ရုပ်ရှင်ကပေးသော သင်ခန်းစာ
---------------------------
အဘွားအိုတစ်ယောက် မြည်းတစ်ကောင်ဆွဲကာ မြို့ထဲကို ဝင်လာသည်။ အဘွားအိုကိုကြည့်ရသည်မှာ ခရီးဝေးက လာဟန်တူသည်။ ပင်ပန်းနေပြီး မြည်းကိုလည်း အားတင်းကာ ဆွဲလာရပုံပေါ်နေသည်။
အဘွားအိုက အရက်ဆိုင်တစ်ဆိုင်ရှေ့ကို အဖြတ်တွင် ဆိုင်ရှေ့တွင် ထိုင်နေသော လူတစ်ယောက်က သေနတ်ကိုထုတ်ပြီး လက်ညှိုးကွင်းလေးထဲထည့်ကာ လှည့်လာသည်။ သူ့လက်တစ်ဖက်တွင် အရက်ပုလင်းကို ကိုင်ထားသေးသည်။ သူက အဘွားအို ရှေ့တွင်ရပ်လိုက်ပြီး
“အဘွားကြီး ဘယ်ကလာသလဲ”
“နီပါဆိုတဲ့ ရွာလေးက လာခဲ့တာပါကွယ်”
“အဘွားကြီး ခင်ဗျား ကတတ်သလား”
“ငယ်ငယ်ကတော့ ကတာပေါ့ ... ရွာဓလေ့ပေပဲ”
“ခုရော”
“အသက်ကြီးတော့ မကတော့ပါဘူးကွယ်”
“မရဘူး ... ကပြရမယ် ... ခုပဲ ကပြရမယ် ... ဒီမြို့မှာ ကျုပ်က ကပြဆို ကပြရမယ်”
“သားရယ် အေးအေးဆေးဆေးနေပါကွယ် ... အမေ သွားပါရစေ”
“ရပ်လိုက် ... တစ်လှမ်းမှ ရှေ့မတိုးနဲ့ ... ကျုပ်အမိန့်ပဲ"
လူတွေက ဝိုင်းလာကြသည်။ ရန်စငတိုးနှင့် အမယ်အိုတို့တွေ့ပြီ။ ဘာဆက်ဖြစ်လာမည်ကို စိတ်ဝင်စားနေကြ သည်။ သေနတ်ကိုင်ကာ ခြိမ်းခြောက်နေသူကို မလုပ်သင့်ကြောင်း မည်သူကမျှ ဝင်မတား။ ဘာဆက်ဖြစ် မည်ကို စိတ်ဝင်စားစွာ စောင့်စားနေကြသည်။
“အဘွားကြီး ကမလား ... မကဘူးလား”
“မကပါရစေနဲ့ကွယ် .... သွားတော့မယ်”
သေနတ်သမားက အဘွားကြီး ခြေထောက်ရှေ့ကို သေနတ်နှင့်ပစ်လိုက်သည်။ အဘွားကြီးက ခုန်လိုက်သည်
“ကပြီဟေ့ ... ကပြီ”
သူကဝမ်းသာအားရ အော်လိုက်ပြီး ကျည်ဆံကို တစ်တောင့်ချင်း ဆက်ပစ်သည်။ အဘွားအိုက ခုန်ခုန်ပြီးရှောင် နေရသည်ကိုပင် လူတွေက ဝိုင်းလှောင်နေကြသည်။
သေနတ်ကကျည်ကုန်ပြီ။ ခါးပတ်တွင်ရှိသော ကျည်ကုန်သည်အထိ တစ်တောင့်ချင်းပစ်ကာ အဘွားအိုကို လှောင်ပြောင်ပြီး ကျည်ကုန်သောအခါ ရပ်သွားသည်။ အဘွားအိုလည်း မောနေသည်။
