မမြှောက်တတ်တဲ့ဒကာနှင့်
မကြွားတတ်သောဘုန်းကြီး
😂😂😂😂😂😂😂😂😂😂😂😂
(ဟာသဆန်နေပေမဲ့သံဝေဂယူစရာပါ)
" ဘုန်းကြီး---ဘုန်းကြီးဘုရား "
" ဟေး---ဒကာ---ငါဒီမှာကွ "
" သြော်---ဘုန်းကြီးက ကားရေဆေးနေတာကိုး၊ ကပ္ပိယတွေဆေးခိုင်းပေါ့ဘုရာ့၊ ဘယ့်နှယ် ကိုယ်တိုင်ဆေးနေရတာတုန်း"
" အိမ်း---ကျောင်းက ကပ္ပိယတွေက အလုပ်သွားကြလို့---တစ်ယောက်မှမရှိကြဘူး၊ ကဲ ဆိုပါဦး---ဒကာကြီးလာတာ ဘာကိစ္စ"
" အင်း---ဘုန်းကြီးကားအကောင်းစားမြင်တာနဲ့ လာရင်းကိစ္စတောင် မေ့သွားတယ်ဘုရား၊ ဘုန်းကြီးကားက ၂၀၁၂ မော်လ်ဒယ်လားဘုရာ့၊ ပုံလေးကျတယ်၊ အတော်ရုန်းမယ့်ပုံရှိတယ်၊ ဘိုင်ဖိုး ထင်တယ် "
" ဟာ---ဒကာကြီးကလည်း မြှောက်စရာမရှိ ကိုယ့်ဘုန်းကြီကို ကပ်မြှောက်နေပြန်ပြီ၊ ကျုပ်က အဲ့ဒီလို မြှောက်တာ ကြွားတာမျိုးဆို အလွန်မုန်းတာဗျ "
" အဲ့ဒါကတော့ တပည့်တော်နဲ့ တူသွားပြီ၊ တပည့်တော်လည်း မြှောက်တဲ့လူတို့ ကြွားတဲ့လူတို့ဆို အတော်အမြင်ကပ်တာဘုရာ့၊ အခု ဘုန်းကြီးကားကိုတော့ တကယ်ကောင်းလို့ ကောင်းတယ်ပြောတာပါ ဘုရာ့ "
" လင့်ခရုဇာမကောင်းမကန်းလေးပါကွာ၊ ငါကတော့ ကြိုက်လှတယ်မဟုတ်ပါဘူး၊ ရဟန်းဒကာတွေက စင်္ကာပူမှာကျောင်းတက်နေတဲ့ သူတို့သား ပြန်လာရင်စီးဖို့ဆိုပြီး ဒီကားဝယ်ထားတာလေ၊ အဲ့ဒါ ဟိုကောင်လေးက လင့်ခရုဇာမစီးချင်ပါဘူး၊ လန်ဘိုဂီနီပဲစီးချင်ပါတယ်ပူဆာလို့ ဝယ်ပေးလိုက်ရလေရဲ့၊ ဒါနဲ့ ဒီကားက ငါ့ဆီရောက်လာတာပဲ---ငါ့အရင်ပရာဒိုလေးတောင် ဂိုဒေါင်ထဲထိုးထားရတာ၊ လာကွာ အထဲသွားရအောင်"
" ကျောင်းအောက်တစ်ထပ်လုံးကလည်း လျပ်စစ်ပစ္စည်းတွေနဲ့ ရှုပ်နေတာပါလားဘုရာ့၊ ချမ်းသာတဲ့ဘုန်းကြီးမို့သာ တော်တော့်တယ်၊ အခြားသာမန်ကိုယ်တော်ဆိုရင်တော့ လွယ်ဘူးဘုရာ့၊ ဒီပစ္စည်းတွေက ပျက်လို့ပြင်ရရင် သိန်းဂဏန်းတွေချည်းပဲရယ် "
" အေး---အဲ့ဒါတောင် မနက်ကမှရှင်းထားတာ မောင်ရေ့---မနေ့က ကံထပ်ထားတဲ့ ရဟန်းဒကာမိသားစု လာလည်ကြတာလေ၊ ငါကလည်း ဆွမ်းစားသွားရမှာနဲ့ဆိုတော့---ကဲ အပျင်းပြေ ကြည့်ချင်တာကြည့်နေခဲ့ကြဆိုပြီး တီဗွီဖွင့်ပေးထားခဲ့တာ၊ အောက်စက်ရီမုရော၊ စကိုင်းနက်ရီမုရော၊ တာတာစကိုင်းရီမုရော၊ PSI ရီမုရော အကုန်ချထားပေးခဲ့ရတယ် "
