သားတစ်ယောက် မိဘတွေ နေတဲ့မွေးရပ်မြေ တော ရွာလေးကို အလည်ပြန်လာတယ်
.......
ဒါပေမဲ့သူဟာခွင့်၂ ရက်ပဲရခဲ့လို့ တစ်ညတည်းအိပ်ပြီးနောက်နေ့မနက် စောစော ၆ နာရီ လောက် မြို့ကားအမှီ ထပြန်ရမှာ
........
အဲ့ဒီည သားအမိနှစ်ယောက်သားရှေးဟောင်းနှောင်းဖြစ်တွေ အလုပ်အကိုင်အကြောင်းတွေ ကိုထိုင်ပြောကြရင်း ညဉ့်တော်တော်နက်သွားတယ်
........
သွားမအိပ်ခင်လေးမှာသားဖြစ်သူဟာ သူ့အမေကို နောင်တ ကြီးစွာနဲ့ပြောတာ
"အမေရယ် သား ဒီတစ်ခေါက်ပြန်လာရတာအရမ်းကို အလောတစ်ကြီးနိုင်လိုက်တာ
နောက်တစ်ခါဆို သားအမေနဲ့ အကြာကြီးနေလို့ရအောင် ကြိုးစားပါ့မယ် သားလေအမေလုပ်ကျွေးတဲ့ ငှက်ပျောမုန့်ဖက်ထုပ် ကို အရမ်းကြိုက်တာပဲ ဘယ်မှာပဲဝယ်စားစားအမေ့လက်ရာကိုလုံးဝမမှီဘူး "
သားရဲ့အပြောကြောင့် အမေ့ရဲ့မျက်နှာမှာပီတိ တွေနဲ့ပြုံးသွားတယ်
ပြောပြီးတာနဲ့သားဖြစ်သူဟာ မနက်ကျသူစောစောထရမှာမို့ အမေ့ကိုနုတ်ဆက်ပြီးအိပ်ခန်းဆီသွားခဲ့တယ်
..........
သားဖြစ်သူ သွားအိပ်ပြီးတဲ့နောက် အမေဖြစ်သူဟာ မအိပ်ချင်တော့ဘူးလို့ခံစားရတယ် သူမဟာ သူမအခန်းဆီလျှောက်သွားပြီး အိပ်ပျော်နေတဲ့သူ့မခင်ပွန်းကိုသွားနှိုးတယ်
............
"အဖိုးကြီး ရေထပါအုန်း ရှင်ရွာထဲသွားပြီး
ငှက်ပျောရွက်နဲ့ဖီးကြမ်း အမှည့်တစ်ဖြည်းလောက်သွားရှာပြီးတောင်းဝယ်လာခဲ့စမ်းပါ ရှင်သားက ငှက်ပျောမုန့်ဖက်ထုပ် စားချင်ရှာလို့တဲ့ အဲ့တာမနက်စောစော သူမပြန်ခင်လေး လုပ်ကျွေးလိုက်ချင်လို့ "
............
အိပ်ပျော်နေရာက နိုးလာတဲ့အဖိုးကြီးဟာသူ့မိန်းမကိုပြန်ပြောတယ်
"အေ,..ငါအခုပဲသွားရှာလာလိုက်မယ် " တဲ့
ပြောပြီး ထလာယင်း တိုင်မှာချိတ်ထားတဲ့ အနွေးထည်အနွမ်းလေးကိုကောက်စွပ်တယ်
............
အဖိုးကြီးရှင်သွားရင် ဖြေးဖြေးလျှောက်သွား တံခါးလည်း ဖွဖွလေးပဲစေ့ထားခဲ့ သားလေးခမြာ ခုလေးတင်မှ အိပ်ပျော်သွားတာ မနက်ကျအစောကြီးထရအုန်းမှာ တော်ကြာနိုးသွားရင်အိပ်ရေးမဝရှာပဲနေလိမ့်မယ် ကျုပ်လဲ ဟိုဖက်အိမ်ကလက်လှည့်ဆုံ မှာကောက်ညှင်းသွားကြိတ်ထားလိုက်အုန်းမယ် တဲ့
.............