သေနတ်သမားက ကျည်လည်းကုန် အရက်လည်း ကုန်သဖြင့် လှည့်ထွက်ရန် ပြင်နေသည်။ သူဦးတည် နေသည်မှာ အရက်ဆိုင်ထဲကို ဖြစ်သည်။
ထိုစဉ် မထင်မှတ်သည့် အဖြစ်တစ်ခု ဖြစ်သွားသည်။
အဘွားအိုက မြည်းကိုယ်ပေါ်တွင် စောင်ဖြင့်အုပ်ထားသည့် သေနတ်ရှည်ကို ဆွဲထုတ်လိုက်ပြီး
“ဟေ့ရပ်လိုက်” ဟု အော်လိုက်သည်။
သေနတ်သမားက ရပ်ပြီး နောက်လှည့်ကြည့်သည်
“ဘာလဲ အဘွားကြီး သေနတ်နဲ့ပါလား ... ဘာလဲ ရိုးရိုးကရတာ အားမရလို့ သေနတ်နဲ့ ကမလို့လား ... ဟား ... ဟား”
“ဟေ့ကောင် ရှေ့တိုးခဲ့စမ်း”
“အဘွားကြီး သေသွားချင်လား”
“ဒိုင်း”
သေနတ်သမား ဒူးထောက်လဲသွားသည်။ အဘွားအိုက သူ့ပေါင်ကို သေနတ်နှင့် ပစ်လိုက်ခြင်းဖြစ်သည်။
“ဟေ့ကောင် ရှေ့တိုးလာစမ်း”
သေနတ်သမားက ရှေ့ကို လက်ထောက်ပြီး ရွှေ့လာသည်။ သေနတ်သမား မြည်းနားကို ရောက်လာသည့် အခါတွင်
“ဒူးထောက်လိုက်စမ်း”
“အဘွားကြီး ခင်ဗျား သေတော့မယ်နော်”
“ဒိုင်း”
သူ့ရှေ့ကို ကျည်ဆံက ထပ်ရောက်လာသဖြင့် သူကကြောက်သွားသည်။
“ဟေ့ကောင် ... ငါ့မြည်းမဖင်ကို နမ်းလိုက်စမ်း”
“ခင်ဗျား”
“ဒိုင်း”
“နောက်တစ်ခါ ပြောတဲ့အတိုင်းမလုပ်ရင် နင့်ခေါင်းထဲကို ကျည်ရောက်သွားမယ်”
သေနတ်သမားက မြည်းမဖင်ကို နမ်းလိုက်သည်။ မြည်းမက နောက်ခြေဖြင့် ဆောင့်ကန်လိုက်ရာ သေနတ်သမား လဲကျပြီး မေ့သွားသည်။
အဘွားအိုက သေနတ်ကို ပြန်သိမ်းသည်။ မြည်းကိုဆွဲပြီး တစ်လှမ်းချင်းထွက်သွားသည်။
ကျွန်တော်ကြည့်နေသည့် ကောင်းဘွိုင်ရုပ်ရှင်ကားတစ်ကားဖြစ်ပါသည်။ ထိုရုပ်ရှင်မှ ကျွန်တော် ရလိုက်သည့် အသိမှာ
- ကိုယ့်ကိုယ်ကိုယ် စိတ်ကြီးမဝင်နှင့်
- ကျည်မဖြုန်းနှင့်
- လူကို စိတ်ကြီးဝင်စေသည့် အရက်မသောက်နှင့်
- သက်ကြီးရွယ်အိုကို အထင်မသေးပါနှင့်
- မတရားမှုကို လက်ပိုက်ကြည့်နေသူတွေ လှောင်ပြောင်ချင်သူတွေသာ ဤလောကတွင် များနေသည်
(The Lessons)
တင်ညွန့်
၁.၈.၂၀၂၀
ပြန်လည်မျှဝေပါသည်
ချစ်ခြင်းအားဖြင့် Yin Tun Royal
#Credit
Comments
Post a Comment