အချိန်ကား ညနေခြောက်နာရီခန့်။

အိပ်တန်းးတက်ငှက်တို့ပြန်ချိန်နှင့်အတူ
အိမ်သို့ပြန်မလာသေးသောယောကျ်ားဖြစ်သူ 
ကိုတင်မောင်ကို မျှော်ရင်း
ရွှေဂျူးတစ်ယောက်တည်း ပြောနေမိသည်။

"တနေ့တနေ့ အိမ်ပြန်တာလည်း နောက်ကျလိုက်တာ၊
ဟွန်း..ဖုန်းဆက်တော့လည်းမကိုင်ဘူး၊
ဒီကောင် ဘာလုပ်နေတယ်မသိဘူး"

ခဏကြာတော့ အိမ်ရှေ့မှ ကားဟွန်းသံ တတီတီကိုကြားလိုက်ရသဖြင့်
ခြံတံခါးပြေးဖွင့်ရင်း....

"ကိုတင်မောင်....ရှင်ဘာလို့နောက်ကျနေတာလဲ"

ကားပြတင်းကတဆင့် ကြည့်လိုက်မိတော့ ကားမောင်းသူနေရာမှ ကိုတင်မောင်မဟုတ်။ သူ့သူငယ်ချင်း။  
ဒါနဲ့...

"သြော်...ကိုလှသိန်းကိုး...ရှင့်သူငယ်ချင်းက
ဘာဖြစ်လာတာတုန်း"

"အဟီး...သောက်လာတာနည်းနည်းများသွားလို့အစ်မ၊
အခန်းထဲ သွားပို့ထားလိုက်မယ်နော်"

"သွား...သွား၊
ကျုပ်ကတော့ အရက်နံလည်းမခံနိုင်ဘူး၊
ရစ်တာလည်းမခံနိုင်ဘူး...သွားကြ"

ထမီကို ခပ်တိုတိုပြင်ဝတ်လိုက်ရင်း
ဒေါသက ငယ်ထိပ်ရောက်သွား၏။

ဟုတ်တယ်လေ...နေ့တိုင်းသောက်နေတာတော့ မဟုတ်ချေဘူးမလား။

ကားမောင်းပို့သူ ပြန်သွားပြီး ခဏကြာတော့ အခန်းထဲသို့လိုက်လာပြီး...

"ဒီမယ်...ကိုတင်မောင်
ရှငိ ဒီအရည်တွေသောက်နေတာ များပြီနော်"

"ဟေ...ဂေ့...မများပါဘူးကွ၊
နည်းနည်းလေးပါ "

"ရှင့်ဘာသာ နည်းနည်းများများ
ငွေကုန်တယ်...အိမ်လာဘ်ပိတ်တယ်ရှင့်"

"ငါမကုန်ပါဘူးကွာ၊ သူငယ်ချင်းတွေ
ဒကာခံတာပါကွ...လာဘ်ပိတ်ရအောင်လဲ
ရန်ဖြစ်စကားများနေတာမှမဟုတ်တာကွာ"

ဟွန်း...ပြောသာပြောရတယ်..အရက်နံက နှာခေါင်းဝမှ မွှန်ထူလို့။ ဒါကြောင့် နှာခေါင်းကိုရှုံ့ပြီး အခန်းက လှည့်ထွက်မည်အပြု...

"မိန်းမ.."

"ဘာတုန်း"

"အဝတ်အစားတွေ ချွတ်ပေးပါ့လားကွာ၊
ရေချိုးချင်လို့ "

"သြော်...ဟော်၊
အရက်ခွက်ကိုတောင် ရှင့်လက်နဲ့ယူပြီးသောက်နိုင်သေးတာ
အဝတ်အစားလောက်တော့ ကိုယ့်ဘာသာ ချွတ်ပေါ့တော့"

"ဟင်...မင်းပဲ သမီးရည်းစားဘဝက
သက်ဆုံးထိ ပြုစုပေးမှာ...ရေချိုးခန်းဝထိ လိုက်စောင့်ပေးမှာဆို"

"အို...မရခင်က ပြောတာတွေ စိတ်ထဲ ထားမနေနဲ့၊
ရှင့်ဘာသာ ထချိုး..ဒါပဲ"

" ဟူးးးးအင်းပါလေ...ဒါဆိုလည်း
မချိုးတော့ပါဘူး...ဘာချက်လဲဟင်
ထမင်းလေး တလုတ်နှစ်လုတ်လောက်..."

