ဥာဏ်ကောင်းလွန်းတဲ့ ကြက်ဖအို
▄▄▄▄▄▄▄▄▄▄▄▄▄▄
တစ်နေ့မှာ… လယ်သမားကြီးဟာ ကြက်ဖလေးတစ်ကောင်ကို စျေးထဲက ၀ယ်လာပြန်တယ်။ အဲဒီနောက် ကြက်ဖလေးကို သူ့ရဲ့ကြက်ခြံထဲမှာ လွှတ်ပေးလိုက်တယ်။ ကြက်ဖလေး ခြံထဲကို ၀င်၀င်ချင်းမှာပဲ ကြက်မတွေအလယ်ကောင်မှာ အခန့် သား နေနေတဲ့ ကြက်ဖအိုကြီးတစ်ကောင်ကိုတွေ့လိုက်တယ်။
ကြက်ဖအိုကြီးက “ဟေ့ကောင်လေး.. ကြိုဆိုပါတယ်” လို့ဆီးပြီး နှုတ်ဆက်လိုက်တယ်။ ဒါပေမယ့်လည်း အိုမင်းနေပြီ ဖြစ်တဲ့ ကြက်ဖကြီးကို ကြက်ဖလေးက အဖက်မတန် သလိုနေလိုက်တယ်။ ခြံထဲမှာရှိတဲ့ ကြက်မတွေကို သူလိုက်ပြီး အကဲခတ် နေတုန်းမှာပဲ ကြက်ဖကြီးက ဒီလိုပြောတယ် “ကောင်လေး..ဒီခြံထဲမှာ ကြက်မ (၂၅) ကောင်တိတိ ရှိတယ်။
ငါက အိုလာတော့ သူတို့ ဥဥ နှုန်းကျလာတယ်။ ဒါကြောင့် မင်းကို လယ်သမားကြီးက အသစ်၀ယ် လိုက်တာပဲ။ ငါ့ကို ငဲ့ညှာတဲ့ အနေနဲ့ ကြက်မ (၂၄) ကောင်ကို မင်းယူပြီး ငါ့အတွက် ကြက်မလေး (၁) ကောင်လောက်တော့ ချန်ထားပေးပါကွာ.. ဒီတစ်ခုတော့တောင်းဆိုပါရစေ”
အဲဒီလို ကြက်ဖကြီးပြောတဲ့အခါ ကြက်ဖပျိုလေးက မျက်ခုံးတစ်ဖက်ကိုပင့်လိုက်တယ်။ တဟင်းဟင်းနဲ့ ရယ်မောပြန်တယ်။ ပြီးတော့ ဒီလိုပြန်ပြောလိုက်တယ်။ “ဘဲရီး..ခင်ဗျားအသက်ကြီးပြီ။ နားလိုက်တော့…။ ဒီစော်တွေအကုန် ကျုပ်ပိုင်တယ်။ ခင်ဗျား တစ်ကောင်တောင် မရဘူးမှတ်”
အဲဒီလို ကြက်ဖပျိုလေးရဲ့စကားကိုပြောတဲ့အခါ ကြက်ဖကြီးက ဒီလိုပြန်ပြောတယ်။ “အေးပေါ့လေ..။ မင်းက တက်လူ၊ အဲလေ တက်ကြက်၊ ငါက ကျကြက်ကိုကွ၊ ဒါပေမယ့်ဒီအတိုင်း ဆုံးဖြတ်မယ့်အစား၊ မင်းနဲ့ငါ ကြက်ခြံတစ်ပတ် အပြေး ပြိုင်ပြီး နိုင်တဲ့လူက ကြက်မတွေ အကုန်ယူကြေး သတ်မှတ်လိုက်ရင် မကောင်းဘူးလား၊ အေးမင်းဇရှိရင်တော့ ငါ့ကို တစ်ပေ ၊ နှစ်ပေလောက် အကြောပေးပေါ့ကွာ။ ငါက ကြက်အိုကြီးကိုး”
