တစ်ရက်မှာ ရွာထဲက ဖိုးဇော်ဆိုတဲ့ကောင်လေးတစ်ယောက် ကျနော့ဆိုင်မှာဈေးလာဝယ်ရင်းနဲ့...
" ဦးရွှေညာ ဈေးဆိုင်က စုံတော့စုံပါတယ်ဗျာ၊ဒါပေမယ့် ရောင်းကောင်းမဲ့ပစ္စည်းတခုတော့လိုနေသလိုဘဲ "
" ဘာပစ္စည်းလဲ ဖိုးဇော်ရ ၊ အကြံလေး..ဘာလေးပေးခဲ့ပါအုံး "
" ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး ဦးလေးရာ ၊ ဘီယာလေ...ဘီယာ "
" ဟာ... အဲ့ဒါတော့ မဖြစ်ပါဘူးကွာ ၊ဒီအရွယ်ကြီးရောက်မှအဖမ်းမခံပါရစေနဲ့၊ နောက်ပြီးငါကဘုန်းကြီးလူထွက်လေကွာ၊ မသင့်တော်ပါဘူးဖိုးဇော်ရာ "
" ဦးရွှေညာကလဲဗျာ ဘယ်ရဲမှလာမဖမ်းဘူး၊စီးပွားဖြစ်ကြီးကြီးကျယ်ကျယ်ရောင်းတာမှ မဟုတ်တာ ... အခုဆို ပိန္နဲကုန်းသွားပြီး ဘီယာဝယ်မလို့ဗျ၊ ကိုယ့်ရွာမှာမရှိတော့ ဘေးရွာသွားဝယ်ရတာအဆင်မပြေဘူး၊ ဆိုင်ကယ်ဆီဖိုးက ကုန်သေးတယ် "
" အင်း...ဟုတ်တော့ဟုတ်တာပေါ့ကွာ၊ ငါရောင်းလို့ ရွာက ကလေးတွေပျက်စီးရတယ်ဆိုတာမျိုးတော့ အဖြစ်မခံနိုင်ပါဘူးကွာ "
"ဟာဗျာ..ဦးရွှေညာကလဲ... ဘီယာသောက်တာ ပျက်စီးတာမှမဟုတ်တာ ၊ တစ်ရွာလုံးသောက်နေကြတာဘဲ။ ဦးလေးကိုတောင်ကျေးဇူးတင်ကြအုံးမှာ အခြားရွာ သွားမဝယ်ရတော့လို့ "
" အေးလေ.... ငါစဥ်းစားလိုက်ပါအုံးမယ် "
" သွားပြီနော်...ဦးလေး ၊ တင်ဖြစ်အောင် တင်ထားလိုက်၊ ရွာထဲလည်းပြောပြထားလိုက်မယ် "
ဒီလိုနဲ့ ကျနော် ဘီယာရောင်းဖြစ်သွားခဲ့တယ်ဆိုပါတော့ဗျာ။
ပထမ ဘီယာ ၅ ဖာတင်ထားလိုက်တယ်။
အောင်မယ်.... အရောင်းသွက်တယ်ဗျ။ဘီယာ ၅ဖာတပတ်လောက်နဲ့ကုန်သွားတယ်။ရေရှည်ရောင်းရင်တော့သူဋ္ဌေးဖြစ်နိုင်တယ်။ဒါပေမယ့် ကျနော်ဝမ်းမသာပါဘူး။ဘာလို့လဲဆိုတော့...