"ဘာမှမချက်ဘူး...ကျုပ်တောင် ကြက်ဥပြုတ်နဲ့စားတာ၊
ရှင် စားနေကျ အမြည်းတွေအစား ဟင်းတစ်ခွက်
ဝယ်ခဲ့ပေါ့...အိမ်မှာတော့ ဘာမှမချက်ဘူး"

"ဟ...မိန်းမရ...လေသံမာလှချေလား၊
ငါ မင်းယောကျ်ားဆိုတာလဲ သတိရအုံးနော်"

"အေး...ကျုပ်ကလည်း ယောကျ်ားဖြစ်နေလို့ ဒီလောက်ကြည့်နေတာ...ရှင့်နေရာမှာသာ တခြားတစ်ယောက်ဆိုရင်...."

ရွှေဂျူးက ပြောပြောဆိုဆိုဖြင့် ဖနောင့်ဖြင့်ပေါက်မည့်ဟန်ပြင်ကာ ကိုတင်မောင့်ဆီသို့ပြေးလာရာ...

"သြော်...မိန်းမရေ...မေ့နေတာကွ၊
ရော့...ရော့"

ကိုတင်မောင်က ဘောင်းဘီအိတ်ထဲသို့ လက်နှိုက်လိုက်ပြီး
ပြန်ထုတ်လိုက်တော့ တစ်သောင်းတန်တအုပ်ပါလာလေ၏။

"ရော့...မိန်းမ"

"သြော်...ရှင်က အလုပ်အဆင်ပြေလာတာကိုး၊
အဟီး...အာ့ကြောင့် ငါ့ယောကျ်ားက အလကားတော့ မဖြုန်းတီးတတ်လောက်ပါဘူးလို့ထင်သား"

"ဟင်...ခုနပြောတော့ လာဘ်ပိတ်တယ်ဆို"

"အိုတော်...တခါတလေသောက်ရုံနဲ့တော့ မပိတ်ပါဘူးရှင့်၊
ဒါနဲ့..ရှင် ရေအရင်ချိုးမလား၊ ထမင်းပဲစားလိုက်မလား"

"အယ်..ခုနပြောတော့ ဘာမချက်ဘူးဆို"

"အဟီး..အာ့က ရှင့်ကိုစတာ၊
ရေခဲသေတ္တာထဲမှာ ပုစွန်ထုတ်ကြီးတွေ ရှိပါတယ်တော့၊
ဆီပြန်လေး ချက်ပေးမယ်လေနော်"

"နေပါစေကွာ...မစားတော့ပါဘူး၊
ဒါနဲ့ ခုန မင်းငါ့ဆီကို ပြေးလာတာ ဘာလုပ်မလို့လဲဟင်မိန်းမ"

"သြော်...ရှင်က အပြင်မှာတနေကုန်အလုပ်လုပ်နေရတာ
ပင်ပန်းတယ်လေတော်...အာ့ကြောင့် ညောင်းညာနေမယ်ဆိုတာသိလို့...နင်းပေးမလို့ပါရှင်"

"သိတတ်လိုက်တာမိန်းမရယ်...
ဒါပေမယ့်..မင်းပြေးလာတာ အားနဲ့မာန်နဲ့ပါ၊
ငါ့စိတ်ထဲထင်တာ...ငါ့ကို ေခြထောက်နဲ့ ကန်မယ်ထင်တာ"

"အိုတော်...မကြံကောင်းမစည်ရာ
ကျွန်မဘဝမှာ ရှင့်ကိုသာ အချစ်ဆုံး၊
ရှင့်ကိုသာ အကိုးကွယ်ဆုံးဆိုတာ သိရဲ့သားနဲ့ရှင်...
အူးးးးမွ...အာဘွားနော် ယောကျ်ား "

"ဟ...မင်းပြောတော့ အရက်နံ့မခံနိုင်ဘူးဆိုကွ"

"တခါတလေ...ဝစ်စကီနံ့လေး ရှုရတာလည်း
ဖီလင်တမျိုးပါ ယောကျ်ားရယ်"

"ဟေ".....😁😁😁
😁😁😁😁😁😁

Shwe Jue
Credit 

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့