်တာက
“Good Day Sir”
ကျွန်တော်က တစ်နေ့တော့ သူ့ကို မေးမိတယ်
“ဦးမရမ်းသီး”
“ပြောပါဆပ်”
“ခင်ဗျား အင်္ဂလိပ်လိုကောင်းကောင်းတတ်သလား”
“မပြောနိုင်ဘူး၊ မရေးနိုင်ဘူးဆပ်။ ဒါပေမဲ့ ဆရာပြောတယ်နော် မရမ်းသီးကောင်းကောင်းနားလည်တယ်”
“ဘယ်မှာ သင်ခဲ့သလဲ”
“ဆပ် … အင်္ဂလိပ် သခင်ကြီးဆီမှာ ကျွန်တော် ၁၀ နှစ်လုပ်ခဲ့တယ်”
“ခင်ဗျားကြည့်လိုက်ရင် အမြဲ ပြုံးနေတာပဲနော်”
“သခင်ကြီးကပြောတယ် … ပြုံးနေပါတဲ့။ ပြုံးနေတဲ့သူဟာ ထမင်းမငတ်ဘူးတဲ့ဆပ်”
“ကောင်းတယ်ဗျာ … ခင်ဗျားစိတ်ဓာတ်ကိုတော့ ကြိုက်သွားပြီ”
“မိုးလင်းတယ်နော်ဆပ် … ကျွန်တော် စဉ်းစားတယ်။ နှစ်မျိုးပဲ။ ကောင်းကောင်း လုပ်မလား၊ ဆိုးဆိုး လုပ်မလား။ ကျွန်တော် ကောင်းတာပဲရွေးတယ်”
“ဟုတ်တာပေါ့ ကောင်းတာပဲ ရွေးသင့်တာပေါ့။ ဒါပေမဲ့ အမြဲ မကောင်းနိုင်ဘူးလေ။ ဆိုးသွားရင်ရော”
“ဆိုးတယ်နော်ဆပ် … တုံ့ပြန်မလား … သင်ခန်းစာယူမလား ကျွန်တော်ရွေးတယ်”
“ဘာရွေးသလဲ”
“သင်ခန်းစာယူတာပေါ့ဆပ်။ ဘာကြောင့် ဆိုးရသလဲပေါ့”
“ခင်ဗျားကို သူများတွေ ဆဲသွားလည်း ပြုံးနေတာပဲ”
“အရာရာကို ကျွန်တော်နားမလည်ဘူးဆပ်။ ဆဲတာကို ဆရာသိတယ်။ ဆရာခံစားတယ်။ ဆဲတာကို ကျွန်တော် နားမလည်ဘူး။ ဒါကြောင့် ကျွန်တော့်ကို နှုတ်ဆက်တယ်ပဲထင်တယ်”
“လွယ်တော့ မလွယ်ဘူးဗျာ … ခင်ဗျားလိုစိတ်မျိုးထားဖို့တော့ သိပ်မလွယ်ဘူး”
“ဘဝဆိုတာ ရွေးချယ်စရာတွေအများကြီးပါဆပ်။ အမှိုက်တွေကိုနော် ကျွန်တော်မရွေးဘူး။ မရမ်းသီး အမှိုက် မကောက်ဘူး။ အမှိုက်တွေ သိမ်းမထားဘူး။ အမှိုက်လို့ထင်ရင် အမှိုက်တောင်းထဲထည့်လိုက်တယ်ဆပ်”
“ဦးမရမ်းသီးရယ် ခင်ဗျားကိုတော့ လေးစားပြီ”
ဒီလိုနဲ့ ဦးမရမ်းသီး ပျောက်သွားတယ်။ တစ်ပတ်လောက်မတွေ့လို့ မေးကြည့်တော့ ကားတိုက်ခံရလို့ ဆေးရုံ တက်နေရတယ်တဲ့။ ကျွန်တော်လည်း သူ့ကို ဆေးရုံသွားပြီး သတင်းမေးတယ်။ ပြုံးပြုံးရွှင်ရွှင်ပဲ။ ခေါင်းကိုထိ ထားလို့ ဆေးရုံတက်နေရတာ။ ခေါင်းမှာ ပတ်တီးကြီးနဲ့။
“ဦးမရမ်းသီးရယ် မသေကောင်း မပျောက်ကောင်း၊ နေကောင်းရဲ့လား”
“ကောင်းတယ်ဆပ်”
“ကားတိုက်တော့ အတော်ကြောက်သွားလား”
“ကားလမ်းကို ဖြတ်ကူးလိုက်တာ မထင်မှတ်ဘဲ လမ်းပြောင်းပြန် မောင်းလာတဲ့ကားက ဝင်တိုက်တာဆပ်”
“အို … ခုလို ပြန်တွေ့ရတာ ကောင်းလိုက်တာ။ ကြောက်သွားမှာပဲနော်”
“မကြောက်ဘူးဆပ်။ ကားတိုက်တယ်။ မှောက်သွားတယ်။ သတိရတစ်ချက်၊ မရတစ်ချက်ဖြစ်သွားတယ်။ ဒါပေမဲ့ဆပ် ကျွန်တော် ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်တယ်”
“ဦးမရမ်းသီး … ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့ သတိရသလား”
“သတိရတယ်ဆပ် … ကောင်းကောင်း သတိရတယ်”
“ဘာပြန်မေးသလဲ”
“သေမလား … ရှင်မလား”
“ခင်ဗျား ဘာရွေးလိုက်သလဲ”
“ဆပ် … ကျွန်တော် သေလို့မဖြစ်ဘူး … ဒါကြောင့် ရှင်မယ်ဆိုပြီးရွေးခဲ့တယ်။ ပြန်ထတယ်နော် … ဆေးရုံရောက် လာတယ်”
“ဦးမရမ်းသီးရယ် … ခင်ဗျားကို လေးစားပြီဗျာ … ခင်ဗျား နောက်ဆုံးအချိန်အထိ ရွေးချယ်ခွင့်ရခဲ့တာပဲ”
“ဆပ် … လောကမှာ ရွေးချယ်စရာတွေ အမြဲရှိနေပါလိမ့်မယ်”
ကျွန်တော်ပြုံးလိုက်တယ်။ ဦးမရမ်းသီးက
“ဆရာနော် ပြုံးဖို့ ရွေးချယ်လိုက်တယ်။ သိပ်မှန်တယ်။ ခုချိန်မှာ ပြုံးခဲတဲ့ ဆရာ့မျက်နှာကို မြင်ချင်လိုက်တာလို့ မရမ်းသီး တောင့်တနေတာ”
Crd...
ချစ်ခြင်းအားဖြင့် Yin Tun Royal

Comments
Post a Comment