ဗေဒင်မှန်လိုက်ပုံများ

ရိုးရိုးအေးအေး စာရေးကြီး ကိုဘမောင်သည် လုပ်ငန်းကိုင်ငန်းများ အဆင်မပြေသဖြင့် သူတို့လမ်းထိပ်တွင် ဟောခန်းဖွင့်စားနေသော ဗေဒင်ဆရာထံ သွားလေသည်။ ဗေဒင်ဆရာက ယခုကဲ့သို့ အညံ့များကြုံနေရခြင်းမှာ ကိုဘမောင်အိမ်တွင် မလျော်ကန်၊ မသင့်မြတ် သည်များရှိသောကြောင့်ဆိုပြီး အိမ်အထိ လိုက်ကြည့်လေတော့သည်။အိမ်သို့ ရောက်ရောက်ခြင်းပင်...

ဗေဒင်ဆရာ။ ။ "သိပ်ဟုတ်တာပေါ့ ကိုဘမောင်၊ ခင်ဗျား ဘုရားစင်မှာထိုးထားတဲ့ ခတ္တာပန်းတွေကို စွန့်ပစ်လိုက်တော့... ဖြစ်နိုင်ရင် နောက်လည်း မထိုးနဲ့ဗျာ... နောက် ဒီအောက်မှာ ချိတ်ထားတဲ့ စံပယ်ပန်းတွေ..."

ကိုဘမောင်။ ။ "ဘာလို့လဲ ဆရာ၊ ဘုရားကို ပန်းလှူတာ မကောင်းဘူးလား..."

ဗေဒင်ဆရာ။ ။ "ခင်ဗျားတို့ အဲဒါတွေကြောင့် အခက်အခဲတွေ ရှိနေတာပေါ့... ဒီမှာခတ္တာဆိုတာ"ခက်တာ" နဲ့ အသံဆင်တယ်ဗျ...။ ခက်တာတွေ ဖြစ်တတ်တယ်။ စပယ် ဆိုတာကလည်း"စကတည်းက ပယ်ခံရတယ်" ဆိုတဲ့ အဓိပ္ပာယ်ကို ဖြစ်စေတယ်..."

ကိုဘမောင်။ ။ "ဟုတ်လား ဆရာ၊ ဒါဆို ဘာကို ဘုရားကပ်ရမလဲ..."

ဗေဒင်ဆရာ။ ။ "ဒီမှာ အလွယ်လေးလေ... ကောက်ညှင်းပေါင်းလှူ..."

ကိုဘမောင်။ ။ "ဟုတ်လား... ကောက်ညှင်းပေါင်းလှူရင် ကောင်းတယ်လား..."

ဗေဒင်ဆရာ။ ။ "မသိရင်မှတ်၊ ကောင်းညှင်းပေါင်းဟုတ်ဘူး၊ ကောင်းခြင်းပေါင်း၊ ကောင်းခြင်းတွေ ပေါင်းလာအောင်... ပြီးတော့ သြဇာရှိအောင် သြဇာသီးကို လှူ...ဒါလေးများ ဘာခက်တာမှတ်လို့... ပညတ်သွားရာဓာတ်သက်ပါတယ်တဲ့ ကိုဘမောင်ရ..."

ကိုဘမောင်။ ။ "ဟုတ်ကဲ့ဆရာ၊ အတော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ... ကျနော် အလုပ်ကလည်း ပြောင်းရွှေ့ကျဦးမယ်။ မပြောင်းချင်ဘူး ဆရာရယ်..."

ဗေဒင်ဆရာ။ ။ "မပြောင်းချင်ဘူးလား... အလွယ်လေး ကိုဘမောင်ရယ်... အိမ်ရှေ့ကခြံထဲမှာ... ပြောင်းဖူးရယ်၊ ချဉ်ပေါင်ရယ်၊ ဘူးသီးရယ် သုံးမျိုးကို စိုက်လိုက်..."

ကိုဘမောင်။ ။ "ဟုတ်၊ ဆရာ... အဲဒါဆို မပြောင်းရတော့ဘူးပေါ့..."

ဗေဒင်ဆရာ။ ။ "ဟုတ်တယ်လေ... အဲဒီသုံးမျိုးရဲ့ အစစာလုံးတွေက ပြောင်းချဉ်ဘူး မဟုတ်ဘူးလား၊ ဒီတော့ ပညတ်သွားရာ ဓာတ်သက်ပါပြီးတော့..."

