ေဩာ်... ဘဝဘဝ 

ကံအကျိုးပေးနည်းလာပြီဆို

ဘာလုပ်လုပ် အဆင်မပြေတော့ဘူး ။ 


စိတ်ညစ်လို့ လမ်းထိပ်က

ဓါတ်မီးတိုင်အောက်

တစ်ညလုံးသွားအိပ်နေတာ

မှောင်ရိပ်ခိုမှုနဲ့

ရဲဖမ်းခံလိုက်ရပါရောလား ။ 


အမေကပြောရှာတယ်

မင်းကွယ် ...

ဓါတ်မီးတိုင်အောက် အိပ်တာကို

မှောင်ရိပ်ခိုတယ် ဖြစ်ရသလားတဲ့ ။


မပြောပါတော့နဲ့ အမေရာ...

ကျုပ်အိပ်တဲ့ ဓါတ်တိုင်က

မီးပျက်သွားတာဗျ။


သူ့သားအဖြစ်လည်း ကြားရော...

အမေ့ခမျာ ယူကျုံးမရငိုလိုက်တာလေ 

စခန်းမှူးကိုလည်း တောင်းပန်ရှာတယ်။ 


ဆရာရယ်...

ကျွန်မအာမခံလည်း မလုပ်ပါဘူး ။ 

အချုပ်ထဲ ခေါ်ထားလို့ရသလောက်

ခေါ်ထားစမ်းပါ။

အိမ်မှာထားရတာ ဆန်ကုန်လို့တဲ့ ။ 


အမေက ကျုပ်ဆိုသိပ်ချစ်တာလေ ။ 

ဓါတ်တိုင်အောက်...

သွားအိပ်တယ်ဆိုတာကိုက

အမေနှင်ချလိုက်တာ ။ 


ကျုပ်အိပ်ခါစက မီးလာပါသေးတယ်။

မှေးခနဲ ခွေးသေဝက်သေ

အိပ်ပျော်နေတော့မှ မီးပျက်သွားတာ ။ 


"ဟေ့ကောင် ထစမ်း"ဆိုပြီး

လာလည်းနှိုးရော...

အမေစိတ်ဆိုးပြေလို့

လိုက်ခေါ်တယ်ထင်တာပေါ့။

ကုန်းကျုံးထကြည့်လိုက်တော့မှ

ရပ်ကွက်လူကြီးနဲ့ ရဲတွေ

ဖြစ်နေပါရောလား ။ 

 

"ဟာ၊ ဆရာတို့...

လှည့်ကင်းလား"ဆိုတော့

"မဟုတ်ဘူး။

အရက်ဆိုင်က ထလာတာ။

မင်းတွေ့လို့ အမှုလုပ်ရအောင်

ဝင်ခေါ်တာ"တဲ့။

ကြားလို့မှ ကောင်းကြသေးရဲ့လား ။ 


စခန်းမှာ သိပ်မကြာပါဘူး 

ထုံးစံအတိုင်း ဟိုမေးဒီမေးနဲ့

တစ်ပတ်လောက်နေရတာ ။ 

ဒါတောင် အမေစခန်းမှူးကို

လာဘ်ထိုးလိုက်လို့့

သုံးရက်ထပ်အိပ်လိုက်ရသေးတယ် ။ 

စုစုပေါင်း ဆယ်ရက်ပေါ့ ။ 


စခန်းမှူးကလည်း...

အမေနောက်တစ်ခါ

လာလာဘ်ထိုးတော့ ပြောတယ်။

"အစ်မ၊ ပိုက်ဆံပေးလည်း

ကျွန်တော် ဒီကောင့်ကို

ဆက်မထားနိူင်တော့ဘူး။

ကြာရင် တခြားအချုပ်သားတွေပါ

ပျက်စီးလိမ့်မယ်"တဲ့ ။ 

စောက်ကျိုးနဲ ငါပါလားပေါ့ ။ 


အမေကလည်း

ဝမ်းသာအားရ ပြောရှာတယ်။ 

"စခန်းမှူးရယ်...

