ကျနော် နှင့် သည်းထိတ်ရင်ဖိုဇတ်လမ်း ....။ ။
ကျနော် Taxiကားမောင်းစဥ်ကဖြစ်သည် ။
တနေ့ ကားကို အမျိုးသမီးတယောက်
ငှားစီးပါတယ်။ သူငှားတဲ့နေရာက မြို့ပြင်။
အသွားအပြန် ဈေးတည့်လို့
သူမက ကားပေါ်ကို ရှေ့ခန်းက တက်ထိုင်ပါတယ်။
တန်ဖိုးကြီးရေမွှေးနံ့က သင်းပျံ့ပျံ့။
ညနေစောင်းချိန်မို့ကားကို ဂရုစိုက်မောင်းလာရာမှ
မြို့ပြင်ရောက်လာတော့ နေဝင်လုအချိန်။
သူမ ရပ်ခိုင်းသည့်နေရာ
ကားကို လမ်းဘေးချကာ ရပ်ပေးလိုက်သည်။
သူမသည် ချက်ခြင်း မဆင်းသေးဘဲ
သူ၏ခြေနင်းတွင် ချထားသော အိပ်ကိုဖွင့်ကာ
လည်ရှည်တောစီးဖိနပ်ကို
ထုတ်လိုက်ပြီး ဝတ်ဆင်ကာ...
"ကားဆရာ ခဏနော်
နာရီဝက်ထက် ပိုမကြာပါဘူး"
ပြောပြောဆိုဆို ကားပေါ်ကဆင်းပြီးသူမသွားရာ လှမ်းကြည့်လိုက်တော့
ခြံကကျယ်ဝန်းပြီး ခြံတံခါးမကြီးမှာ
ခြုံ နွယ်များပင် ပိတ်ဖုံးထား သကဲ့
သူမသည် လူဝင်ပေါက်တခါးကို အသာတွန်းကာ အောက်ခြေမျက်ပင်ရှည်များကို နင်း၍
ခြံထဲ ဝင်သွားပါတော့သည်။
ကျွန်တော် အောင့်မေ့မိသည်ဒီအမျိုးသမီး
မကြောက်မရွံ့ခြံထဲ လှမ်းကြည့်လိုက်တော့
ခပ်ဝေးဝေးမှာ နှစ်ထပ်အိမ်အိုကြီး တစ်လုံး
အောက်ပိုင်းကို မမြင်ရပေ။
အပေါ်ပိုင်းကိုသာ မြင်ရလေသည်။
ရေနံမဲနေအောင်သုပ်ထားသော ရှေးအိမ်ကြီးပါ။
ကားပေါ်မှာ တယောက်ထဲထိုင်ကာ သူမ
ကိုစောင့်နေရအုံးမည်။ ကျောချမ်းပေစွ။
အဘယ့်ကြောင့်ဆိုသော်
ကျွန်တော့ကားရပ်ထားသောနေရာကား
သစ်ပင်ကြီးများက အုံ့အုံ့ဆိုင်းဆိုင်း။
နေကလည်းဝင်နေပြီမို့
အမှောင်ထုကကြီးဆိုးလာသည်
တော်ပါသေးသည် လမ်းမပေါ်မှာ
ကားအချို့တလေ ဖြတ်မောင်း နေကြသည်မို့။
နာရီဝက် ခန့်ကြာသောအခါ....
သူမ ဝင်သွားသောခြံထဲမှ
"အား" ကနဲအော်သံ ၊တဝုတ်ဝုတ် ခွေးအော်သံ
ကိန် ကိန်ဟူ၍ ခွေးအော်ပြီး
ထွက်ပြေးသံ တို့ကို ကြားလိုက်မိသည်။
သူမကိုများ ခွေးကိုက်၍ "အား"
ဟုအော်လိုက်လေသလား???
သူမက ခွေးကိုရိုက်လိုက်၍
ခွေးကအော်ပြီး ထွက်ပြေးလေသလား???
ကျွန်တော် မသိချေ ။ ပတ်ဝန်းကျင်ကတော့ပိုပြီးတိတ်ဆိတ်မဲမှောင်သွားသလိုလို...
