ညနေအရေးပေါ်သွားစရာရှိလို့လူမကြည့်ပဲတက္ကစီတက်စီးလိုက်တယ်။ခရီးနီးတော့ဈေးမေးမနေတော့ပဲကားနောက်ခန်းတန်းဝင်ထိုင်လိုက်တယ်။


အသက် ၃၅ လောက်ရှိတဲ့ဆံပင်နီ

ကြောင်ကြောင်နဲ့တက္ကစီဆရာလေး။လက်မှာဆေးမင်ကြောင်(Tatoo)နဲ့။အင်္ကျီလုံချည်နွမ်းနွမ်းပါးပါး။ပိန်ပိန်၊

မဲခြောက်ခြောက်၊သွားမဲညစ်ညစ်။


စတီယာတိုင်ကိုင်ထားတဲ့လက်ကိုကြည့်လိုက်တော့ဓါးဒဏ်ရာလိုလို မီးလောင်ဒဏ်ရာလိုလိုအမာရွတ်ကြီးတွေ့တယ်။ တက္ကဆီဆရာမျက်နာကိုနောက်ကြည့်မှန်ကကြည့်လိုက်တော့မျက်နာကလူမိုက်ရုပ်၊သူဝါးနေတဲ့ကွမ်းယာကစိမ်းရွှင်ရွှင်အနံ့၊လူခေါင်းမူးတူးတူးဖြစ်ချင်လာတယ်။


ဒါပေမယ့်သူလမ်းဘေးကွမ်းတံတွေးထွေးချတာမတွေ့ဘူး။တက္ကဆီဆရာပုံစံကြည့်ရတာ စကားပြောကောင်းမယ့်ပုံမပေါ်တာနဲ့အသာငြိမ်နေလိုက်တယ်။သူကကားကိုဂရုစိုက်မောင်းနေတယ်။အခြားကားတွေကိုလည်းနားလည်မှုပေးတယ်။


တက္ကဆီဆရာဖုန်းဝင်လာတယ်။အနာဗလပွလက်တဖက်နဲ့စတီယာတိုင်ကျွမ်းကျွမ်းကျင်ကျင်ထိမ်း၊ဖုန်းကိုတချက်ငုံ့ကြည့်ပြီးလက်တဖက်နဲ့နားနားကပ်ပြီးစကားအေးအေးသက်သာပြောတယ်။နောက်ခန်းသူ့တည့်တည့်မှာထိုင်နေလို့သူ့အသံအတိုင်းသားကြားရတယ်။


“ ပြော …ချစ်….မိန်းမ ”

“ အင်းပါ…….အင်းပါ ”

“ ခရီးသည်အခုမှရတယ် ”

“ အခုမှစားပြီးတယ် ”

“ ချစ်မပါလို့စားမကောင်းဘူး ”


တက္ကဆီဆရာကစကားတိုးတိုးညင်ညင်သာသာပြောနေတယ်။သူ့အသံမှာမေတ္တာဓါတ်ပါတယ်။နောက်ကြည့်မှန်ကကြည့်လိုက်တာမျက်နာကရွှင်ပြနေတယ်။သူ့မိန်းမနဲ့ပြောနေပုံရတယ်၊


“ အေးပါ…အချစ်ရယ်…အေးပါ ”

“ အေး….အေး…သတိရပါတယ် ”

“ အေးစိတ်မပူနဲ့ ….ချစ် ”

“ အာဘွား…..အာဘွား ”


တက္ကဆီဆရာသူ့မိန်းမကိုကြင်ကြင်နာနာမေတ္တာစိတ်အပြည့်နဲ့ဖုန်းပြောနေသံအတိုင်းသားကြားနေလို့ကိုယ်တောင်မဆီမဆိုင်ကြားထဲကစိတ်အေးချမ်းလာတယ်။ 


သူဖုန်းပြောနေတာကြည့်ပြီးကိုယ့်ကိုယ်ကိုယ်စဉ်းစားမိတယ်။အရင်အလုပ်ကိစ္စနဲ့သွားလာလုပ်ကိုင်နေရင်းမိန်းမဆီကဖုန်းလာရင်တိုတိုပဲပြောပြီးစကားဖြတ်လိုက်တယ်။တယုတယချွဲနွဲ့ကိုယ်လည်းမပြောတတ်ဘူး၊ကိုယ့်ကိုလည်းပြောစရာ

မလိုဘူးထင်ထားတာ။ အလုပ်ကိစ္စ Stress များနေရင်မိန်းမဖုန်းဝင်လာရင်စိတ်အနှောက်အယှက်ဖြစ်လို့ကိုယ့်အသံကအလိုလိုဒေါသသံပါနေတတ်တယ်။


“ ဦး……..ရောက်ပြီခင်ဗျ…”


ကားခငါးထောင်တန်ပေးလိုက်တာပိုက်ဆံသုံးထောင်ကိုရိုရိုသေသေပြန်အမ်းတယ်။


“ ကျေးဇူးပါဦး….အခုမှဈေးဦးပေါက် ”


ငါးထောင်တန်နဲ့ကားပေါ်လိုက်ပွတ်တယ်။ညနေပိုင်းဆွဲတဲ့သူထင်တယ်။တက္ကဆီဆရာလူမိုက်ရုပ်နဲ့နွမ်းပါးပုံပေါက်ပေမယ့်စိတ်နှလုံးနူးညံ့သိမ်မွေ့တယ်ဆိုတာမိနစ်ပိုင်းအတွင်းသင်ခန်းစာရလိုက်တယ်။ 


သူ့အလုပ်ချိန်ကားမောင်းနေတုံးသူ့မိန်းမကိုစကားချိုချိုသာသာပြန်ပြောတာ၊သူ့စကားသံတဖက်ကသူ့မိန်းမကိုနွေးနွေးထွေးထွေးရှိစေတာ၊ကိုယ့်ကိုယဉ်ယဉ်ကျေးကျေးဆက်ဆံတာကြည့်ပြီးလူတယောက်စိတ်ဓါတ်ကိုအပြင်ပန်းကြည့်ဆုံးဖြတ်လို့မရဘူးရှေးလူကြီးပြောခဲ့တာသတိရမိတယ်။


Crd

#လွင်ဦး_ရန်ကင်း

#lwinooyankin

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့