နောက်တစ်ခါ အမှုလိုရင်

ကြုံရင် ကြုံသလို ဝင်ဖမ်းပါ။

ကျွန်မကိုယ်တိုင် ဂုတ်ဆွဲပြီး

စခန်းလိုက်ပို့ပါမယ်"ဆိုလား ။

လေပေးလေယူတွေ

ဖြောင့်နေလိုက်ကြတာ ။ 

လူချစ်လူခင်

ပေါပုံများ ပြောပါတယ် ။ 


ကျုပ်စဉ်စားတယ် ။

"ေဩာ် ... ဒီအတိုင်းဆက်နေရင်တော့ 

ငါ့ဘဝ ဆုံးဆုံးမြုပ်တော့မယ် ။ 

မဖြစ်ဘူး ပြင်မှဟ"လို့တွေးပြီး

ဗဟုသုတလေး ရှာမှီးရင်း

တည်တည်ငြိမ်ငြိမ်နေချင်လို့

ရှိစု, မရှိအမေ့ဆီက ဘတ်ထားတဲ့

ပိုက်ဆံနဲ့ ဖုန်းတစ်လုံး ဝယ်ကိုင်တယ် ။ 


ဖုန်းက ကိုးပတ် သတ်ဂျန်နရေးရှင်းပါ ။

နားရှုပ်သွားလား ။ 

ဖုန်းအသစ်မဝယ်နိူင်ရင်

စကန်းဝယ်ကိုင်ကြတယ်မို့လား ။ 

ကျုပ်ဝယ်တဲ့ဖုန်းက

စကန်းဝယ်ကိုင်တဲ့လူဆီက

ပြန်ဝယ်လိုက်တာကို ပြောတာ ။

အဲ့တော့ သတ်ဂျန်နရေးရှင်းပေါ့ ။

 

သက်ဂျန်နရေးရှင်းဆိုလို့

လျှော့မတွက်နဲ့။

ဖုန်းဝယ်တုန်းက 

နားကြပ်ပါတယ် ။ 

အားသွင်းကြိုးပါတယ် ။ 

ပါဝါဘန့်တောင် ပါသေးတယ် ။ 


နားကြပ်က သီချင်းနားထောင်ရင် 

နားကြပ်ထည့်ထားတဲ့ကျုပ်

ဘာမှ မကြားရဘူး ။ 

အဲ ... ပတ်ဝန်ကျင်မှ လူတွေကသာ

ကျုပ်ဘာသီချင်းဖွင့်ထားလဲဆိုတာ

လုံးစေ့ပတ်စေ့ အကုန်ကြားရတယ် ။

ဒီလို ကွာလတီကောင်းတာ ။ 


အားသွင်းကြိုးကတော့

ဖုန်းအားသွင်းချင်ရင် 

အားသွင်းကြိုးကို

ဖုန်းနဲ့ ပလပ်ပေါက်တပ်ပြီး

ပစၴားလို့ မရဘူး ။

အားမပြည့်မချင်း

လက်ကကိုင်ထားရတာ ။ 

အဲ .. ကိုယ်များ လက်ညောင်းလို့

နည်းနည်းလှုပ်လိုက်ရင် 

ရှိသမျှအား ကုန်ပြီသာမှတ် ။

ဒင်းက နည်းနည်းမှ

အတိမ်းအစောင်းမခံဘူးရယ် ။

အားကို ချော့သွင်းနေရတာ ။ 


ပါဝါဘန့်ကတော့ ကောင်းတယ် ။ 

ခုအားသွင်းထားလို့

အားအပြည့် ကျန်သေးတယ်။

( ၁၅ )မိနစ်လောက်နေလို့

ဖွင့်ကြည့်လိုက်ရင် ကုန်နေပြီ ။ 


မဆိုးပါဘူး။

ဖုန်းလေးကတော့

သုံးလို့ အဆင်ပြေတယ်။

ဖုန်းသုံးချင်လို့ ပါဝါဖွင့်ရင်

မနက်အစော ၅ နာရီလောက် ထဖွင့်ထား။

ညနေ ၄ နာရီထိုးရင် ပါဝါပွင့်ပြီ ။ 


ပါဝါပွင့်လို့ ဆဲဖီးဓာတ်ပုံ ရိုက်မယ်ဆိုရင် 

ဗိုက်ပါဆိုတဲ့ ဆော့ဝဲကို

အဆက်မပျက် ၁၀ ခါလောက်နှိပ်လိုက်။

နာရီဝက်လောက်နေရင် စ,ရိုက်လို့ရပြီ ။ 


ဒီနေရာမှာ ကျုပ်ဖုန်းရဲ့ အားသာချက်က

ဓါတ်ပုံရိုက်မယ်ဆိုရင် တခြားဖုန်းတွေလို

ကင်မရာခလုတ် နှိပ်စရာမလိုဘူး။

သူ့ဘာသူ အော်တိုနှိပ်နေတာ။ 

ကျုပ်က....