အသံထပ်ကြားရလေမလား နားကိုစွင့်နေမိသည်။
ဘာသံမှ ထပ်မကြားရတော့။
ကျွန်တော် ကျောချမ်းမိသည်ကား အမှန်ပင်။
သူမအပေါ်စိုးရိမ်စိတ်ဖြစ်ပေါ်လာသည် ကို
ဖေါ့ပြစ်လိုက်သည်။သူမ ဝင်သွားသည့် ဤခြံသည်
လူသူမရှိဘဲ နဲ့ သူမ ဝင်မည် မဟုတ်ခြေ။
ကျွန်တော် တံခါးလော့တွေအကုန်ချ လိုက်မိသည်။
ဖုန်းကို အာရုံပြု့၍တက်လာသော နိုင်ငံရေး Postတွေကို ဖတ်နေလိုက်သည်။
တဖက်နဲ့တဖက် အမှားတွေမကြိုက်မနှစ်သက်တာတွေကို အပြိုင်အဆိုင် မန့်နေကြသည်။
ထိုမန့်များကို ဖတ်ပြီး
ငယ်ငယ်က ဖတ်ခဲ့ဘူးသော
" ခြေကျိူး " နှင့် " မျက်ကန်း "
တို့အကြောင်း သတိရသွား မိတော့သည်။
မျက်ကန်းကခြေလက်သန်သည်
ခြေကျိူးက မျက်စေ့မြင်သည်။
သူတို့နှစ်ယောက်မှာမျက်ကန်းက စပြောသည် ။
ဒီအနီးအနားက ရွာမှာ
အသံချဲ့စက်သံ ကြားတယ်။
အလှူ ကြီးပေးနေတာဖြစ်မယ်
မင့်နဲ့ငါ အဲဒီရွာ အရောက်သွားနိုင်ရင်
ထမင်း ကောင်းကောင်းစား ရမယ်တဲ့။
ခြေကျိူးက ပြန်ပြောတယ်။
""မင့်မျက်စေ့က ကန်းနေတာ
မမြင်ရဘဲ ဘယ်လိုသွားမလဲ"" တဲ့ !!
မျက်ကန်းကလည်း အားကျမခံပြန်ပြောပြန်တယ်။
""မင်းလည်း ခြေကျိူးနေတာငါမှမဟုတ်
မင်းလည်း မသွား နိုင်ပါဘူး"" တဲ့။
တယောက်အားနည်းချက်
တယောက် အပြိုင်ပြောနေစဉ်...!
အဖိုးအိုတယောက်က ခရီးသွား ရင်း သူတို့နှစ်ယောက်ပြောဆို နေတာကို ကြားလို့
သူတို့အနား ခဏဝင်နားကာ ခုလိုပြောသတဲ့ ။
""မောင်ရင်တို့ တယောက်အားနည်းချက်ကို
တယောက်ကထောက်ပြ အပြစ်ဖို့နေမဲ့အစား-
နှစ်ယောက်ပေါင်းပြီးတယောက်လိုအပ်ချက်ကို
တယောက်က ဖြည့်စည်းကူညီ၍ ပူးပေါင်းသွားရင်
လိုရာခရီး ရောက်လောက်ပြီ"" ဆိုတဲ့
အဖိုးအိုစကားကြားရမှ
မျက်ကန်းက ခြေကျိူးကိုပခုန်းနဲ့ထမ်းပြီး
ခြေကျိူးက မျက်စေ့နဲ့ကြည့်ကာ
ဘယ်ချိူး ညာချိူး လမ်းညွှန် သည်လိုနဲ့ လိုရာခရီးရောက်ခဲ့သတဲ့။ ။ ။
တယောက်နဲ့တယောက် တဖက်နဲ့တဖက်
အားနည်းချက်ကို အပြစ်ဖို့နေမဲ့ အစား ၊
လိုအပ်ချက်ကို ပူးပေါင်းကူညီကြပြီး ရည်မှန်းချက် ခရီးကို လျှောက်လှမ်းကြရင်
ခရီးအတော် ပေါက်လောက်ပြီပေါ့ "! ဟူ၍
စဉ်းစားတွေးနေစဉ်.....
ခြံထဲမှ သူမက တောစီးဖိနပ်ကို ခပ်ပြင်းပြင်း ခပ်သွက်သွက်နင်းပြီး ထွက်လာနေသံ ကြားလိုက်လို့ ခြံပေါက်ကို လှမ်းကြည့် လိုက်တော့...
