သား သမီးအလိမ္မာ ပိုင်ဆိုင်ချင်ရင်

**************************

ဖတ်ကြည့်နော်…


ကျွန်တော်က

ယောက္ခမအိမ်မှာ လိုက်နေရသည့်

သမက်တစ်ယောက်ပေါ့။


တစ်နေ့မှာတော့…

ဇနီးသည်ရဲ့ လက်ဝါးတစ်စုံဟာ

သားလေးရဲ့

ကျောပြင်အထက်မှာ ရောက်သွားပြီး

သားဖြစ်သူကို ရိုက်၍

ပါးစပ်ကလည်း စကားတွေ

တတွတ်တွတ်နဲ့ ပြောနေရှာပါတယ်။


သူမရဲ့ဖခင်ကြီးက ကြားတော့

အခန်းထဲမှ ထွက်လာပြီး


ဟဲ့…ဟဲ့…သမီး

ဘယ့်နှယ် မြေးလေးကို

တအားရိုက်နေရတာလဲကွယ်။


ဒီလိုပါ အဖေ…

သမီး ရေချိုးသွားတဲ့အချိန်

မှန်တင်ခုံပေါ်မှာ

ပိုက်ဆံလေး တစ်ထောင်တန်တစ်ရွက်

ချထားခဲ့တယ်။

ဒီနားမှာလည်း သူတစ်ယောက်ထဲပဲ

ရှိတာ။


မေးတော့လည်း မယူဘူးပဲ

အတင်းငြင်းပြီး လိမ်နေတယ်။


ဒီငွေကို သူ မယူလို့

ဘယ်သူ ယူမှာလဲ အဖေရဲ့။


ဒါနဲ့ ရှာလိုက်တော့

သူ့ဆီက တွေ့တယ်အဖေ။


ဖြစ်ကြောင်းကုန်စင်ကို

သေချာ သိလိုက်ရတဲ့ အဖေက

သူ့သမီးကို

ခုလို ဆုံးမစကားလေး ပြောပါတယ်။


သမီးရယ်…

မြေးလေးကို ခုလို ရိုက်လိုက်တော့

လိမ်မာသွားရောလား…?


ဒီမယ် သမီး…

မိခင် နဲ့ ဖခင်ဆိုတဲ့ စကားဟာ

သူ့မှာ အဓိပ္ပါယ်ရှိတယ်။


မိခင်ဆိုတာ…

မိမိရရ

ထိထိမိမိ

ကြင်ကြင်နာနာ

ခင်ခင်မင်မင်နဲ့

သား သမီးကို

လိမ္မာအောင် သွန်သင် ဆုံးမရမယ်။


ဖခင်ဆိုတာ…

ဖေးဖေးမမ

နွေးနွေးထွေးထွေး

ချစ်ချစ်ခင်ခင်ဖြစ်အောင်

သား သမီးတွေကို

လမ်းပြ နေထိုင်နိုင်ရတယ်။


သား သမီး တစ်ယောက်က

မိဘတစ်ယောက်ကို

ချစ်တာ နဲ့ ကြောက်တာ

မတူဘူးနော် သမီး။


ကြောက်တယ်ဆိုတာ…

တိရစ္ဆာန်မိုလို့ ကြောက်တာ။


ဒီတော့ သမီးအနေနဲ့

ကိုယ့်ကိုယ်ကို

တိရစ္ဆာန်တစ်ကောင် အဖြစ်ခံမလား-?


သား သမီးက ကြောက်တယ်ဆိုတာထက်

ချစ်တတ်အောင် သင်ပေးပါ။


ဘာဖြစ်လို့လဲ ဆိုတော့…

လူဆိုတာ

ကြောက်ရင်

လိမ်တဲ့အဆင့်ထိ ရောက်သွားတတ်တယ်နော်

သမီး။


လိမ်ပါများတော့…

မယုံကြည်ခြင်းတွေ

သံသယစိတ်တွေ ဝင်လာမယ်။


လောကမှာ…

မိဘက သား သမီးကို မယုံ

သား သမီးက မိဘကို မယုံကြည်။


ဇနီးသည်က ခင်ပွန်းကို မယုံ

ခင်ပွန်းသည်က သူ့ဇနီးကို မယုံကြည်။


ဆရာက တပည့်ကို မယုံ

တပည့်က ဆရာကို မယုံကြည်။


စျေးဝယ်သူက

စျေးရောင်းသူကို မယုံ

စျေးရောင်းသူက

စျေးဝယ်သူကို မယုံကြည်။


အစိုးရက

ပြည်သူတွေကို မယုံ

ပြည်သူတွေက

အစိုးရကို မယုံကြည်တော့ဘူး

ဆိုရင်


ဒီမယုံကြည်ခြင်းတွေရဲ့

နောက်ကွယ်မှာ

သံသယစိတ်တွေ ပါလာပြီး

နောက်ဆုံး

မလိုလားအပ်တဲ့ ပြဿနာတွေများစွာ

ဖြစ်နိုင်တယ်။

သတိထားပါ သမီး။


ဒါကြောင့်…

ဘယ်အရာကိုမှ မလိမ်မိစေနဲ့။

ဟန်မဆောင်မိစေနဲ့။

ရိုးသားပွင့်လင်းစွာ ပြောဆိုပါ။


ငါ့မြေးလေးကို မရိုက်ပဲ

သမီးက

ခုလိုလေး ပြောကြည့်ပါလား…


သားလေးရေ…

ဒီနားမှာ

မေမေ ငွေလေးတစ်ထောင် ချထားတယ်။

သားသား မမြင်မိဘူးလား…?