လက်နှစ်ချောင်းထောင်လိုက်

ပါးဖောင်လိုက် ပိုစ့်ပေးနေရုံပဲ ။ 

ပုံ ၅၀ လောက် သွသူဇွတ်ရိုက်ပစ်တာ ။ 

တားလို့လည်း မရဘူး ။

ဖလပ်မီးတွေ စွတ်ပွင့်ပြီး

တဖျပ်ဖျပ်ရိုက်နေတော့တာပဲ ။

ပိုစ့်သာ အမျိုးမျိုးပေးဖို့ပြင်ထား။ 


ဓါတ်ပုံရိုက်ပြီးလို့ ပြန်ကြည့်ချင်ရင်

မြူးဇစ်ဆိုတဲ့ ဆော့ဝဲထဲဝင်ကြည့်လိုက်ရုံပဲ ။ 

အင်း ... တခြားဖုန်းတွေလို

ဂယ်လာရီထဲ သွားဖွင့်ကြည့်ရင်တော့ 

ဖုန်းခေါ်တဲ့နေရာ ရောက်သွားရော ။ 


ဖုန်းခေါ်ချင်ရင်လည်း 

အစ စာလုံး ဇီးရိုးပဲနှိပ်လိုက်။

ကျန်တဲ့ နံပါတ်တွေကို

ဖုန်းက သွသူ သိတယ်။

ဂဏန်း ၁၆ လုံးလောက်ကို

သူ့အသိနဲ့သူ တန်းရိုက်ပစ်တာ ။

ဘယ်နိူင်ငံတွေ ရောက်လို့

ရောက်ကုန်မှန်းကို မသိတာ ။

တခါတုန်းကလဲ ပေါ်ချင်တဲ့

ဂဏန်းတွေ ပေါ်လာပြီး

သွသူ ဖုန်းခေါ်တာ။

စီးတီးFM ရေဒီယိုအစီအစဉ်ကို

ရောက်သွားလို့ စိုင်းစိုင်းခမ်းလှိုင်ရဲ

"ဝမ်းနည်းမှတ်တမ်း"သီချင်းတောင်

တောင်းလိုက်ရသေးတယ် ။ 


ကိုယ့်ဘက်က ဖုန်းခေါ်ထားရင်

ကိုယ်ဖုန်းချချင်တဲ့အချိန်

ဖုန်းချလို့မရဘူး ။

စခရင်မှာ ပေါ်နေတဲ့

အဖြူရောင်စပေါ့လေး

လျှောက်ပြေးနေတာကို ကြည့်ထား။

ဖုန်းချတဲ့ အနီရောင်အန့်ပေါ်

မရောက်မချင်း ဆုတောင်းနေရုံကလွဲလို့

ဘာမှ မတက်နိူင်ဘူးရယ် ။

တခါတေလဆို

တော်တော်နဲ့ဖုန်းမကျလို့

ရှိတဲ့ဘေကုန်မှ ပါဝါပိတ်သွားတာ။

ဘေမကုန်မချင်း ဖုန်းမကျဘူး။

သစ္စာရှိချက်များ ပြောပါတယ်


ကျုပ်ကိုယ်တိုင်သာ...

ဘယ်ဆင်းကဒ်က ဘေချေးရင် 

ဘယ်နံပါတ်တွေ ခေါ်ရတယ် မသိဘူး ။

ဖုန်းက အကုန်မှတ်မိတယ် ။

ဘေကုန်သွားရင် သွသူ တန်းချေးပစ်တာ ။ 


ဖုန်းကသာ ဟန်းနေတာ

ကြည့်လိုက်ရင် အစုတ်အတိုင်းပဲ ။ 

မှန်က စပိုက်တာကွက်လေး

ကွဲနေတာကလွဲရင်

ခလုတ်တစ်ခုမှ နှိပ်မရဘူး ။ 


ဒါနဲ့ ဖုန်းပြင်ဆိုင်သွားပြဖူးတယ်။

"သုံးရက်လောက်နေရင်

လာယူဆိုလို့ သွားယူတော့ 

ကျုပ်ဖုန်းကို ပြင်တဲ့လူ

ရူးချင်သလိုလိုဖြစ်လို့

အလုပ်ထုတ်ပစ်လိုက်ပြီ"တဲ့ ။


"ဒီဖုန်းကို...

ဘယ်တော့မှ လာမပြင်ပါနဲ့။

ဖြစ်နိူင်ရင် ဆိုင်ရှေ့ကတောင်

ဖြတ်မလျှောက်ပါနဲ့"လို့ပြောပြီး

နှင်လွှတ်လိုက်ပါရောလား ။ 


အခုအဲ့ဒီဖုန်း ပြန်ရောင်းလိုက်ပါပြီ ။ 

အထမ်းသည်ကုလား ဝယ်သွားတာ ။ 

စျေးလည်းရလိုက်တယ် ။ 

(၁၅၀၀) ပေးသွားတယ် ။


ဝယ်သွားတဲ့ကုလား

သုံးသေးလားလို့ မေးကြည့်တော့... 

"အိမ်မှာ ပါဝါဖွင့်ထားခဲ့တယ်။

ညနေပြန်မှ သိရမယ်"တဲ့ ။ 

အမယ် ... ဒါလေးမေးတာကို

ကုလားက မျက်နှာကြီးကို မည်းလို့ ... ။


🖊 ᶜʳᵉᵈⁱᵗ🖊

Comments

Popular posts from this blog

ချောတယ်လို့