အဲဒီလို ကြက်ဖကြီးရဲ့စိန်ခေါ်စကားကိုကြားတဲ့အခါ ကြက်ဖပျိုလေးက “တစ်ပေနှစ်ပေတင် မကဘူး အဘိုးကြီး ခင်ဗျားကို သုံးပေတိတိ အကြောပေးတယ်” လို့့ပြောပြီး စိန်ခေါ်တာကို လက်ခံလိုက်တယ်။ အဲဒီလိုနဲ့ ကြက်အိုကြီးနဲ့ ကြက်ဖပျို ကြက်ဖ နှစ်ကောင်ဟာ အပြေးပြိုင်ဖို့နေရာယူကြတယ်။
ကြက်ဖကြီးက သုံးပေလောက်အကွာ ရှေ့မှာနေရာ ယူတယ်။ ကြက်ဖလေးကတော့ နောက်မှာနေရာယူပြီး စပြေးကြတယ်။ သူတို့ရဲ့ အပြေးပြိုင်ပွဲကို ခြံမှာရှိတဲ့ ကြက်မတွေကလည်း “ကတော်” ကတော်”သံတွေ ဆူညံနေအောင် အားပေးကြတယ် “ကြက်ဖကြီး” ကို အားပေးကြတဲ့ ကြက်မတွေထက် သန်မာဖျတ်လတ်တဲ့ ကြက်ဖပျိုလေးကိုအားပေးတဲ့ ကြက်မတွေပိုများနေပြန်တယ်။
ကြက်ဖကြီးက ရှေ့ကဦးဆောင်ပြေးတယ်။ ကြက်ဖလေးကနောက်ကလိုက်တယ်။ ကြက်ဖကြီးက ခေါင်းကိုရှေ့ကို အစွမ်း ကုန်ဆန့်ပြီး ပြေးတယ်။ ကြက်ဖလေးကလည်း အားကျမခံ ခေါင်းကို ဆန့်ထုတ်ပြီး ကြက်ဖကြီးနောက်က အမှီလိုက် လာတယ်။ ကြက်ဖကြီးက ကတော်သံအကျယ်ကြီးနဲ့ပြေးတယ်။ ကြက်ဖပျိုကလည်း မာန်ဖီပြီးလိုက်တယ်။
အဲဒီလို ကြက်ဖကြီးက အော်ပြီးပြေး၊ ကြက်ဖပျိုက မာန်ဖီပြီး လိုက်နေတုန်းမှာတင် လယ်သမားကြီးရဲ့ လောက်စာလုံးဟာ ကြက်ဖပျိုရဲ့ ခေါင်းတည့်တည့်ကို ထိပြီး ကြက်ဖလေးဟာ နေရာမှာတင် မာလကီးသွား ရှာတယ်။
အဲဒီလို လေးခွစာမိပြီး သေသွားတဲ့ ကြက်ဖလေးကို လာပြီးကောက်ယူရင် လယ်သမားကြီးက ဒီလိုပြောလိုက်တယ် “တောက်… အထီးအချင်းချင်း လိုက်နေတဲ့ စောင်အခြောက်ကြက်တွေ ၀ယ်မိတာ ဒီတစ်ကောင်နဲ့ဆို ၆ကောင်ရှိပြီ၊ ဒီနေ့ညနေလည်းကြက်သားဟင်းပဲ စားရတော့မှာပဲ” (ကြက်ဖကြီးဟာအဲဒီလိုနည်းနဲ့ ကြက်မတွေ အများကြီးကို အရယူခဲ့တယ်။ ကိုယ့်ဟာကိုယ်သာ သုံးသပ်ကြပါတော့…. အချင်းချင်းဂျင်းထည့်ချင်းကင်းရှင်းကြပါစေ။)
Credit:Original ဘာသာပြန် Writerနဲ့ ဖတ်ရှု့မျှဝေသူများ
Comments
Post a Comment