ကိုဘမောင်။ ။ "ဟုတ်၊ ဟုတ်ကဲ့ ဆရာ၊ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက် အတော်လေး စဉ်းစားစရာတွေ ဖြစ်လာပါတယ်... ကျေးဇူးပါ"

ဗေဒင်ဆရာ။ ။ "ရပါတယ်ဗျ... ဓာတ်တူရင် နတ်ကူသတဲ့ဗျာ..."

ဒီလိုနဲ့ ဗေဒင်ဆရာလည်း ပြန်သွားတော့သည်။ နောက်တစ်ပတ် ကိုဘမောင်က ဆရာအိမ်လာကြည့်ပါဦး ဆရာပြောသလို ဟုတ်မဟုတ် ဆိုတာနဲ့ ဗေဒင်ဆရာလည်း တစ်ခေါက်ထပ်လိုက်သွားသည်။ ဟိုရောက်တော့ သူပြောထားတဲ့အတိုင်း သြဇာသီးတွေ၊ မင်းဂွတ်သီးတွေ ဘုရားလှူထားတာ တွေ့ရသည်။

ဗေဒင်ဆရာ။ ။ "ဒါနဲ့ ကိုဘမောင် မင်းဂွတ်သီးတွေက..."

ကိုဘမောင်။ ။ "ဆရာ့ နည်းစနစ်အတိုင်းလေ... မင်း Good သွားအောင်...မင်းဂွတ်သီးကို လှူထားတာ"

ဗေဒင်ဆရာ။ ။ "ဟုတ်လားဗျ"

ကိုဘမောင်။ ။ "ဟုတ်တယ် ဆရာ၊ ပြီးတော့ ကျွန်တော် နောက်တစ်ပတ် ရွှေတောင်ဘက်ကို ခရီးထွက်မလို့..."

ဗေဒင်ဆရာ။ ။ "ရွှေတောင်... ဟုတ်လား..."

ကိုဘမောင်။ ။ "ဟုတ်တယ်ဆရာ၊ ဆရာပြောသလို ပညတ်သွားရာ ဓာတ်သက်ပါအောင်လေ... ရွှေတောင်ကြီး ဆိုက်အောင်၊ ရွှေတောင်ဘက်ကို ခရီးထွက်မလို့..."

ဗေဒင်ဆရာ။ ။ "ဟား... ဟား... ဟား..."

ကိုဘမောင်။ ။ "မဟားပါနဲ့ ဆရာ၊ ဟား ဟား ဆိုတဲ့ အတိုင်း သူများတွေ ဆရာ့ကို ဟားပါလိမ့်မယ်..."

ဗေဒင်ဆရာ။ ။ "အော်... ကိုဘမောင်ရယ်"

ကိုဘမောင်။ ။ "မအော်ပါနဲ့ ဆရာ၊ ပညတ်သွားရာ ဓာတ်သက်ပါပြီး အော်နေရပါမယ်၊ ပြီးတော့ ကျွန်တာ့်ကိုလည်း "ကိုဘမောင်ရယ်" ဆိုပြီး အတင်းမရယ်ခိုင်းပါနဲ့..."

ဗေဒင်ဆရာ။ ။ "ဟိုက်၊ ခက်တော့တာပဲ..."

ကိုဘမောင်။ ။ "ခက်တော့တာပဲလို့ချည်း မညည်းပါနဲ့ဆရာ၊ ဆရာ့နောက်ကို ခက်တာတွေ လိုက်လာပါလိမ့်မယ်...ရော့ သောက် ဆရာ..."

ကိုဘမောင်က ရေနွေးတစ်ခွက်ငှဲ့ပေးတော့ ဗေဒင်ဆရာလည်း ယူသောက်လိုက်သည်။ ပြီးတော့မှ... ချိုချို ခါးခါး ဘယ်လို အရသာကြီးမှန်းမသိသဖြင့်...

ဗေဒင်ဆရာက ရှ့ုံမဲ့ပြီး ။ ။ "အာ... ဒါ... ဒါ... ဘာကြီးလဲ၊ ကိုဘမောင်..."

ကိုဘမောင်။ ။ "ဘာကြီးလဲ လို့ မအော်ပါနဲ့ ဆရာ... ပညတ်သွားရာ ဓာတ်သက်ပါပြီး ဆရာ့ ဘကြီးတစ်ယောက်ယောက် ချော်လဲနေပါ့မယ်..."