ဘီယာဘဲပြောပြော အရက်ဘဲပြောပြော ရောင်းသူရော....ဝယ်သူရော...ငါပါးသီလထဲက သုရာမေဓာယဆိုတဲ့သိက္ခာပုဒ်ကိုကျူးလွန်တာဘဲမဟုတ်လား။
ဒီတော့ဘုရားက မကောင်းလို့ ပညတ်ထားခဲ့တဲ့သိက္ခာပုဒ်ကို ဘယ်သူတွေဘယ်လို မထိမ်းသိမ်း ထိမ်းသိမ်း ကျနော်ကတော့ထိမ်းသိမ်းမယ်လို့စဥ်းစားထားတယ်။ငါးပါးသီလကိုခါးဝတ်ပုဆိုးလို တသက်လုံးမြဲလာခဲ့တာ။ဒီလောက်စီးပွားနဲ့တော့ ငရဲနဲ့မလဲနိုင်ဘူး။
နောက်ပြီးကျနော့်လိုဘုန်းကြီးလူထွက်တစ်ယောက်က ဘီယာရောင်းစားတယ်ဆိုတာ လူကြားလို့မှ မတော်ပေဘူးဗျာ။
အဲ.....ဘီယာရောင်းမှဘဲ ရွာကကလေးတွေ တော်တော်သောက်နေကြပါလားဆိုတာသိလာရတယ်။ထင်မထားဘူးဗျာ။
အခုလောလောဆယ်တင်ထားတဲ့ ဘီယာဆယ်ဖာကုန်ပြီဆိုရင်တော့နောက်ထပ်အဆိပ်ပင်ရေမလောင်းချင်တော့ဘူး။ မရောင်းတော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။
~~~~~~~
တစ်ရက်...ည ၈နာရီခွဲလောက်မှာပေါ့...
မိုးလေးကလဲတဖျောက်ဖျောက်ရွာနေတော့
ဈေးဝယ်ကလည်းပါးသွားပြီ။
ဒါနဲ့ဆိုင်သိမ်းဖို့ပြင်နေတုံး
" ဦးရွှေညာ ဘီယာနှစ်ဘူးလောက်ဗျို့ "
" အေးအေး အထဲဝင်ခဲ့ကွာ....ရော့ "
ကျနော်က အောင်သူပိုင့်ကိုဘီယာနှစ်ဘူးပေးလိုက်တယ်။
တိုက်တိုက်ဆိုင်ဆိုင်ဘဲ ဆိုင်သိမ်းတော့ပါ့မယ်ဆိုကာမှ မိုးကသဲကြီးမဲကြီးရွာချလိုက်တယ်။
" ဦးရွှေညာရေ...မိုးကလည်းကောင်းလိုက်တာ၊ဆိုင်ထဲမှာဘဲ သောက်သွားရတော့မယ်ထင်တယ် "
အောင်သူပိုင်က ကျနော့်ကိုအကဲစမ်းသလိုလိုပြောတော့။အလိုက်သိစွာနဲ့ပြောလိုက်တယ်။
" အေး ရပါတယ်တူကြီးရာ....တစ်ခါတစ်ရံဘဲသောက်ပါ သောက်ပါ "
အောင်သူပိုင်က ဘီယာဘူးကို ဖွင့်ပြီး တစ်ငုံဘဲသောက်ခါရှိသေး....
" ဟဲ့...အောင်သူပိုင်... အဖေက အခုချက်ချင်းပြန်လာခဲ့တဲ့ နင့်ကို အဖေဆော်တော့မယ် "
ဆိုင်အပြင်ဘက်က သူ့အမခေါ်သံကြားတော့ အောင်သူပိုင်လဲ ဘီယာဘူးလေးချပြီး သူ့အမနဲ့ပြန်လိုက်သွားလေရဲ့ ။
ကျနော်လည်း ဆိုင်သိမ်းရင်းနဲ့ အောင်သူပိုင်ကိုခနစောင့်နေသေးပေမဲ့ အောင်သူပိုင်ကပေါ်မလာတော့ပါဘူး။
အောင်သူပိုင်ထားခဲ့တဲ့ဘီယာဘူးလေးကို ကိုင်ပြီး
ဘာရယ်မဟုတ်နမ်းကြည့်လိုက်မိတယ်၊ အနံကသိပ်မဆိုးပါဘူး။ကောက်ညှင်းနံ့လိုလို ဘာလိုလိုဆိုတော့...စူးစမ်းချင်စိတ်ကဖြစ်လာတယ်။
ဆိုင်တံခါးတွေအကုန်ပိတ်လိုက်ပြီးဘီယာဘူးလေးကိုတငုံစာလောက်မော့ကြည့်လိုက်တယ်။အရသာကခါးသက်သက်။ခါးတယ်ဆိုပေမယ့် ကြက်ဟင်းခါးသီးလိုအခါးမျိုးတော့မဟုတ်။အဝင်တော့နည်းနည်းဆိုးသလိုဘဲဗျ။
နောက်တစ်ငုံဆက်မောကြည့်လိုက်တယ်။ အောင်မယ်...စောစောကလိုအဝင်မဆိုးတော့ဘူး။
နောက်ထပ်တစ်ငုံ...