ခုချိန်ဟာဆောင်းဝင်နေပြီဆိုတော့အပြင်မှာရာသီဥတု ကအေးနေပြီ အဖိုးအိုဟာ တစ်အိမ်ပြီးတစ်အိမ် လိုက်အော်နှိုးယင်း ငှက်ပျော ဖက်နဲ့ ငှက်ပျောခိုင်တောင်းဝယ် တယ်
.............
ရွာမှာက ငှက်ပျောပင်မစိုက်ကြဘူး ရှိတဲ့အိမ်ကျတော့လည်း ဖီးကြမ်းငှက်ပျော မဟုတ်ဘူး ဒါပေမဲ့အဖိုးအိုရဲ့ကြိုးစားမှု့ကြောင့် နောက်ဆုံးမှာရွာထိပ်က အိမ်မှာ မည့်ခါစဖီးကြမ်းတစ်ခိုင် ရှာဝယ်လို့ရသွားတယ်
...….........
ညကြီးမင်းကြီးဘယ်သူများလဲလို့ အဘ ဦးလှိုင်မောင် ကိုး ငှက်ပျောခိုင်က မနက်ဈေးမှာသွားရောင်းမလို့ခုတ်ထားပြီးသား ငှက်ပျောဖက်ကတော့မခုတ်ရသေးဘူး အဘလိုချင်ရင်ခြံနောက်မှာလိုသလောက်ခုတ်ယူသွားလိုက်ပါ လို့အိမ်ရှင်ကပြောတယ်
.............
ခြံဟာအိမ်နဲ့တော့သိပ်မဝေးပါဘူး ဒါပေမဲ့ နှင်းတွေရွဲနေတဲ့ မြက်တောမှာ မှောင်မှောင်မဲမဲ ထဲ ညှပ်ဖိနပ်လေးနဲ့ ဖြတ်လျှောက်ရတာသိပ်တော့မလွယ်လှပါဘူး
..............
အဖိုးကြီး ဟာအိမ်ပြန်ရောက်လာတော့ ည ၁၀ နာရီကျော်နေပါပြီ
လင်မယားနှစ်ယောက်သားငှက်ပျောဖက်တွေ ကို ဆေးကြောကြပြီး မုန့်ထိုင်ထုတ်နေကြတော့ ည ၁နာရီကျော်သွားပါပြီ အမှန်ဆိုရင် အဲ့ထက်စောစောပြီး နိုင်ပါတယ် ဒါပေမဲ့မီးထွန်းပြီးလုပ်နေကြရင် သူတို့သားလေးနိုးသွားမှာစိုးလို့ လက်နှိပ် ဓါတ်မီးနဲ့ထိုးပြီး တိတ်တိတ်ဆိတ်ဆိတ်နဲ့ ထုပ်နေကြတာပါ
.............
၂နာရီလောက်ကျတော့ ငှက်ပျောဖက်ထုပ်တွေအဆင်သင့်ဖြစ်နေပါပြီ အဖိုးကြီးနဲ့အဖွားကြီးဟာခဏလောက်မှေးအိပ် လိုက်ကြဖို့ ပြောကြတယ် ဒါပေမဲ့ ခဏနေရင်မုန့်ဖက်ထုပ်တွေပေါင်းရတော့မဲ့အတူတူ မနိုးမိပဲနေသွားမှာစိုးလို့ မအိပ်ကြတော့ပါဘူး
...............
ဒီလိုနဲ့ ရွာဦးကျောင်းက အုန်းမောင်းသံသဲ့သဲ့
ကြားတော့ မုန့်ထုပ်တွေကိုမီးဖိုမှာတင်ပေါင်း
ကြတယ် မကြာပါဘူး ၅နာရီခွဲတော့သားဖြစ်သူရဲ့ဖုန်း ကနိုးစက်မြည်သံနဲ့အတူ သူတို့သားလေးဟာနိုးလာပြီးအိပ်ရာတွေသိမ်း အထုတ်အပိုးတြွေပင်တယ်
..............