ဗေဒင်ဆရာ။ ။ "အာ... ခင်ဗျားဗျာ..."

ကိုဘမောင်။ ။ "ခုနက အရည်ကလေ... ကြံရည်ဖန်ရည် တိုးအောင်ဆိုပြီး ကြံရည်ရယ် အဖန်ရည်ရယ် ရောသောက်တာလေ..."

ဗေဒင်ဆရာ။ ။ "ဟာ... ခင်ဗျားဗျာ... ဒီမယ်၊ ကိုဘမောင် ဗေဒင်ပညာကိုအလွယ်လေး မှတ်နေလား..."

ကိုဘမောင်။ ။ "ပညာလို့ မပြောပါနဲ့ ဆရာ... ပြင်ညာ ဆိုရင် ပြင်ပြီး ညာနေရပါမယ်။ ဗေဒင်နည်းစနစ်လို့ ပြောပါ ဆရာ..."

ဗေဒင်ဆရာ။ ။ "အာ... ဒါနဲ့ ထိုင်ခုံတွေလည်း မတွေ့ပါလား..."

ကိုဘမောင်။ ။ "ဟုတ်တယ်ဆရာ၊ ကျွန်တော် ရောင်းပစ်လိုက်တာ။ အရင်တစ်ပတ် ဆရာပြန်သွားကတည်းက ကျွန်တော် တွေးမိတာလေ... ထိုင်လည်း ထိုင်၊ ခုန်လည်း ခုန်ဆိုတာ သိပ်မဟုတ်ဘူးလိုပဲ၊ ဓာတ်ပျက်နေသလားလို့ပါ..."

ဗေဒင်ဆရာ။ ။ "ဟိုက်..."

ကိုဘမောင်။ ။ "မဟိုက်ပါနဲ့ ဆရာ... အလကားနေရင်း မောဟိုက်နေပါ့မယ်..."

ဗေဒင်ဆရာ။ ။ "အာ... ကိုဘမောင်..."

ကိုဘမောင်။ ။ “ပြီးတော့ ခုနက ဆရာ့ဆိုင်ရဲ့ ဆိုင်းဘုတ်ကိုတွေ့တယ် ..ပြင်ပါဆရာ..."

ဗေဒင်ဆရာ။ ။ "ဗျာ... ကျွန်တော့်ဆိုင်းဘုတ်က ဘာဖြစ်လဲ..."

ကိုဘမောင်။ ။ "ဟောခန်းဆိုတာလေ ဆရာ..."

ဗေဒင်ဆရာ။ ။ "ဟုတ်ကဲ့..."

ကိုဘမောင်။ ။ "ဟောပြီးရင် ခန်းခန်းသွားတယ်လို့ အဓိပ္ပာယ် မရဘူးလား ဆရာ... ရသမျှ ငွေတွေ ခန်းကုန်မှာပေါ့ ဆရာ..."

ဗေဒင်ဆရာ။ ။ "အာ..."

ကိုဘမောင်။ ။ "ပြီးတော့... မနောမယ ဆိုတာလေ... မယ ဆိုတာ “မရ” မပိုင်ဆိုင်တာနဲ့ အသံတူတယ်လေ... ပညတ်သွားသလို..."

ဗေဒင်ဆရာ။ ။ "တော်၊ တော်... ကိုဘမောင်..."

ကိုဘမောင်။ ။ "ဟုတ်ကဲ့၊ ကျွန်တော် တော်လာပြီးလား ဆရာ၊ကျေးဇူးတင်ပါတယ်..."

ဗေဒင်ဆရာ။ ။ "အာ... ဒါနဲ့ ဘယ်အချိန်ရှိပြီလဲ... ပြန်မလို့..."

ကိုဘမောင်။ ။ "သိဘူးဆရာ၊ နာရီဆိုတာ နာလည်းနာတယ်၊ ရီလည်းရီတယ်ဆိုတော့ မချိပြုံးသလို အဓိပ္ပာယ်ထွက်တယ်လို့ ကျွန်တော် ခံစားရတာနဲ့ အိမ်မှာ ဘာနာရီမှ မထားတော့တာ..."

ဗေဒင်ဆရာ။ ။ "အာ... ဟာဗျာ..."

ဤသို့ဖြင့် ဗေဒင်ဆရာသည် ကိုဘမောင်အိမ်မှ တချိုးတည်း ဆင်းပြေးလေတော့သည်။

credit....
.....❣
#ဟာသပုံပြင်များ

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့