ဟာသတစ်ခုပါ.. ဒါပေမဲ့ပညာတော့ပါတယ် --
-------------------------------------------------
လွှတ်တော်အမတ်တစ်ယောက် သေသွားပြီး နတ်ပြည်တံခါး၀ကို ရောက်သွား၏။ သိကြားမင်းနဲ့တွေ့သည့်အခါ
သိကြားမင်းက ပြောတယ်
" အိမ်း မောင်မင်းက လူပြည်မှာတုန်းက လွတ်တော်အမတ် ဖြစ်ခဲ့လေတော့ ... မင်းတို့အတွက် အထူးပြဋ္ဌာန်းထားတဲ့ စည်းကမ်းတစ်ခု ရှိနေတယ် ... အဲဒါကတော့ မောင်မင်း ငရဲပြည်မှာ တစ်ရက်သွားနေရမယ် ... ပြီးရင်တော့ ငရဲပြည်မှာ ဆက်နေချင်လား ... နတ်ပြည်ကိုလာချင်လားဆိုတာ ဆုံးဖြတ်လို့ရမယ်ကွယ့် "
" ဗျာ ... ကျနော် ငရဲပြည်မှာ တစ်ရက်သွားနေရမယ် ဟုတ်လား ... ဟို ... ကျနော် လူ့ပြည်တုန်းက ဘုရားတည်ကျောင်းဆောက်ခဲ့ ခဲ့ .... "
" အိမ်း စည်းကမ်းက စည်းကမ်းကပဲကွယ့် ... သွားစေ"
သိကြားမင်းကြီး လက်တစ်ချက် သပ်အလိုက်မှာပဲ လွှတ်တော်အမတ်က သူ့ရှေ့ကနေ ပျောက်ကွယ်သွားလေတော့တယ်။
သူပြန်နိုးလာချိန်မှာတော့ မျက်စိမဖွင့်ရသေးခင်မှာပဲ သူငရဲပြည်ရောက်နေပြီဆိုတာ သိနှင့်နေပြီ။ အဲဒါကြောင့် မျက်စိဖွင့်မကြည့်ရဲသေးဘဲ၊ အပြင်က အော်ဟစ်ညည်းတွားသံတွေများ ကြားရမလား ဘာလားဆိုပြီး နားစွင့်ကြည့်တော့ ဘာသံမှ မကြားရဘူး ... အားလုံးက တိတ်တိတ်ဆိတ်ဆိတ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်းရှိနေတဲ့ပုံ။ အဲဒီအချိန်မှာဘဲ
" ဟေ့လူ ... ထတော့လေဗျာ ... ခင်ဗျားက
ဒီမှာ ၂၄ နာရီပဲ နေရမှာ ... အချိန်က သိပ်ရှိတာ မဟုတ်ဘူး "
သူ မျက်စိဖွင့်ကြည့်လိုက် ချိန်မှာတော့ ... သူရောက်နေတဲ့ နေရာက အတော်လေးကို သားသားနားနားရှိလှတဲ့ ဟိုတယ်အခန်းတစ်ခု ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ခုနက သူ့ကို လှမ်းပြောလိုက်တာ ဘယ်သူလဲ လှမ်းကြည့်လိုက်တော့၊ အနောက်တိုင်း ၀တ်စုံသပ်သပ်ရပ်ရပ်၀တ်ထားတဲ့ ရုပ်ရှည်သန့်သန့်ပြန့်ပြန့်နဲ့ လူတစ်ယောက်ကို လက်ထဲမှာ ဝီစကီခွက်လေး ကိုင်ရက်သားနဲ့ တွေ့လိုက်ရတယ်။
" ခင်ဗျားက ဘယ်သူလဲ "
" ကျနော်က ယမမင်းလေဗျာ "
ပြောပြောဆိုဆိုနဲ့ ယမမင်းဆိုတဲ့လူက သူ့ကို ဝီစကီခွက် ကမ်းပေးလိုက်ရင်း
" ကဲ ... ငရဲကြီး ၈ ထပ်ကနေ ကြိုဆိုပါတယ်ဗျား "
" ဗျာ ... ဒါက ငရဲကြီး ၈ ထပ် ဟုတ်လား ... ဟို ... ဟို .... ငရဲသားတွေက ညှင်းပန်းနှိပ်စက်တာတို့ ... ဆီအိုးကြီးထဲ ထည့်ပြုတ်တာတို့က ဘယ်မှာတုန်းဗျ "
" ဟားဟားဟား ... အဲဒါတွေက ကောလဟာလတွေပါဗျာ ... လူတွေက မသိဘဲ အဟုတ်ထင်နေကြတာပါ ... အဲဒီအကြောင်း ပြောရမှာ ဇာတ်လမ်းက ရှည်ပါတယ် ... ထားလိုက်၊ ဒီအခန်းက ခင်ဗျားနေရမယ့် အခန်း ... မီနီဘားထဲမှာ ကြိုက်တာတာ ယူသောက် အကုန်လုံး ဖရီးပဲ၊ အခန်းကို တစ်နေ့တစ်ခါ လာရှင်းပေးမယ် ... စားသောက်ခန်းက အပေါ်ဆုံးထပ်မှာ၊ ကဲ ... အပြင်လေး ဘာလေးလည်း ထွက်ကြည့်လိုက်ကြဦးစို့ရဲ့ "
