ငယ်ဆရာတွေကိုမမေ့ပါနဲ့ 


ဆယ်တန်းမှာ ဂုဏ်ထူးတွေ တသီကြီးနဲ့ တပည့်က စင်ပေါ်မှာ ဆုတက်ယူတယ်။ ကျေးဇူးတင်စကား ပြောကြားသွားတဲ့ အထဲမှာ ဆယ်တန်း ဆရာ၊ ဆရာမ တွေ ရဲ့ နာမည်အကုန်လုံးကို အစဉ်လိုက် ရွတ်ချသွားတော့တယ်...။ ဘယ်လိုသင်ပေးခဲ့ကြောင်း ၊ လမ်းညွန်ခဲ့ကြောင်း... စသည်ဖြင့်...


ကင်မရာမီး တဖျတ်ဖျတ်ရဲ့ မမြင်ကွယ်ရာ ထောင့်မှာတော့ ငယ်ငယ်က ကျန်းမာရေး သိပ်ချို့တဲ့လွန်းတဲ့ သူ့ကို..... ၊ အရမ်းဂရုစိုက်ပြီး သင်ပေးခဲ့ဖူးတဲ့ သူငယ်တန်းက ဆရာမအိုကြီးမှာတော့ မျက်ရည်တွေ ဝိုင်းလို့.....

ဒါတင်မကဘူး... စာ စ ရေးဖို့ ကျောက်တံကိုင်ရန်ပင် တုန်ရီနေတဲ့လက်ကို စိတ်ရှည်ရှည်နဲ့ တည်ငြိမ်လာအောင် လုပ်ရုံမက စာရေးနိုင်အောင် သင်ပေးတဲ့ သူငယ်တန်းဆရာမကြီးကလည်း ရင်ထဲစို့လို့......


ကျောင်းစာစိတ်မဝင်စားပဲ အလေလိုက်ချင်နေတဲ့ သူ့ကို ကြိုးစားသင်ကြားပြီး ကူညီထိန်းမတ်ပေးခဲ့တဲ့ အလယ်တန်းပြ ဆရာမတွေကလည်း ငေးမောလို့...။


သူကတော့ ဆယ်တန်းက ဆရာတွေကိုဖက်ပြီး ဓာတ်ပုံတွေ အရိုက်ခံရင်း၊ ဂါရဝပြုရ... လက်ဆောင် ပစ္စည်းတွေနဲ့ အမှတ်တရ ကန်တော့ရနဲ့.... ။


ပြောတဲ့စကားတွေမှာ... ရေးတဲ့စာတွေမှာ .. လူမြင်ကွင်းတွေမှာ သူတို့ငယ်ဆရာဖြစ်တဲ့ မူလတန်း ၊အလယ်တန်းဆရာတွေ အကြောင်း တစ်ခွန်းမှ မပါခဲ့ရှာဘူး....


ကျွန်တော်ကတော့ ဒီမြင်ကွင်းကို မြင်တိုင်း မြင်တိုင်း ၊ သူတို့ နှုတ်ထွက် စကားတွေ ကြားတိုင်း သူ့ရဲ့ ငယ်ဆရာတွေ ဘက်ကိုပဲ လှည့်ကြည့်ဖြစ်တော့တယ်။ မြင်တိုင်းလည်း စိတ်မကောင်း ဖြစ်ရတယ်..။သူတို့နေရာမှာ ကိုယ်သာဆို ဘယ်လိုနေမလဲပေါ့...။


ကျွန်တော့်"တီချယ်အုန်း"က ကျွန်တော်ဆရာ ဖြစ်လာတော့ အမှာစကားခြွေတယ်။ "သားရေ... ဆရာဆိုတာ လိုအပ်ရင် တပည့်တွေကို ဥပက္ခာ ထားတတ်ဖို့လည်း လိုတယ်" တဲ့..။ အရင်တုန်းက နားမလည်ပေမယ့် အခုတော့ နားလည်စပြုလာပြီ..။


ကိုယ့်မှာ ပြုစုဖို့ လိုအပ်တဲ့ ကလေးတချို့ကို ပင်ပင်ပန်းပန်း ပြုစုခဲ့ရတာ..။ မူလတန်း အရွယ်ကလေးတွေဆို ပိုဆိုး..။အခြေခံခိုင်အောင် နဲ့ အတန်းကြီးလာတဲ့အခါ စာတွေ လိုက်နိုင်အောင်... ကျန်းမာရေးက အစပေါ့... ။ 


အချိန်တန်လို့ ကိုယ့်အတန်းအောင်သွားတဲ့အခါ သူတို့က ကိုယ့်ကိုမေ့လို့..။ ကိုယ်ကသာ သတိတရနဲ့... အော်.. ငါ့တပည့်လေး အဆင်ပြေပါ့မလား ဆိုပြီးတော့ပေါ့လေ... 


သူတို့က လမ်းမှာတွေ့ရင်တောင် နှုတ်ဆက်ဖော်မရတဲ့အခါ ကျွန်တော့်တီချယ် ပြောတာ အမှန်ပါလားလို့ နားလည်ရတယ်... ။ ဥပက္ခာထားတတ်ဖို့ ကြိုးစားရဦးမယ်ပေါ့..။ ရင်ဘတ်ကြီးနဲ့ လိုက်ခံစားနေရင် ကိုယ်ပဲ ပင်ပန်းမှာ မဟုတ်လား..


✎﹏ᴾʰᵒᵗᵒ ᶜʳᵉᵈⁱᵗ ᵗᵒ ᵒʳⁱᵍⁱⁿᵃˡ ᵃᵘᵗʰᵒʳ﹏♡︎

             ⓟⓗⓨⓞⓛⓨⓝⓝ

Comments

Popular posts from this blog

ချောတယ်လို့