သူက မသိအောင် ယူထားတယ်လို့

သမီးရဲ့စိတ်ထဲမှာ ထင်နေရင်…


သားလေးရေ…

ဒီပိုက်ဆံဟာ

သားလေး ကျောင်းသွားရင်

မေမေက

မုန့်ဖိုးပေးဖို့ ချထားတာနော်…


အဲဒီအခါ

သားလေးက ပြောလာမယ်။


ဟုတ်ကဲ့ မေမေ…

သားလေ

မေမေ မသိအောင် ယူထားမိတယ် လို့

ဖြေမယ်။


ဒီတော့မှ သားကို ခုလို ဆုံးမပါ။


သားလေး…

နောက်ဆို မေမေ မသိပဲ

သူများပစ္စည်းတွေကို မကိုင်ရဘူးနော်။

မယူရဘူးနော်…


သူတစ်ပါးပစ္စည်းကို ယူရင်

ငရဲကြီးတတ်တယ်။


မေမေက

သားလေး ငရဲကျမှာ မလိုလားလို့ပါ

ဆိုပြီး

အပြစ်ပြပြီး ဆုံးမလိုက်ရင်


နောက်ဆို ဒီမြေးလေးဟာ

လိမ်ပါဆိုလို့ မလိမ်တော့ပဲ

ကြီးတဲ့အထိ လိမ္မာသွားနိုင်တယ်နော်…


အဖေပြောတာ

လက်ခံရဲ့လား-သမီး-?


ဟုတ်…လက်ခံပါတယ် ဖေဖေ။


နောက်ကို မှတ်ထား သမီး…

ကိုယ့်ရဲ့ သား သမီးကို

ကောင်းစေချင်ရင်

ဘယ်တော့မှ လူတွေကြားထဲမှာ

သား သမီးကို မငေါက်မိစေနဲ့။

အပြစ်မပြောမိစေနဲ့။

မရိုက်မိစေနဲ့။


သူတို့ကို လိမ္မာစေချင်ရင်

ကိုယ်ဖြစ်ချင်တဲ့ ပုံစံလေးတွေကို

မိဘနဲ့ သား သမီး

နှစ်ယောက်ထဲရှိတဲ့ အချိန်ကြမှ

မေတ္တာစိတ်နဲ့ ဆုံးမပေးပါ။


နောက်ပြီး လူတွေရဲ့ရှေ့မှာ

ဒီသား

ဒီသမီးတွေ

လိမ္မာတဲ့ အကြောင်း

တော်တဲ့အကြောင်းလေးတွေ

များများပြောပေးပါ။


ဒါဆို

သူတို့ အမြဲတမ်း လိမ္မာသွားလိမ့်မယ်

သမီး။


ဟုတ်ကဲ့ပါ ဖေဖေ…


သမီး

ကိုယ့်စိတ်ကို မထိန်းမိပဲ

သားလေးကို ကြောက်အောင်

ရိုက်မိတယ်။

နောက်ဆို သတိထားပြီး ဆုံးမပါ့မယ်

ဖေဖေ။


ကျွန်တော်လည်း

ဘေးနားက နားထောင်ပြီး

ငိုနေတဲ့ သားလေးကို

ရင်ခွင်လေးထဲ ထည့်၍

နှစ်သိမ့်ပေးနေမိပါတယ်။


စိတ်ထဲကနေပြီး

အဖေ့ရဲ့ ဆုံးမစကားလေးတွေ

အပေါ်မှာ

သဘောကျ နှစ်သက်ပြီး ချီးကျူးမိပါသည်။


လောကထဲရှိ မိခင် ဖခင်များအားလုံး

ရတနာ ထိုက်သော

သားကောင်း ရတနာ သမီးကောင်း ရတနာများ

ပိုင်ဆိုင်နိုင်ကြပါစေ။


မူရင်း Credit-Z. C ( ရွှေကုန်းရွာ)


မေတ္တာဖြင့်…

အရှင်ပုည( ဝကုန်း )

Comments

  1. ကောင်းလိုရ်တာ ကျေးဇူးပါ

    ReplyDelete
  2. မှတ်သားစရာပါ
    မိခင်တွေက ချစ်သလောက် ဒေါသထွက်လွယ်ကြတယ်

    ReplyDelete
  3. အကြောက်တရား😟

    ReplyDelete

Post a Comment

Popular posts from this blog

ချောတယ်လို့