ကျွန်တော့စိတ်မှာ ဇဝေဇဝါဖြစ်သွားမိတယ်။
ဝင်သွားတုန်းကနှင့် မတူ ဆံပင်က ဖရိုဖရဲ
မှောင်နေလို့ စိတ်ကထင်မိလေသလားလို့
သေချာကြည့်လိုက်စဉ်
သူမက ခြံတခါးကိုပြန်ပိတ်ပြီး ကားဆီလာနေရင်း
ဖရိုဖရဲဖြစ်နေသော ဆံပင်ကို ပြန်သပ်တင်လိုက်မှ
သူမဆိုတာ သေချာသွားတော့တယ်။
ဒီအခါမှ လော့ချထားတဲ့တံခါးကို
သူမ တက်ဖို့ဖွင့်ပေးလိုက်တယ်။
သူမက ကားကို တခါးဖွင့်ပြီး
ရှေ့ခန်းကဘဲတက်ကာ
""မကြာပါဘူးနော် ""တဲ့။
""ဟုတ်တယ် "လို့အလိုက်သင့် ပြန်ပြောလိုက်ပြီး..
ကားကို လာလမ်းပြန်ကွေ့ကာ
ခပ်မှန်မှန် မောင်းလာခဲ့တော့တယ်။ ။
ကားကိုမောင်းလာရင်း
သူမဆီက အလာတုန်းကရတဲ့
ခပ်သင်းသင်းရေမွှေးနံ့ပျောက်ပြီး ညှီစို့စို့အနံ့ကို ခံစားလိုက်ရတယ်။
တောစီးဖိနပ်နဲ့ သေနေတဲ့အကောင်တကောင်ကိုများ
နင်းမိလာသလား။ ဒါဆိုလည်း ပုတ်ဆော်နံရမယ်။
အခုနံတာက သွေးစိမ်းညှီနံ့ ဖြစ်နေတယ်။
ဟိုဒီစဥ်းစားမိရင်းက
ကျွန်တော် ဒီအနံ့ကို ကြာရှည် မခံနိုင်တော့၍..
"" အဲယားကွန်း .ပိတ်ပြီး မှန်တွေဖွင့်လိုက်မယ်နော်""
လို့ ပြောလိုက်တော့..
"ကောင်းတယ် အပြင်လေကပိုကောင်းတာပေါ့" တဲ့။
ဒါနဲ့ မှန်တွေချ လိုက်ပြီး
AC ကို ပိတ်လိုက်မှ အနံ့သက်သာ သွားတော့တယ် ။
တဖြေးဖြေး မောင်းလာလိုက်တာစည်ကားတဲ့နေရာ ရောက်လာမှသူမကို မေးလိုက်တယ်။
ငှားတဲ့နေရာကိုဘဲ ပို့ပေးရမလား လို့ဆိုတော့
သူမက"" ဟုတ်တယ်"" တဲ့။
ကျွန်တော်လည်း ဘာမှဆက်မပြောတော့ဘဲ
ကားကိုဘဲအာရုံစိုက်ကာ မောင်းပြီး
ငှားတဲ့နေရာပြန်ရောက်တော့--ရပ်ပေးလိုက်တယ်။
သူမ က ကားခထုတ်ပေးရင်း..
""နောက်တခါသွားအုန်းမှာ
လိုက်မယ်ဆိုရင် ဖုန်းနံပါတ်ပေး
သွားမဲ့ရက် ဖုန်းဆက်လိုက်မယ်""တဲ့။
ကျွန်တော်လည်း ဖုန်းနံပါတ်ပေး
လိုက်ပါတယ် ။. ။
တပတ်အကြာမှာ ...!
ညနေစောင်းချိန်ပါဘဲ
အရင်ငှားတဲ့နေရာမှာလာခေါ်ဖို့ သူမဖုန်းဝင်လာလို့
ကျနော်သွားခေါ်ခဲ့တယ်... !!
သူမ ကားပေါ်ရောက်တာနဲ့ ခုလိုပြောတယ်။
"အရေးမကြီးဘူး။ ကားကိုမှန်မှန်ဘဲမောင်းပါ"တဲ့။
ကျွန်တော်လည်းကားကို
မှန်မှန်ဘဲမောင်းလာခဲ့ရင်း တွေးနေမိတယ်။
မိန်းခလေးတယောက်ထဲ
ဘာ့ကြောင့် ဒီအချိန်မှ ရွေးပြီး သွားတာလဲ??