အဲ့အချိန်မှာမုန့်ဖက်ထုပ်နံ့လေးဟာသင်းပျံ့ပြီးသူ့ရဲ့နာခေါင်းဝကိုရောက်လာတယ် သူ့စိတ်ထဲမှာအမေ့လက်ရာ မုန့်ဖက်ထုပ်ကိုသတိရသွားယင်း "ဘယ်အိမ်ကများစောစောစီးစီးမုန့်ဖက်ထုပ်လုပ်နေတာပါလိမ့် မွေးလိုက်တာ " လို့တွေးမိတယ်
.............
သူအခန်းထဲကထွက်လိုက်တော့ အဖိုးကြီးနဲ့အဖွားကြီးဟာ မုန့်ထည့်ထားတဲ့အိုးကြီးကို ၂ယောက်သားမထွက်လာတာနဲ့ လာဆုံနေတယ်
..............
အမေဖြစ်သူဟာ သူ့သားကိုတွေ့တော့ လာလာငါ့သား မုန့်တွေအခုပဲပေါင်းအိုးထဲကထုတ်လာတာပူပူနွေးနွေးလေး ဖြစ်နေတုန်းအရင်လာစားလိုက် ပြီးတော့မှ သွားတိုက် လို့ရပါတယ်
.. ........
အဖေဖြစ်သူကလည်း ဟုတ်တယ် ပူပူနွေးနွေးဖြစ်နေတုန်းလာစား မင်းအမေကမင်းကိုအရမ်းစားစေချင်နေတာ ဆိုပြီးမုန့်တွေပုဂံထဲထည့်ရင်းကမ်းပေးတယ်
.............
သူဟာ အငွေ.့တစ်ထောင်းထောင်းထနေတဲ့မုန့်ပုဂံ ကိုလှမ်းယူယင်း သူ့ရဲ့အဖေနဲ့အမေကို မယုံနိုင်တဲ့မျက်လုံးနဲ့လှမ်းကြည့်မိတယ်
ညက သူ အမေ့ကို ကျေနပ်သွားအောင်မြောက်ပြောလိုက်တဲ့ စကားလေးတစ်ခွန်းအတွက်နဲ့ အမေတို့ ဒီလောက်အထိအသဲအသန် ဖြစ်သွားလိမ့်မယ်လို့သူမထင်ထားခဲ့မိဘူး
အသက် ၆၀ ကျော် နေတဲ့ အဖေနဲ့အဖေ ဟာ
သူစားဖို့ မုန့်ဖက်ထုပ်ကို တစ်ညလုံးမအိပ်ပဲ လုပ်ကျွေးခဲ့ကြတယ်
...........
သူဟာ မုန့်ကို ပါးစပ်က ဝါးနေရင်းအဖေနဲ့အမေကို စိုက်ကြည့်ပြီး မျက်ရည်တွေ ပါးပြင်ပေါ် ဒလဟော စီးကျလာတော့တယ်
...... .....
----------
ဒီလောကမှာ ကိုယ့်ကို အသက်လောက်ချစ်ပါတယ် ဆိုတာ တကယ်တော့ ဘယ်သူတွေများလဲနော် ?
ကိုယ်ဟာဘယ်လောက်ပဲ လူလားမြောက် ကြီးပြင်း လာတယ်ဆိုဆိုမိဘတွေမျက်လုံးထဲမှာ သားသမီးဆိုတာချစ်စရာ ခလေးငယ်လေးတွေလိုပါပဲ ဘာမျော်လင့်ချက်မှ မထားပဲချစ်တာပါ
ဒီလိုအချစ်မျိုးကို တစ်ခြားဘယ်သူစိမ်းဆီက များရနိူင်အုန်းမှာတဲ့လည်း ?
**********
++++++++
Crd..
ချစ်ခြင်းအားဖြင့် Yin Tun Royal
Comments
Post a Comment