သူလည်း အဲဒီတော့မှ သတိရပြီး ပြုတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တော့ ရာသီဥတုက သာသာယာယာနဲ့။ သူနဲ့ ယမမင်း အပြင်ကို ရောက်သွားတော့ လမ်းပေါ်မှာ ဘီယာဆိုင်တွေ စင်တင်တွေ ကာရာအိုကေတွေနဲ့ စည်ကားနေလိုက်ကြတာ ... မာဆက်တွေတောင် ပါသေးတယ်။ သောက်စားပျော်ပေါးနေကြတဲ့ သူတွေထဲမှာ သူ့မိတ်ဟောင်းဆွေဟောင်းတွေလည်း ပါတယ်။ သူ့ကို တွေ့တော့ ပျော်ပျော်ရွှင်ရွှင်နဲ့ နှုတ်ဆက်ကြရင်းက ဟိုဝိုင်းဒီဝိုင်းကူးပြီး သောက်လိုက်ရသေးတယ်။
ပြီးတော့ ယမမင်းကလည်း တော်တော်လေး ပေါ်ပြူလာဖြစ်တဲ့ ဆယ်လီဗျစ်သီးဖြစ်နေတယ်။ ဟိုလူကလာပြီး ဆယ်ဖီတွဲရိုက်လိုက်၊ ဒီလူကလာပြီး ဆယ်ဖီတွဲရိုက်လိုက်နဲ့ ဖလန်းဖလန်းကို ထနေရော။
သူလည်း အဲဒီနေ့တော့ တစ်နေကုန် မိတ်ဟောင်း မိတ်သစ်တွေနဲ့ အတူ သောက်စား ပျော်ပါးပြီး နေလိုက်တာ တစ်နေ့သာ ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ဘူး။ ညည့်နက်လို့ ဟိုတယ်ပြန်ရောက်တော့ ခေါင်းချတာနဲ့ တုံးကနည်း အိပ်ပျော်သွားပါလေရော။
နောက်နေ့ သူပြန်နိုးလာတဲ့အချိန်မှာတော့ သိကြားမင်းရှေ့မှောက်ကို ပြန်ရောက်နေတာ တွေ့လိုက်ရတယ်။ အဲသည်မှာ သိကြားမင်းကြီးက
" ကိုင်း ... ဘယ်နှယ်တုန်း ... ငရဲပြည်က မင်းထင်ထားသလိုမျိုးတော့ မဟုတ်ဘူး ထင်တယ်... ဟုတ်စ "
" တခြားစီပါပဲခင်ဗျ "
" အိမ်း ... အဲဒါကတော့ ငရဲပြည်ပေါ့ကွာ ... ဒါကတော့ ငါတို့နတ်ပြည်ပေါ့ ... ဒီမှာကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ... တရားဓမ္မအားထုတ်ကြတဲ့ နေရာမျိုးပေါ့ "
" ဟုတ်ကဲ့ ... ဟို ပြောရမှာတော့ အားနာပါတယ် သိကြားမင်းကြီးရယ် ... ဟိုလေ ... ကျနော် ငရဲပြည်မှာပဲ နေလိုက်တော့မယ်လို့ စဉ်းစားထားလို့ပါ "
" အိမ်း ... ကောင်းပါပြီ ... ဘာမှ အားနာစရာ မလိုဘူး ... သွားစေ "
အဲဒီနောက်မှာတော့ သူလည်း သိကြားမင်းရှေ့မှောက်က ပျောက်သွားပြန်လေတယ်။ သူပြန်နိုးလာတဲ့ အချိန်မှာတော့ မျက်စိမဖွင့်မရသေးခင်မှာတင် အသံနက်ကြီးတွေနဲ့ နာနာကျင်ကျင် အော်ဟစ်ညည်းတွားသံတွေကို ထိတ်လန့်စရာ ကြားနေရတယ်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ အားလုံးက မှောင်မှောင်မဲမဲနဲ့ ကျစ်ကျစ်တောက် ပူလောင်နေတယ်။ ခပ်လှမ်းလှမ်းမှာတော့ မီးတောက်မီးလျံကြီးတွေကို လှမ်းမြင်နေရပြီးတော့ အဲဒီဖက်ကနေ အော်သံတွေက လာနေတာ။ အဲဒီအချိန်မှာဘဲ
" ဟေ့ ဟိုကအသစ်ရောက်လာတဲ့ကောင်ကို သွားဖမ်းကြစမ်း .... ဆီအိုးထဲ ထည့်ရအောင် "
လှည့်ကြည့်လိုက်တော့ မနေ့က တွေ့ခဲ့တဲ့ ယမမင်းရယ်၊ သူ့နောက်မှာ ခရင်းခွကြီးတွေ ကိုင်ထားတဲ့ ငရဲသားတွေရယ်ကို တွေ့လိုက်ရတယ်။ သူလည်း ကြောက်အားလန့်အားနဲ့
" ခဏ ... ခဏနေပါဦး ယမမင်းကြီးရယ် .... ဘယ်လိုဖြစ်ရတာလဲ ... ဟို ကျနော်နေရမယ်ဆိုတဲ့ ဟိုတယ်အခန်းရော ... မီနီဘားရော ... ဟိုစင်တင်တွေ ကာရာအိုကေတွေရော ... ဘယ်ရောက်ကုန်ကြတာလဲဗျာ "
-------------------------------------------------------
" အော် ... ဒါက ဒီလိုလေ ... မနေ့က ငါတို့ မဲဆွယ်တဲ့နေ့ ...
ဒီနေ့က...... မင်းမဲပေးပြီးပြီလေ "
Credit

Comments
Post a Comment