" သြော် တင်ပါ့၊ ဘုန်းကြီးအပေါ်စက်က မှန်ပြင် တော်တော်ကျယ်တယ်နော်"
" ဆိုနီ၊ လေးဆယ့်နှစ်လက်မလေ၊ ငါ မရချင်ပါဘူးဆိုတာကို ရဟန်းဒကာတွေ ဇွတ်လှူခဲ့ကြတာ "
" အင်း---အရှင်ဘုရားဘုန်းကံကလည်း လူထွက်ရင်တောင် သမ္မတဖြစ်ချင်ဖြစ်နေမှာဘုရာ့၊ တော်ရုံလူတော့ လိုက်မမီဘူးရယ် "
" သမ္မတဖြစ် မဖြစ်တော့ မသိပါဘူးမောင်ရာ၊ နေ့ဆွမ်းစားလည်းပြန်လာရော ကျောင်းအောက်မှာ ရှုပ်ပွနေတော့တာပါပဲ"
" ဘယ်လိုဖြစ်တာလဲဘုရာ့ "
" ဘယ်လိုဖြစ်ရမလဲ၊ သူတို့သားအလတ်ကောင်က အိုဗာတင်းသောက်ချင်တယ်ဆိုလို့ ဖျော်တိုက်တာ၊ ဟိုနေ့ကမှ ခင်းထားတဲ့ ငါ့ကော်ဇောအသစ်တွေပေါ် မှောက်ပစ်တယ်လေ၊ တော်သေးတယ်၊ မီးကြွေးထိုးလက်စ သင်္ကန်းအသစ်ပေါ် မှောက်မပစ်လို့၊ မဟုတ်ရင် လေးသောင်းခွဲတန်လေး ပလုံခနဲ နေမှာ"
" တော်သေးတာပေါ့ဘုရာ့ "
" မျောက်လောင်းအငယ်မလေးကလည်းကွာ---- ဒက်စတော့ကွန်ပျူတာမှာ ဆော့ပါ ပြောထားတဲ့ဟာကို ငါ့အက်ပဲလ်ကွန်ပျူတာယူပြီး အကျအန ဂိမ်းဆော့နေလို့ မနည်းပြန်ချော့ယူထားရတယ်"
" ဒါကတော့ သူဌေးတွေမို့ သူဌေးပစ္စည်းကိုင်ချင်တာ နေမှာပါ့ အရှင်ဘုရားရယ်"
"အင်း မသိပါဘူးမောင်ရာ၊ ဒကာမကြီးကလည်း ပန်ကာဖွင့်ထားတာတောင် ပူလွန်းလို့ တဲ့ အဲရ်ကွန်းတွေထဖွင့်လိုက်မှ အဆင်ပြေတော့တယ်ဒကာရေ့ "
" တင်ပါ့၊ အရှင်ဘုရားဒကာတွေက ဘယ်ကလာတာမို့လဲ ဘုရာ့"
" အပူကြောက်တဲ့ ရေနံချောင်းဘက်ကပါ မောင်ရာ၊ ဖြစ်ချင်တော့ ရေခဲသေတ္တာထဲမှာက စားစရာဆိုလို့ ဟိုနေ့က ရန်ကုန်က ပို့လိုက်တဲ့ ဂျေဒိုးနပ်လေးဗူးရယ်၊ ရွှေပုဇွန်ကိတ် ၂လုံးရယ်၊ ပန်းသီးလေးငါးဆယ်လုံးရယ်နဲ့ ကိုကာကိုလာ ခုနှစ်ဗူးလောက်ရယ်ပဲ ရှိတော့တာလေ၊
ဒါနဲ့ မြို့ထဲက ဒကာကို ဖုန်းဆက်ပြီး ကြေးအိုးလာပို့ခိုင်းမလို့ဟာကို ဒကာမက ကြေးအိုးမစားချင်ဘူးဆိုလို့ "စကောထမင်း" လိုက်ကျွေး လိုက်ရသေးတာ၊ တော်သေးတာပေါ တစ်ပွဲကို နှစ်သောင်းခွဲတည်းပဲပေးရလို့၊ အင်း---စျေးကတော့ ချိုသားကွ"
" ဟုတ်တယ်ဘုရာ့၊ ဧည့်သည်လာလို့ ကိုယ့်ဆီမှာ ဧည့်ခံစရာမရှိရင် အတော်မျက်နှာပူရတယ် "