ရိုးမှ ရိုးသားရဲ့လား??
တော်ကြာ ကိုယ်ပါ အမှု့ပတ်နေအုံးမယ်။
အဲသလို တောင်တွေးမြောက်တွေးနဲ့
မြို့ပြင်လည်းရောက် နေလည်းဝင်ပါရော
မောင်းလာလိုက်တာ ခြံရှေ့ရောက်တော့
အတော်လေးမှောင်နေပြီ။
ဖုန်းမီးတောင်မထွန်းဘဲ
သတ္တိခဲမက အရင်တခါလို
တောစီးဖိနပ်စီးပြီး လူဝင်ပေါက်က
ဝင်သွားပါတော့တယ်။
သူဝင်သွားပြီး အရင်တခေါက်ကလို အသံ
တွေကြားရမလား နားစွင့်ပေမဲ့
ဘာသံမှကို မကြားရပေ။
လေတိုက်၍ သစ်ရွက်လှုပ်သံမှ တပါး
ပကတိ တိတ်ဆိတ်လျှက် ။
ကျွန်တော်--ကားကို လော့ချကာ အဲယားကွန်း နဲ့
Fb သုံးနေရင်းစောင့်နေလိုက်တော့သည်။
နာရီဝက်ခန့်အကြာမှာပါပဲ...
ခြံထဲမှခွေးအူသံကြားလိုက်ရသည်။
စိတ်ခြောက်ခြားဖွယ် ....!
ကျွန်တော်ခြံပေါက်ကို သူမ လာနေပြီလား ??အကြည့်...
သူမကို မတွေ့ရဘဲ နီရဲနေတဲ့ မျက်လုံးတစုံ။
ဘာကောင်မှန်း မသိ။
လန့်ပြီး မျက်နာလွှဲလိုက်သည်။
ခဏအကြာ မဝံ့မရဲ ခြံပေါက်ကို
ပြန်ကြည့်လိုက်တော့ သူမကခြံအပြင်ရောက်ရုံမက ကားအနားဆီကို လာနေတော့သည်။
အရင်အခေါက်ကထက် ပို၍ ဆံပင်က ဖရိုဖရဲ ။
အရင်အခေါက်ကလို
မျက်နာပေါ်ကျနေတဲ့ဆံပင်ရှည်ကို ပြန်သပ်မတင်။
ကားတံခါးကိုဖွင့်ပြီး ရှေ့ခန်းဝင်ထိုင်ကာ အားမရှိတဲ့လေသံဖြင့်ရပြီ" မောင်းတဲ့ ဆိုကာ...
တောစီးဖိနပ်ကိုတောင်မချွတ်ကားထိုင်ခုံကို မှီကာ မျက်နာကို ကျွန်တော့ဖက်လှဲ၍
မှိန်းလိုက်လာတော့သည်။
သူမကိုအကဲခတ်ရသည်မှာ
မောပမ်း နွမ်းနယ်နေ သရောင်ရောင်။
ကျွန်တော့စိတ်မှာ ပဟေဠိများစွာနှင့်အတူ
ကြောက်စိတ်က ကားမောင်းရင်းကြီးစိုးလျှက်။
သူမ မဆင်းမည့်နေရာအရောက်မှာ မနှိုးရပါဘဲ
သူမ နိုးလာခဲ့သည်။
တောစီးဖိနပ်ကို ချွတ်၍ အိပ်ထဲပြန်ထဲ့ရင်းက
""နောက် သွားမဲ့ရက် ဖုန်းဆက်လိုက်မယ်နော်"" တဲ့။ကားခကိုလည်း ထုတ်ပေးတယ်။
သူမကို ကြည့်ရတာဆင်းခါနီးမှာ အေးဆေးပါဘဲ။
သူမဆင်းသွားအပြီးအပြန်လမ်းတလျှောက်
ကျွန်တော့မှာ အတွေးများစွာ ....
ဒီတခါ သူမ ကားငှားလျှင် ဘာတွေများလဲလို့
သူမကို မေးဖြစ်အောင် မေးမည်ဟူ၍ ...!
မေးလို့ ကားငှားမစီးလည်းနေပါစေတော့။
စိုးတထိတ်ထိတ်နဲ့ရသောငွေမလိုချင်တော့ပေ။
နောက်သုံးရက်အကြာ....!
