မိန်းကလေးတစ်ယောက် ရာသီလာတယ်ဆိုတာ အစ်ကိုသိလားတဲ့။


ကျနော့်ကို အဲရိုဆိုတဲ့ရှစ်တန်းကျောင်းသားလေးတစ်ယောက်ကမေးခဲ့ဖူးတာပါ။နယ်မြို့က အသိတစ်ယောက်ရဲ့သားလေးပါ။အိမ်ခေါ်နာမည် အဲရိုလေးပေါ့လေ။သူမေးလိုတဲ့အကြောင်းက လှောင်ပြောင်လိုတဲ့ရည်ရွယ်ချက်နဲ့မေးတာမျိုးမဟုတ်ခဲ့ပါဘူး။


အဲရိုတို့အထက်တန်းကျောင်းရဲ့စာသင်ခန်းတစ်ခန်းထဲမှာဖြစ်ပျက်ခဲ့တာကို ပြောပြချင်တာကနေ အဲရိုစလိုက်တဲ့စကားပါပဲ။အဲရိုက အဲ့ဒီအကြောင်းကိုပြောပြတော့ တက်တက်ကြွကြွပဲ။


တစ်ရက်မှာ လူ အယောက်လေးဆယ်လောက်ရှိတဲ့သူတို့စာသင်ခန်းထဲမှာ နေ့လယ်ကျောင်းတက်ချိန်ပြန်ရောက်တော့ စူးရှရှနဲ့ အနံ့ဆိုးတစ်ခုကိုသူတို့ စရကြတယ်တဲ့။ကျောင်းသူ/ကျောင်းသားအားလုံးက အဲ့ဒီအနံ့ဆီအာရုံတွေအကုန်ရောက်ကုန်ကြတာပဲ။အဲ့ဒီအနံ့ဘယ်ကလာတယ်ဆိုတာ ရှာကြဖို့ပါ လုပ်ကြတော့တာလို့ပြောတယ်။


မကြာဘူး အတန်းအလယ်လောက်က ကောင်မလေးတစ်ယောက်ကို ကောင်မလေးသုံးယောက်က ကာပြီးအပြင်ကိုထွက်ကြတယ်တဲ့။ကောင်လေးတွေက ဘာဖြစ်ကြတာလဲဆိုပြီး ဝိုင်းကြည့်ကြတာပေါ့။


အဲ့ဒီမှာအတန်းထဲက ခပ်စွာစွာနေတတ်တဲ့ကောင်မလေးက ယောက်ျားလေးတွေကိုစုပြီး စကားတစ်ခွန်းပြောတယ်တဲ့။ငါတို့အားလုံး ကျောင်းစိုက်ခင်းထဲက အနံ့မွှေးတဲ့ ပန်းတစ်ခုခုခူးရမယ်လို့ ဆိုတယ်တဲ့။အကြောင်းက သူတို့အားလုံးရဲ့သူငယ်ချင်းမလေးက အပျိုဖော်ဝင်တဲ့အချိန်မှာစဖြစ်တဲ့ ဝေဒနာစခံစားရတာမို့ အနံ့ဆိုးထွက်တာလို့ပြောပြီး သူ မရှက်ရအောင် အနံ့ဆိုးဖုံးပေးကြဖို့ပါပဲတဲ့။


အားလုံးကလွယ်လွယ်ကူကူပဲ လက်ခံလိုက်ကြတယ်ပြောတယ်။အတန်းဝင်မယ့်ဆရာမ ရောက်မလာသေးတဲ့အခန်းထဲကနေ ယောက်ျားလေးနဲ့မိန်းကလေး ဆယ်ယောက်ကျော်ကျော်ထွက်သွားကြပြီး ကျောင်းစိုက်ခင်းထဲကိုပန်းတွေသွားခူးကြတာတဲ့။


အခန်းကိုပြန်လာကြတော့ ဇီဇဝါကြီးတွေ၊ နှင်းဆီတွေ အပြင် သနပ်ခါးပန်းပွင့်တွေပါ ခူးလာကြတယ်ပြောတယ်။မိုးလယ်မှာပွင့်တဲ့ပန်းတွေပေါ့လေ။ပြီးတော့ အဲ့ဒီကောင်မလေးရဲ့ စာသင်ခုံတွေထဲရော အတန်းသူတွေရဲ့ တချို့ခုံတွေထဲပါ ထည့်ကြတာတဲ့။သန့်စင်ခန်းကနေ သန့်စင်ပြီးပြန်လာကြတဲ့ကောင်မလေးတွေက အတန်းထဲပြန်ရောက်တော့ ပြုံးလိုက်ကြလို့တဲ့။


အဲ့ဒီနေ့က အတန်းထဲမှာ ပန်းနံ့တွေသင်းနေကြောင်းအတန်းဝင်တဲ့ ဆရာ/ဆရာမတွေတိုင်းက ပြောကြတယ်တဲ့။နောက်မှ ကျောင်းစိုက်ခင်းထဲက ပန်းတွေခူးတာဆူခံရကြောင်းရောပါပါတယ်။


အဲရိုက ကျနော့်ကိုပြောပြနေရင်းက လည်ပြန်ကြည့်ပြီး မေးခွန်းထပ်မေးတယ်။ပန်းတွေမှာ ဘာဂုဏ်သတ္တိရှိလဲ အစ်ကိုသိလားတဲ့။လင်းစမ်းပါဦးလို့ မျက်စပစ်ပြတော့ “ မွှေးတာလေ “ တဲ့။


ကျနော်က သူ့ခေါင်းကိုဖွဖွလေးဖွလိုက်ပြီး ခပ်ပြုံးပြုံးလေးပြောလိုက်မိတယ်။


“ ပန်းတွေဟာ လူတွေရဲ့ ညစ်ထွေးနေတဲ့၊

ရှုပ်ထွေးနေတဲ့စိတ်တွေကို ကြည်လင်စေတယ်။

ကြည်နူးအေးချမ်းစေတယ်။

ချစ်ခြင်းမေတ္တာကို နူးနူးညံ့ညံ့ဖြစ်အောင်ကူညီတယ်။

တစ်ယောက်နဲ့တစ်ယောက်ကြား နွေးထွေးအောင်ပေါင်းကူးပေးတယ် “


စကားဆုံးတော့ ကျနော်က “ အဲရို လူပန်းတွေကိုမြင်ဖူးလား” လို့ မျက်ခုံးပင့်ပြပြီးမေးတော့ မမြင်ဖူးဘူးတဲ့။


အဲရိုတို့ သူငယ်ချင်းတွေအားလုံးက လူပန်းလေးတွေပေါ့။ဘယ်လောက်များမွှေးသလဲကွာဆိုတော့ အဲရိုဟာ အသံထွက်အောင် ရယ်ပါလေရဲ့။


လောကကြီးမှာ လူပန်းတွေများများပွင့်ပါစေလေ။


( ၂၀၁၆ လောက်က လူပန်းလေးတစ်ယောက်အကြောင်းပါပဲ )

#လင်းရောင်စင်

#လူပန်းတွေများများပွင့်ပါစေ

Crd.

Comments

Popular posts from this blog

ချောတယ်လို့