နောက်ထပ်တစ်ငုံ....
ဒီလိုနဲ့ တစ်ဘူးလုံးကုန်မှန်းမသိ ကုန်သွားတယ်။
ခေါင်းထဲမှာရီဝေ ရီဝေဖြစ်လာတယ်။နားရွက်တွေလည်းပူလာသလိုလိုဖြစ်လာတယ်။နားထင်ကြောတွေတောင်ထလာတယ်။
ကဲ...ဖြစ်ချင်ရာဖြစ်ကွာဆိုပြီးနောက်ထပ် တစ်ဘူးပါထပ်သောက်ပြစ်လိုက်တယ်။ခနနေတော့ အိပ်ချင်စိတ်ကထိန်းမရတော့ဘူး။ကျွန်တော်ဘယ်လိုအိပ်ပျော်သွားခဲ့တယ်ဆိုတာလည်းမသိတော့ပါဘူး။
~~~~~~~~~~
မနက်မိုးလင်းတော့ ဈေးဝယ်သူတွေမလာသေးခင်
ဘီယာကပ်တွေကိုအိမ်နောက်ဖေးက စပါးစိ (စပါးတိုက်=စားပါးထည့်တဲ့အဆောက်အဦ)ထဲကိုအကုန်ထည့်ထားလိုက်တော့တယ်။ဘီယာဘူးတွေကိုတော့
ဆိုင်ထဲမှာဘဲ..ဈေးလာဝယ်သူတွေမတွေ့ရအောင်
ခပ်မြန်မြန်ဝှက်ထားလိုက်တယ်။
ဆိုင်ရှေ့မှာလည်း " ဘီယာမရောင်းတော့ပါ "ဆိုပြီးဆော့ပင်လေးနဲ့ရေးကာကပ်ထားလိုက်တယ်။
ညကအဖြစ်အပျက်ကိုတွေးပြီး စိတ်မကောင်းဖြစ်ရတယ်။
နောင်တလည်းရမိတယ်။
ဘီယာကိုနေ့တိုင်းသောက်နေတဲ့ကလေးတွေကိုလည်းစိတ်တိုမိတယ်။
နောက်ပြီး ဘီယာရောင်းဖို့အကြံပေးတဲ့ ဖိုးဇော်ကိုလည်းအပြစ်တင်မိတယ်။
ဘီယာကိုကုန်အောင်သောက်မသွားတဲ့အောင်သူပိုင်ကိုလည်းဒေါသထွက်မိတယ်။
ဘာဘဲဖြစ်ဖြစ်လေ....ကျနော် ဆုံးဖြတ်ချက်တခုကိုတော့ ရဲရဲတင်းတင်း ခိုင်ခိုင်မာမာနဲ့ သံဒိဋ္ဌာန် ချလိုက်နိုင်ပါပြီ။
" ဒီနေ့ကစပြီး လက်ကျံဘီယာတွေကို ဘယ်သူ့မှမရောင်းတော့ဘူး ငါဘဲသောက်တော့မယ်လို့ "
အခုတော့ကျနော်လည်း အရက်သမားတွေနဲ့သူငယ်ချင်းဖြစ်နေပါပြီ။အတော်ဆိုးတဲ့ကလေးတွေဗျာ။
~~~~~~~~~~~
ဦးရွှေညာ (ရွာတန်းရှည်)
Comments
Post a Comment