သူမဆီက ဖုန်းဝင်လာသည်။
ထိုအချိန် ကျွန်တော်က အိမ်ပြန်ရောက်နေသည်။
ထုံးစံအတိုင်း နေဝင်လုအချိန်။
ကျွန်တော် သူမကိုပြောလိုက်သည်။
""အမျိူးသမီးကို ခေါ်လာလို့ ရမလား??""ဟူ၍
""ခေါ်ခဲ့လေ
အဖေါ်တောင်ရသေးပိုကောင်းတာပေါ့"" တဲ့။
ကျွန်တော်လည်း ဝမ်းသာ
စိတ်ပေါ့စွာ အမျိူးသမီးနှင့်အတူ
သူမကို သွားခေါ်၍ ခြံကြီးဆီသို့
သွားနေကျ နေဝင်ချိန်လေးမှာ ခပ်မှန်မှန်
မောင်းနှင် လိုက်တော့သည်။
မောင်းလာစဉ် လမ်းတလျှောက်
ကျွန်တော်တို့သုံးယောက် စကားမပြောဖြစ်ချေ ။
ခြံနားရောက်လုအချိန်ူမသည် ထုံးစံအတိုင်း
တောစီးဖိနပ်ကို စီးတော့သည်။
သူမ၏ လှုပ်ရှားပုံတို့ကို
နောက်ထိုင်ခုံမှ ထိုင်လိုက်လာသော
ကျွန်တော့အမျိုးသမီးက
အကဲခတ် ကြည့်နေမည်မှာ မလွဲချေ ။
ခြံရှေ့ရောက်ပြီဆိုတာနဲ့လမ်းဘေးချကာ
ရပ်နေကျနေရာမှာ ရပ်ပေးလိုက်သည်။
ဒီအခါ သူမသည် ကားပေါ်မှခပ်မြန်မြန် ဆင်းကာ
ခြံတံခါးဝသို့ ပြေးသွား၍
မှောင်မဲနေသော ခြံထဲကို ဝင်သွားတော့သည်။
ထိုအခါမှ ကျွန်တော့်အမျိုးသမီးက
ကျွန်တော့ပခုန်းကို ပုတ်ခါ
""အကိုရေ ဒီမိန်းမကြောက်တရားမရှိဘဲ
မှောင်မဲနေတဲ့ဒီခြံကို ဘာ လာလာလုပ်ရတာလဲ ??
မသိဘူးနော်! ""အကိုမကြောက်ဘူးလား??.
ကျမတော့ ကြောက်တယ်။
အဲ့ဒီအမျိုးသမီး ကြည့်ရတာ မူမမှန်တဲ့ပုံပဲ။
ဒီအခေါက်ရောဆို ဘယ်နှစ်ခေါက်မြောက်လဲ?? ""
""သုံးခေါက် ရှိပြီ။ကားဆွဲရတာ သိပ်မကောင်းတော့ရတဲ့အော်ဒါ လိုက်ရတာဘဲ။
နောက်တခါခေါ်ရင် မလိုက်တော့ဘူး... "
""မလိုက်ပါနဲ့ အကိုရယ်
ဘာမှန်းမသိ အန္တရာယ်များပါတယ်။ ရှင်တို့ရှာတာစားရတာ မျိူတောင်မကျခြင်တော့ဘူး။ ""
ထိုသို့ နှစ်ယောက်သား စကားပြောနေစဉ်
ခြံဝင်းထဲမှ ပြေးလာသံတွေ ကြားရလေသည်။
နှစ်ယောက်သား ခြံဝင်းတံခါးဆီ
ပြိုင်တူ လှမ်းကြည့်ရင်းက
""သုံးလေးယောက် ပြေးလွှားနေတဲ့အသံ
အကိုရေ တယောက်ထဲရဲ့အသံမဟုတ်ဘူး...""
""အေး ဟုတ်တယ်ဟ
အကိုလည်း အဲလိုဘဲထင်တယ်....""
