ရွာအနောက်ပိုင်းမှာ....ကိုအောင်ထိုက်ဆိုတာရှိတယ်။သူက မယကအဖွဲ့ဝင်ထဲကပါ။ရွာမှာမယကအဖွဲ့ဆိုတာကသီးသန့်ကိုရှိတာ။ကျနော်အပါအဝင်ပေါ့ဗျာ။

ရွာတန်းရှည်ဆိုတာ နှယ်နှယ်ရရရွာတော့မဟုတ်။

တချို့ကအိမ်အပြင်ထွက်မှ ဆေးလိပ်သောက်ရဲတာ၊ကွမ်းစားရဲတာ။

တချို့ကရွာ့အပြင်ရောက်မှဘီယာ အရက်သောက်ရဲတာ။အာဂယောက်ျားတွေနေတဲ့ရွာပါဗျ။

ကိုအောင်ထိုက်ဆိုတာကနွားပွဲစား။ပိန်ပိန်ပါးပါး။
သူ့မိန်းမ မသန်းရွှေက ကွမ်းရောင်းတယ်။တောင့်တောင့်ဖြောင့်ဖြောင့်ကြီး။

သူတို့လင်မယားရန်ဖြစ်ပြီဆိုရင်တော့ ....မေးစရာမလိုဘူး။ကိုအောင်ထိုက်က အကွဲနဲ့အပြဲဘဲ။

ဟိုတလောက..ဆိုင်ကယ်စုတ်လေးနဲ့ ဖလေကြီးဆိုတဲ့ရွာကိုမုန့်ဝယ်ထွက်လာခဲ့တယ်။

ကျနော်က...တစ်ရာတန် နှစ်ရာတန်မုန့်အစိုလေးတွေဖောက်သယ်ယူပြီးရွာမှာပြန်ရောင်းတဲ့သူပါ။

ဖလေကြီးဘီယာဆိုင်ရှေ့နားမှာရောက်တော့

" အညာသား ဟေ့ကောင်....အညာသား "

ခေါ်သံကြားလို့လှည့်ကြည့်လိုက်မိတယ်။

ဘီယာဆိုင်အပေါက်ကနေလက်ပြနေတဲ့ကိုအောင်ထိုက်ကိုတွေ့ရလို့ဆိုင်ကယ်ကိုပြန်လှည့်လာလိုက်တယ်။

" ကိုအောင်ထိုက် ဘာလဲဗျ "

" ဘာမှမဟုတ်ပါဘူးကွာ ဘီယာသောက်နေတာကွ၊
မင်းကိုတွေ့လို့ ထွက်ခေါ်တာ "

" အားနာစရာကြီးဗျာ..မသောက်တော့ပါဘူး မုန့်ဝယ်ရအုံးမှာ "

" ဟေ့ကောင်အညာသား အားနာစရာမလိုဘူး ဒီနေ့နွားတစ်ရှင်းတည့်ထားလို့ ပွဲခရှစ်သောင်းရထားတာ အကြိုက်သောက်လို့ရတယ် ဒါတောင်ပို့ခမပါသေးဘူး "

" ဘယ်ရွာသွားပို့ရတာလဲ "

" စမ်းရွာတင်ပါကွာ၊ အခုဘဲပြန်လာတာ၊ ဆိုင်ထဲမှာ ကျော်သူလဲပါတယ်၊ လာပါကွ...အပျင်းပြေပေါ့ "

ကျော်သူဆိုတာ စမ်းရွာကနွားဝယ်တဲ့သူ။ 

" ဒါဆိုလည်း...ချမယ်ဗျာ "

ဆိုင်ထဲကို ဝင်လိုက်ကြတယ်။

တကယ်တော့ ကိုအောင်ထိုက်ဆိုတာ အမြဲသောက်စားမူးရူးနေသူတော့မဟုတ်ပါဘူး။တစ်ခါတရံ စိတ်ပြေလက်ပျောက် အပျင်းပြေသဘောလောက်ဘဲသောက်တတ်သူဖြစ်ပါတယ်။

ဆိုင်ထဲရောက်တော့ ကိုအောင်ထိုက်က သောက်လက်စစားပွဲဝိုင်းကိုခေါ်သွားတယ်။ အားလုံးမှာထားပြီးသား။သူနဲ့အတူလိုက်လာတဲ့ စမ်းရွာက ကိုကျော်သူကစားပွဲမှာထိုင်နေတာတွေ့ရတယ်။

ဝိုင်းစပြီဆိုတာနဲ့.....တစ်ဘူးတစ်ပက်စီသောက်လိုက်ကြတယ်။

ကိုကျော်သူကသိပ်မသောက်တတ်သည့်ပုံ။ကိုအောင်ထိုက်နဲ့ကျနော်သာ ဒိုင်ခံချနေတာ။

ဘီယာသုံးဘူးစီနဲ့ သုံးပက်လောက်ကုန်တော့ အာလေးကရွှင်လာကြပြီ။ဟိုလိုလို...ဒီလိုလို။

ကိုကျော်သူကတော့ တစ်ဘူးဘဲသောက်ပြီးဆက်မသောက်တော့။ကျနော်နဲ့ကိုအောင်ထိုက် နောက်ထပ်နှစ်ဘူးနှစ်ပက်မှာစီသောက်လိုက်ပြန်တယ်။

