“မြေထဲမှာနေခွင့်ပေးပါ”
ကျွန်တော်အေးအေးချမ်းချမ်းနေချင်တာ။ မြေထဲ နေရမလား။ ရေထဲ နေရမလား။ အင်္ဂတေများကြား ပေါ်တစ်ဝက်မြှုပ်တစ်ဝက် ဖြစ်နေမလား။ အဆင်ပြေပါတယ်။ အဓိကကတော့ ကျွန်တော်ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်ဘူး။ အဖေါ်မလိုပါဘူး။ အေးချမ်းခွင့်လေးရမယ်ဆို အဆင်ပြေပါတယ်။
တစ်ခါတလေ လိုချင်တိုင်းမဖြစ်ပါဘူး။ ကျွန်တော့်ကို လှတယ်ထင်ပြီး လူတစ်ယောက်က ဆောင်ယူခဲ့တယ်။ အဲ့နောက်တော့ အဆင်ပြေသလို ပစ်ထားပြန်တယ်။ ကလေးတွေကတွေ့တော့ ပစ်ဟယ်ပေါက်ဟယ် ဆော့ကြတယ်။ ကျွန်တော့်မှာ ဒဏ်ရာတွေနဲ့ ဖြစ်ခဲ့ရပြီ။ ရပါတယ်။ ကျွန်တော့်ကြောင့်သူတစ်ပါးပျော်ကြရတယ်ဆို အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒဏ်ရာတွေကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်လာတော့ ကျွန်တော့်ကို မလိုချင်ကြတော့။ မမြင်ကွယ်ရာ အဝေးဆီ စွန့်ပယ်ခဲ့ကြတယ်လေ။ သူတို့တွေစွန့်ပယ်ခဲ့တာက လမ်းဘေးမှာ။ ရပါတယ်။ အေးချမ်းမှုအပြည့် မဟုတ်ပေမဲ့ အနှောက်အယှက်ကင်းပါတယ်။ အချိန်တစ်ခု အရွေ့မှာတော့ အဆင်မပြေခဲ့ဘူး။ ခြေထောက်အငြိမ်မနေသူတို့ကြောင့် လမ်းဘေးကတစ်ဆင့် လမ်းပေါ်ရောက်ခဲ့တယ်။
ကျွန်တော့်မှာ ကိုယ်ပိုင်ရွေ့လျားမှု မရှိခဲ့ဘူး။ မြေထဲမှာနေတယ်။ တိုက်စားတဲ့ရေကြောင့် ကမ်းပါးကိုရောက်။ အလှကြိုက်တဲ့လူကြောင့် လူနေအိမ်ကိုရောက်။ ဆော့တဲ့ကလေးကြောင့် ရုပ်ပျက်ပြီး လမ်းဘေးရောက်ရတယ်။ ခုတော့ ခြေမငြိမ်တဲ့ လူပေါ့သွမ်းတွေကြောင့် လမ်းပေါ်ရောက်ရပြီ။ ကိုယ်တိုင်ရောက်အောင်လာခြင်းမဟုတ်ပေမဲ့ ခုတော့ လမ်းမထက်မှာ။ ကျွန်တော်မျှော်လင့်နေတာက မြေကြီးထဲထိ ပြန်မရောက်ရဘူးဆိုရင်လည်း အနည်းဆုံး လမ်းဘေးလေးတော့ ပြန်သွားချင်တယ်။ ခုတော့ဗျာ။ ကျွန်တော့ကို မြင်သမျှလူတွေက ရှောင်သွားကြတယ်။ မရွှေ့ပေးခဲ့ဘူး။
ခြေထောက်တွေက ခွကျော်သွားတယ်။ ဆိုင်ကယ်တွေက ကွေ့ရှောင်သွားတယ်။ စက်ဘီးတွေက ကပ်ပွတ်သွားတယ်။ ကားတွေကတော့ မြင်ပုံတောင် မပေါ်ပါဘူး။ မရွှေ့နိုင်တဲ့ကျွန်တော် စိတ်ပူမိတယ်။ စိုးရိမ်လာတယ်။ မထင်မှတ်တဲ့ ဒုက္ခတစ်ချို့။ ကိုယ်တိုင်မဖန်တီးခဲ့ပေမဲ့ ကိုယ့်ကြောင့်ဒုက္ခရောက်ကြမှာကို ပူနေမိတယ်ဗျာ။
ကျွန်တော်အကြောက်ဆုံးနေ့ကို ရောက်လာခဲ့ပါပြီ။ အသက်ကြီးနေတဲ့ လူကြီးတစ်ယောက်။ အသက်ငါးဆယ်ကျော်ရောပေါ့။ အဝတ်က ခပ်နွမ်းနွမ်း။ အနည်းငယ် ပျာနေသလိုပဲ။ ဆိုင်ကယ်အစုတ်လေးစီးလာတာ။ သူ့မှာလည်း သူ့အပူနှင်သူထင်ပါ့။ ကျွန်တော့်ကို သူမမြင်ဘူး။ တစ်ဖက်က ထင်သလိုမောင်းလာတဲ့ လူငယ်လေးတွေကြောင့် အလန့်တကြားနဲ့ ရှောင်လိုက်တာ ကျွန်တော့်ကို ဝင်တိုက်မိပါရောဗျာ။ ‘ဝုန်း’ဆိုတဲ့ အသံ။ မြေပြင်ပေါ်မှာပက်လက်။ ခေါင်းမှာက သွေးတစ်ချို့။ ကိုယ်ကလည်း ပွန်းပဲ့သွားပြီ။ ဘယ်လောက်နာကျင်နေသလဲ ဝင်မခံစားနိုင်ပေမဲ့ သူအတော်နာကျင်နေလောက်တယ်။ မထနိုင်လောက်အောင် နာကျင်နေရှာတာ။ ပတ်ဝန်းကျင်ကရောက်ခဲ့ပြီး အဖြစ်အပျက်ကို စုံစမ်းကြတယ်။ မြင်လိုက်သူတစ်ချို့ရဲ့ပြောစကားနဲ့ သုံးသပ်ချက်တစ်ခုကြားရတယ်။
“အဲ့ကျောက်ခဲကို တိုက်မိပြီး လှဲသွားတာ”
“@#$#@$ ကျောခဲ” တဲ့ဗျာ။ သူတို့တွေ ဆဲရေးကြတယ်။
ကျွန်တော်အော်ပြောလိုက်ချင်တာ။
“လမ်းပေါ်ကို ကျွန်တော်လာခဲ့တာမဟုတ်ရပါဘူး”
“မြေကြီးထဲမှာ ပျော်နေချင်ခဲ့တာပါ”
“ခင်ဗျားတို့ပဲ . . . . . . ခင်ဗျားတို့ပဲ . . . “
Crd
(A Kwar)

Comments
Post a Comment