ထိုစဉ် ခြံဝင်းပေါက်ကို တအားတွန်းဖွင့်ပြီး
သူမက ကားဆီကို ပြေးလာတော့သည်။
သူမနောက်မှာ လှမ်းကြည့်တော့
ဘယ်သူမှ ပါလာတာမတွေ့ ။
ကျွန်တော် တံခါးလော့ကိုအမြန် ဖွင့်ပေးလိုက်တယ်။
သူမ ကားပေါ်အမြန်တက်ကာ
မြန်မြန်မောင်း မြန်မြန်မောင်းဟူ၍ပြောဆိုခြင်းကြောင့် ကားကို လာလမ်းအမြန်ကွေ့ကာ
ခပ်မြန်မြန် မောင်းလိုက်တော့သည်။
ထိုသို့ မောင်းနေစဉ်
သူမကိုစောင်းငဲ့ကြည့်လိုက်တော့ပါးမှာ
အစင်းရာများနှုတ်ခန်းမှာလည်း သွေးစသွေးန။
ဒီတခေါက်တော့ မေးမယ်လို့
ဆုံးဖြတ်ထားသည့်အတိုင်း
ကျွန်တော် သူမကို စကားစလိုက်သည်။
""အမကြီး ဘာများဖြစ်လာတာလဲ ??
ပါးမှာလဲ အစင်းရာတွေနှုတ်ခန်းမှာလည်း
သွေးစထင်တယ်။ သုတ်လိုက်ပါအုန်း။ ""
သည်အခါမှ သူမသည်
ကပြာကယာ တစ်ရှူး ထုတ်ကာသုတ်တော့သည်။
မလုံမလဲဖြစ်နေသော သူမကို
ကျွန်တော် ဆက်မေးလိုက်သည်။
""ဒီခြံကို နေဝင်ချိန် မှောင်ချိန်ရွေးပြီး
မကြာခဏ လာနေတာ
အကြောင်းတစ်ခု ရှိလို့ဆိုတာတော့ သိပါတယ်။
အကြောင်းရင်းလေးကို သိခွင့်ရမလား?? ပဟေဠိဖြစ်နေလို့ပါ။မှန်တာပြောရရင်
အမကို သံသယစိတ်နဲ့ စိုးရိမ်စိတ်လည်းဖြစ်မိလို့ပါ။
လုံးဝပြောလို့မရရင်လည်း
မပြောပါနဲ့။ကိစ္စမရှိပါဘူး...""
သူမသည် ကျွန်တော့ကိုတလှဲ့နောက်ခုံတွင်ထိုင်လိုက်လာသော ကျွန်တော့်အမျိုးသမီးဖက်ကိုပါ
လည်ပြန်ကြည့်ကာ
""ကျမလေ ရင်ဖွင့်ခြင်ပါတယ်။
အကြောင်းစုံကို ပြောပြပါ့မယ်။
သူတို့ကိုလည်း ကျေးဇူးတင်မိပါတယ်။ ""
""ဘာ့ကြောင့်လည်းဆိုတော့
အရင်အခေါက်တွေမှာ မစပ်စုဘဲ
သုံးခေါက်မြောက်မှ ပွင့်လင်းစွာ ခုလိုမေးလို့ပါ။ ""
သူမ ပြောပုံက
အရင်ခေါက်တွေက မေးမိရင် ပြောမဲ့ပုံမမြင်ပေ။
သူမက သူပြောပြသော
သူမအကြောင်းကို ဘယ်သူ့မှ ပြန်မပြောဖို့
"ကတိ " တောင်းလေသည်။
ကျွန်တော်လည်း ကတိပေးလိုက်ပါသည်။
သူမ ပြောပြနေချိန် နားထောင်နေသော
ကျွန်တော့်မှာ ရင်တလှပ်လှပ်ဖြင့်
သနားခြင်း၊
အံ့သြခြင်း
စိတ်မကောင်းခြင်း၊
စိုးရိမ်ခြင်း၊
ကြောက်ရွှံခြင်း၊ တို့များစွာ
ခံစားလိုက်ရပေတော့လေ သည် ။ ။ ။
( ပြီးပါပြီ ။😀😃 😄😁 😆😅😂 )
( ကျွန်တော်၏ ဂတိပေးထားမိခြင်းကြောင့်
သူမပြောပြသည်များကို
ပြန်လည်မပြောပြနိူင်သည်ကိုတော့
နားလည်ကြဖို့ တောင်းပန်လိုက်ပါသည် ။။။) 😀😃😄😁 😆😅😂
Credit :::Original Writer
Myo Hein !!!
Comments
Post a Comment