သောက်ရင်း....သောက်ရင်းနဲ့

ကိုအောင်ထိုက်နည်းနည်းမှန်လာပြီ။ စကားတွေကဘလုံးဘထွေးဖြစ်လာပြီးသိပ်မပီတော့။ဒီထက်များသွားရင် ရွာပြန်နိုင်မှာမဟုတ်တော့ဘူး။ကျနော်ရော
ကိုအောင်ထိုက်ရော အူရိုင်းတွေ။

" အညာသားရေ....နောက်ထပ်မှာအုံးကွာ "

" တော်ပြီကိုအောင်ထိုက်ရာ ကျနော်တို့များနေပြီ "

" များတော့ဘာဖြစ်လဲကွ မပြန်နိုင်ရင် ရန်ကုန်တည်းခိုးခန်းတက်ပြီးအိပ်မှာပေါ့။ ဟေ့....လာအုံးဟေ့..
နောက်ထပ်နှစ်ဘူးနှစ်ပက်ယူခဲ့ကွာ "

ကိုအောင်ထိုက်က စားပွဲထိုးလေးကိုသူကိုယ်တိုင်လှမ်းမှာလိုက်တယ်။

ကျနော်က ဘယ်လိုမှမသောက်ရဲတော့။ဆိုင်ကယ်လည်းမောင်းရအုံးမှာ။

စားပွဲထိုးလာချပေးတဲ့ ဘီယာနှစ်ဘူးနဲ့ ဝီနှစ်ပက်ကိုသူ့ဘာသာရောပြီး ကိုအောင်ထိုက်ကသောက်လိုက်တယ်။

ခနနေတော့ ကိုအောင်ထိုက်တစ်ယောက်.....
တအေ့အေ့....တအော့အော့နဲ့ စားပွဲပေါ်အံချလိုက်တယ်။... ထွီ...ရွံစရာကောင်းလိုက်တာဗျာ။

ဆိုင်ရှင်ကိုလည်းအားနာ၊ စားပွဲလာသုတ်ပေးနေတဲ့ စားပွဲထိုးလေးကိုလည်းကိုယ်ချင်းစာမိတယ်။

ကိုအောင်ထိုက်ကတော့ အတော်မူးနေပါပြီ။မမူးဘဲ မူးနေရတာကကျနော်။ အမူးသမားတစ်ယောက်ကိုတင်ပြီး ဆိုင်ကယ်မောင်းရမှာက အန္တရာယ်အရမ်းများလွန်းတယ်။

" ကဲ ကိုအောင်ထိုက်ရေ...အချိန်ရှိတုံးပြန်ရအောင်ဗျာ "

" မပြန်သေးဘူးကွ သောက်အုံးမှာ၊ ဆိုင်ပိတ်မှပြန်မယ် "

ကျနော်လည်းစိတ်ဓာတ်ကျချင်သလိုလိုဖြစ်လာပြီ။
မုန့်ဝယ်ဖို့လဲ စိတ်ကူးမရှိတော့။

လက်ကျံလေးကိုဆက်မသောက်ဖို့ တားနေလျှက်ကြားက ကိုအောင်ထိုက်ကကုန်အောင်သောက်လိုက်တယ်။

"အညာသားချကွာ...နောက်ထပ်မှာလိုက်အုံး "

အဲ့ဒါမှ....ဒုက္ခ၊ လူကခေါင်းမထောင်နိုင်တော့ဘူး၊
နောက်ထပ်သောက်အုံးမယ်တဲ့။ဆိုင်ကိုလည်းအားနာတာကတစ်ကြောင်း မိုးချုပ်သွားမှာကတစ်ကြောင်းဆိုတော့ ကျနော်လည်းအကြံထုပ်ရပြီပေါ့ဗျာ။

" ဒီလိုလုပ်မယ်ကိုအောင်ထိုက်ရာ...ကျနော်တို့ဆိုင်ပြောင်းသောက်ကြမယ်၊ ဒီဆိုင်က ဟို....အဆော်လဲမရှိ...ဘာမရှိနဲ့ပျင်းစရာကြီး၊လှိုင်သာယာဘက်ကဆိုင်တွေမှာအလန်းလေးတွေပေါမပေါ "

ကိုအောင်ထိုက်က ကျနော့်ကိုရီဝေစွာနဲ့ တချက်ခေါင်းမော့ကြည့်လိုက်တယ်။

" မင်းမဆိုးဘူးအညာသား ၊ မင်းတော်တယ်၊ ငါသဘောတူတယ်ကွာ "

