သီတာ

*********

#သီတာ ဒီကို စရောက်တော့ အခန်းထဲမှာ ထိုင်းဘက်ကလာတဲ့ ရွှေရွှေရယ် မန္တလေးက လာတဲ့ စိမ်းစိမ်းရယ် သူတို့နဲ့ အတူနေရတယ် ။ ဟိုဘက်ခြမ်းကတော့ အရောင်စုံ အသွေးစုံနှင့် တစ်ကယ့် အပျံစား အလန်းစားတွေချည့် အုပ်စုဖွဲ့ နေကြတယ် ။ 


သူတို့အဖွဲ့ကတော့ တစ်သုတ်ပြီး တစ်သုတ် အခေါ်ခံရလို့ အခန်းတံခါးတောင် လော့ကျအောင် ပြန်မပိတ်ဖြစ်ကြတဲ့အထိပဲ ။


ခဏနေတော့ ရွှေရွှေ့ကို လာခေါ်တယ် ။ စိမ်းစိမ်းကတော့ ခပ်အေးအေးပဲ အိန္ဒြေရရရှိနေပေမယ့် သီတာ့မှာတော့ သူ့ကို ဘယ်အချိန်များ လာခေါ်ကြမလဲဆိုပြီး မျှော်တလင့်လင့်နှင့် တစ်ကိုယ်လုံး အေးစက်နေပြီလေ ။


မကြာပါဘူး ကျွီကနဲ တံခါးဖွင့်သံနှင့်အတူ ဝိတ်တာတစ်ယောက်ဝင်လာပြီး သီတာနဲ့ စိမ်းစိမ်းကို ခေါ်သွားတယ် ။ 


သီးသန့်အခန်းတစ်ခုထဲကို ရောက်သွားတော့ အထဲမှာ သီတာ့တို့အရင်ရောက်နှင့်နေတဲ့ ရွှေရွှေနဲ့ ဟို ရောင်စုံအဖွဲ့ကဟာတွေ အလဲလဲအပြိုပြိုဖြစ်နေကြတယ် ။


" သီတာ ရောက်ပြီ boss "


boss ဆိုတဲ့လူကြီးက သီတာ့ကို လှမ်းကြည့်ပြီး


" ဟေ့ကောင်...ပါကင်ရောဟုတ်ရဲ့လား "


" ဟား....ပါကင်ပါ boss ရယ် ။ အသစ် အသစ် ဟဲဟဲဟဲ "


" ရောဂါကူးမှာစိုးလို့ကွ....အသစ်ဆိုလည်း ထားခဲ့ကွာ "


ဝိတ်တာက သီတာ့ကို boss ဆိုတဲ့ လူကြီးအနား ထားခဲ့ပြီး ပြန်ထွက်သွားတယ် ။ သီတာ့မှာတော့ အခန်းထဲက စီးကရက်အခိုးတွေ လူသူအငွေ့တွေကြောင့် ချက်ချင်း တစ်ကိုယ်လုံးပဲ ချွေးတွေစို့လာတယ် ။ စိမ်းစိမ်းကတော့ တစ်ဖက်ဝိုင်းမှာ ရောက်သွားတယ် ။


Boss ဆိုတဲ့လူကြီးက ဆတ်ကနဲ့ သီတာ့ခါးကို လှမ်းကိုင်ပြီး အရက်နံ့တွေ စီးကရက်နံ့တွေ ရောပြွမ်းနံထောင်းနေတဲ့ သူ့ပါးစပ်ကြီးနှင့် သီတာ့နှူတ်ခမ်းဖူးလေးကို ဆွဲယူ စုတ်လိုက်တယ် ။


" အို့ဟိုး.....ဘောစိ ဖြေးဖြေး...ဟားဟားဟားဟား "


" ငါတို့ဘောစိ ငတ်နေတာကြာပြီထင်ပါ့ ဟေးဟေး "


ဝိုင်းထဲကလူတွေ ပြောကြတာကို ဂရုမစိုက်အားပဲ bossက သီတာ့ခါးကို လွတ်ထွက်သွားမှာစိုးသည့်အလား တင်းတင်းကြပ်ကြပ်ကိုင်ရင်း အားရအောင်စုပ်ပြီးမှ သူ့အနားက ခုံမှာနေရာချပေးထားလိုက်တယ် ။


ပြီးတော့ သူတို့အချင်းချင်း စကားတွေပြောကြ ငြင်းကြ သောက်ကြ


တစ်ခါ တခါ အားလုံးထပြီး အရက်ခွက်တွေ မြှောက်ရင်း " အောင်မြင်ပါစေလို့ တညီတညာတည်း သံပြိုင်အော်ပြီး မော့သောက်ကြ "


ဘာတွေ အောင်မြင်ဘို့ အော်ကြလဲမသိ ။ သီတာတို့ကတော့ ရပ်နေကြရုံသာ ။


သူတို့ သောက် စားကြပြီးလို့ ညဥ့်နက်လာတော့ ပိုက်ဆံရှင်းကြတယ် ။


" ဘယ်လိုလဲ ဘောစိ ကျေနပ်ရဲ့လား "


" အေးကွ...ရှယ်ပဲ "


အားလုံးပြန်သွားကြပြီဆိုတော့ အခန်းထဲမှာ သူတို့ စားကြွင်း စားကျန်တွေနှင့် သီတာတို့ပဲ ရှိနေတော့တယ်


ရွှေရွှေက ခုံအောက်မှာ လဲနေပြီး စိမ်းစိမ်းက နံရံမှာ မှီလို့ ။ ဟိုဟာမတွေကတော့ ရှုံ့တွ ရွဲပြဲပြီး မြင်မကောင်း ရှု့မကောင်း ဖယိုဖယဲ ။


ခဏနေတော့ မိန်းမကြီးတစ်ယောက်ဝင်လာတယ် ။ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ သီတာတို့ကို ပြုံးပြုံးလေးကြည့်ရင်း ပလပ်စတစ်အိတ်ကြီးထဲကို အစီအရီ ကောက်ယူထည့်လိုက်တယ် ။


ဟုတ်တယ်လေ .....

သီတာ ( ရေသန့်ဘူး )

ရွှေရွှေ ( ကျွဲရိုင်းဘူး )

စိမ်းစိမ်း ( ကရင်ဆော်ဒါဘူး )

ဟိုဟာမတွေ ( ဘီယာဘူး )


အဲ့ဒါတွေ စုပြီး သွားရောင်းရင် သူ့အတွက် ၂ လုံးထီထိုးဘို့ ပိုက်ဆံရမယ်လေ ။ ဒါနဲ့ အပိုင်ဂဏန်းလေးရှိရင် ပေးကြပါဦး 😁

Crd


( လွယ်လေး )

Comments

Popular posts from this blog

ချောတယ်လို့