" အေးလေ--ငါလည်း အဲ့ဒါ မျက်နှာပူတာပေါ့၊ သူတို့က သာမန်ကျောက်ပွဲစား ရွှေကုန်သည်လေးတွေ ဆိုပေမယ့် ကိုယ်က သူတို့ဆီကြွရင် လိုလေသေးမရှိထားတာကလားကွ၊ ရော့ ပက်စီသောက်ဦး၊ ကိုလာက မနေ့ကပဲ အကုန်ထည့်ပေးလိုက်လို့ လိုရမယ်ရ ပက်စီတစ်ကဒ်ဝယ်ခိုင်းထားရတာ"
" တင်ပါ့---အတုံ့အလှည့်ဆိုတာ ဒါပေါ့ဘုရာ့၊ ဒါမျိုးက ဘုန်းကြီးလို စာတတ်ပေတတ်မို့ ကျေးဇူးတရားကို နားလည်တာဘုရာ့ "
" ဟ---ဒကာတော်ရယ်---ငယ်ငယ်က လင်္ကာရငါးဘွဲ့လေးနဲ့ မန္တလေးဘိဝံသလေးပဲ ပြီးတဲ့ဟာကို ဘယ်က စာတတ်ပေတတ်ရမလဲကွ၊ အစိုးရဓမ္မာစရိယကို တစ်နှစ်တည်းဖြေခဲ့တာ၊ ဂုဏ်ထူးကျမ်းတွေမပါဘဲ ရိုးရိုးသုံးကျမ်းကို ပါဠိလိုပဲဖြေပြီးဘွဲ့ရခဲ့လို့ အခုထိ လက်မှတ်တောင် ဟိုချောင်ကပ်ထားရတာပါကွာ"
" သြော် ဘုန်းကြီးကလည်း---ဒွိပိဋကဓရ ဆိုတာလည်း ထည့်ပြောဦးလေဘုရာ့ "
" အံမလေး အံမလေး မထည့်ပါနဲ့မောင်ရာ၊ သူများတွေ သုံးပုံဆောင်နေချိန် ကိုယ်က နှစ်ပုံတည်းဆောင်နိုင်လို့ ရှက်နေရတာပါ---သြော် ဒါနဲ့ ဒကာကြီး လာရင်းကိစ္စက"
" အဲ--တင်ပါ့ ဟုတ်သားဘုရား---စကားကောင်းနေလိုက်တာ၊ မနက်ဖြန်မနက်ကို တပည့်တော်တို့ဘေးအိမ်က ဆွမ်းဘုဉ်းပေး ပင့်ခိုင်းလိုက်လို့ဘုရာ့ "
" အင်း---မနက်ဖြန် မနက်ဖြန်---လာပင့်မှာလား ကိုယ့်ဘာသာကြွခဲ့ရမှာလား ဒကာကြီး "
" အဲ---အဲ့ဒါတော့ မမေးခဲ့ရဘူးဘုရာ့၊ ဒီလိုလုပ်လေဘုရာ့၊ တပည့်တော် အိမ်ပြန်ရောက်တာနဲ့ သူတို့ကိုမေးပြီး ဖုန်းဆက်လိုက်မယ်ဘုရား "
" အိမ်း---ဖုန်းဆက်ဆို---ငါ့ဟို ဆမ်ဆောင်းဂလက်ဆီs7 သာဆက်လိုက်တော့၊ iphone က ကဒ်ထုတ်ထားလို့၊ ဖုန်းနံပတ်တွေသိတယ်မဟုတ်လား "
" တင်ပါ့---ဟို ဘုန်းကြီးအမြဲကိုင်နေကျ နံပတ် သုံးခုတော့ မှတ်ထားပါတယ်၊ လိပ်စာကဒ်ထဲက နံပတ်-၂ ခုတော့ မှတ်မထားဘူးဘုရာ့ "
" အင်းအင်း---ရတယ်၊ အဲ့ဒီနံပတ်တွေပဲဆက်လိုက်၊ လိပ်စာကဒ်ထဲက နံပတ်တွေက တရားပွဲပင့်ဖို့ပဲ သီးသန့်လုပ်ထားတာ "
" တင်ပါ့ တင်ပါ့ တပည့်တော်ကို ခွင့်ပြုပါဦးဘုရာ့၊ ဘုန်းကြီးနဲ့စကားပြောရတာ အရသာရှိလိုက်တာ၊ အဲ့ဒီလို စာအကြောင်း ပေအကြောင်း မပြောဖြစ်တာ ကြာပြီဘုရာ့ "
" အိမ်း---နောက် အားမှ လာခဲ့ဦးပေါ့လကွာ "
Credit အရှင်ကောသလ္လ(ရေဦး) ✍
Comments
Post a Comment