" ကဲ..ဒါဆိုလည်းလှိုင်သာယာသွားသောက်မယ်ဗျာ "

လှိုင်သာယာနဲ့ကျနော်တို့ရွာက နာရီဝက်လောက်ဘဲဆိုင်ကယ်စီးရပါတယ်။

ကျနော်နဲ့ ကိုကျော်သူက ကိုအောင်ထိုက်ကိုတွဲထူရင်းဆိုင်အပြင်ထွက်လာခဲ့ကြတယ်။

ဆိုင်အပြင်ရောက်တော့ကိုအောင်ထိုက်ကို အလယ်မှာထား၊ ကိုကျော်သူကနောက်ကထိမ်း၊ကျနော်ကဆိုင်ကယ်မောင်းပြီးဖြေးဖြေးထွက်လာခဲ့ကြတယ်။

တကယ်တော့ ကျနော်ကရွာကိုမောင်းလာခဲ့တာ။
ပိန္နဲကုန်းရွာထိပ်ရောက်တော့လယ်ကွင်းပြင်တွေ
တွေ့ရတယ်။

" ဟ..အညာသားရေ...မင်းတို့ကားဆရာက ဘယ်ကနေပတ်မောင်းလာတာလဲကွ လေယာဥ်ကွင်းတောင်ရောက်နေပြီ "

" ကားဆရာကလမ်းမှားပြီးမောင်းလာမိလို့တဲ့ ကိုအောင်ထိုက်ရေ..."

ကျနော်လည်းပါးစပ်ထဲတွေ့ရာပြောလိုက်တယ်။

" မင်းတို့ဆိုင်က မရောက်သေးဘူးလားကွ အလန်းလေးတွေနဲ့ကဲချင်လှပြီ "

" ကဲရမှာပါကိုအောင်ထိုက်ရာ...မပူပါနဲ့ "

ကျနော်တို့ရွာတန်းရှည်ရွာရဲ့ အနောက်ထိပ်ရောက်တော့ ချောင်းကူးတံတားအသစ်ဆောက်နေတာတွေ့ရတယ်။

" အညာသားရေ....ဘာတံတားလဲကွ၊ ကြီးကြယ်လှပါလား ဘယ်လောက်ကုန်ကျလိုက်မလဲမသိဘူး "

သိပ်မဟုတ်ချင်တော့....ခွေးခုန်ကူးလို့ရတဲ့တံတားကိုများ....

" ရန်ကုန် +ဒလ တံတားလေဗျာ..ကြီးကျယ်ဆို
ဒေါ်လာ ဘီလျံ နှစ်ဆယ်လောက်ကုန်ကျမယ်ပြောတာဘဲ "

ဒီလိုနဲ့ကိုအောင်ထိုက်အိမ်ရှေ့ရောက်လာခဲ့ကြတယ်။
ကိုအောင်ထိုက်မိန်းမ မသန်းရွှေကတော့ ကွမ်းယာခုံမှာကွမ်းရောင်းနေတယ်။

" ကဲ..ကိုအောင်ထိုက်ရေ...လှိုင်သာယာက နန်းထိုက်တော်ဝင်ဘီယာဆိုင်ကြီးကိုတော့ရောက်ပြီဗျို့၊ အလန်းလေးတွေနဲ့ကဲချင်တယ်ဆိုလည်း ကဲလို့ရပြီ "

ကျနော်က ညာဘက်ဂျိုင်းကြားကမတယ်၊ကိုကျော်သူကဘယ်ဘက်ကတွဲပြီး အိမ်ထဲကိုဝင်လာခဲ့ကြတယ်။

မသန်းရွှေကတော့ ဒေါသထွက်လွန်းလို့ မျက်ထောက်နီကြီးနဲ့ ကြည့်နေလေရဲ့။ကွမ်းယာထိုင်ခုံပေါ်မှာမိန့်မိန့်ကြီးထိုင်လို့ပေါ့။

" ကိုအောင်ထိုက်ရောက်ပြီနော်..မှာချင်တာမှာလို့ရပြီ၊ ကဲချင်လဲကဲလို့ရပြီ၊ ကြိုက်သလိုသာကဲ "

ကိုအောင်ထိုက်က မျက်လုံးလေးပေကလပ် ပေကလပ်လုပ်ပြီး....

" ဟ အညာသားရ...မင်းပြောတော့ အလန်းလေးတွေဆို...အောင်မာ... ကောင်တာမှာထိုင်နေတဲ့ ဟိုကောင်မက မျက်ထောက်နီကြီးနဲ့ငါ့ကိုကြည့်နေပါလား လူကြည့်တော့မျောက်ရုပ်နဲ့ "

~~~~~~~~~~~
ဦးရွှေညာ(ရွာတန်းရှည်)
#Credit

Comments

Popular posts from this blog

ချောတယ်လို့