"ငြမ်း"
________
ကျွန်တော့်အသားတွေတဆတ်ဆတ်တုန်နေတယ်။ကျွန်တော့်နားထဲမှာ "အကြီးဖြစ်ပြီး အငယ်တွေအပေါ် ညှာတာရကောင်းမှန်းကို မသိတာ"ဆိုတဲ့
အငယ်မရဲ့ ပြောစကားတွေပဲကြားယောင်နေမိတယ်။အင်းလေ ကိုယ်ကလည်း သူပြေလည်မှန်းမသိ၊
မပြေလည်မှန်းမသိပဲ မနက်စောစောစီးစီး ပိုက်ဆံ
သွားချေးမိခဲ့တာကိုး။
သမီးလေးက ဖိနပ်အသစ်မရှိလို့ဆိုပြီး ကျောင်း
မသွားဘူးလို့ ငြင်းနေတယ်။ဒီရက်ပိုင်း အလုပ်က
လည်း Covid ကာလမို့ သိပ်အဆင်မပြေဘူးလေ။
ဖိနပ်ဖိုးက ဘယ်လောက်လည်းဆိုတော့ တစ်သောင်းခွဲ ကျမယ်တဲ့။ကျွန်တော့်လက်ထဲမှာက ရှိစုမဲ့စုမှ
မနည်းကုပ်ကပ်ထားရတဲ့ ပိုက်ဆံ ၅၀၀၀ ပဲရှိတာလေ။
သမီးလေးကို ဖြောင်းဖျမရတော့ အငယ်မဆီကို တန်း
ပြေးလာခဲ့ မိတာပဲ။
အငယ်မတို့က စီးပွားရေးအဆင်ပြေသူတွေ
ဆိုတော့ ပိုက်ဆံတစ်သောင်းလောက်ကို လွယ်လွယ်
လေး ချေးပေးမယ် ထင်ခဲ့မိတာ။ထင်ချက်က တက်တက်စင်အောင် လွဲတာပါပဲ။ဘယ့်နှယ် မချေးပေးတဲ့
အပြင် ပြောလိုက်တဲ့ စကားက "အကြီးဖြစ်ပြီး အငယ်တွေအပေါ်ကို ညှာတာရကောင်းမှန်းကို မသိတာ"
တဲ့လေ။
ကျွန်တော့်စိတ်ထဲ ပိုက်ဆံမရတာထက်၊
အငယ်မ ကျွန်တော့်ကို အဲလိုပြောထွက်တာကို
ပိုလို့ ခံပြင်းမိတယ်လေ။ကျွန်တော် သူတို့အပေါ်
ညှာတာ ခဲ့တာပေါ့ဗျာ။ညှာတာလွန်းခဲ့လို့ ကျွန်တော်
ခုလိုခက်ခက်ခဲခဲ ပန်းရံအလုပ်ကြမ်းသမားဘဝနဲ့
နေနေရတာပေါ့။နို့မို့ဆို ကျွန်တော်ပညာတတ်ကြီး
ဖြစ်ပြီး ခုလောက်ဆို ဌာနတစ်ခုခုမှာ အရာရှိကြီး
တစ်ယောက် ဖြစ်နေလောက်ပြီပေါ့။
အမြတ်တနိုးသိမ်းထားမိပေမယ့် တစ်ခါမှ
ခုလိုမျိုးထုတ်မကြည့်ဖြစ်တဲ့ သေတ္တာထဲက ၄ တန်း
အောင်လက်မှတ်လေးကို ထုတ်ကြည့်ဖြစ်တယ်။
ပြည်နယ်အဆင့် ပထမဆိုတဲ့ ဆုလက်မှတ်လေး။
ဘဝမှာ ပထမဦးဆုံးရဖူးတဲ့ ဆုကလေးဖြစ်သလို၊
နောက်ဆုံးဖြစ်သွားတဲ့ ဆုကလေးပေါ့။
*** ***** ***
အဲဒီနေ့က အစိုးရစစ် ၄ တန်းအောင်စာရင်း
ထွက်တဲ့နေ့။ကျွန်တော် ပြည်နယ်အဆင့် ပထမရ
တယ်။အမေက သူရောင်းမယ့်အကြော်တွေအကုန်
လုံးကို ရပ်ကွက်ထဲကသူတွေကို အလကားကျွေး
လိုက်မိလို့ ညနေဆန်ဖိုးတောင် မရှိအောင်ဖြစ်သွား
ခဲ့တဲ့နေ့လေ။
ကျွန်တော့်အောက်မှာ ညီတစ်ယောက်နဲ့ ညီမ
တစ်ယောက်ရှိသေးတယ်။ဒါပေမယ့် အဖေမရှိတော့
ဘူး။အဖေက လွန်ခဲ့တဲ့ ၆ လ လောက်က ဆုံးသွား
တာ။သားသမီး ၃ ယောက်နဲ့ကျန်ခဲ့တဲ့အမေက
သူအကျွမ်းကျင်ဆုံး ဘူးသီးကြော်သည်ဘဝနဲ့
လောကကို ရင်ဆိုင်လိုက်ရတယ်။အမေ့ဘူးသီးကြော်
က နာမည်ကြီးတော့ ရပ်ကွက်ထဲမှာ အတော်လေး
ရောင်းကောင်းခဲ့တယ်။
ဒါပေမယ့် အကြော်ဖိုးက ရတဲ့အမြတ်ဟာ
မိသားစုလေးယောက် စားသောက်နိုင်ရုံအပြင်
အပိုစုငွေ လုံးဝ မရှိခဲ့ဘူး။အဲဒီလို အပိုစုငွေမရှိ
တဲ့မိသားစုထဲမှာ အငယ်မလေးက နေမကောင်း
အကြီးအကျယ်ဖြစ်လို့ ဆေးရုံတင်ရတော့မယ့် အခြေ
အနေ။သမီးလေး နေမကောင်းဖြစ်နေတာတောင်
အမေက သူ့ရဲ့အလုပ်ကို ရပ်လို့မရနိုင်ဘူး။မနက်ဖန်
အတွက်ဆန်ဖိုးဟာ ဒီနေ့ရောင်းရငွေရဲ့ အမြတ်ထဲမှာ
ပဲ ရှိတာလေ။
အကြော် ကြော်ရင်း အမေမျက်ရည်တွေ စီးကျ
နေတယ်။ကြီးတော်လှက ဆေးရုံမတင်နိုင်ရင် အငယ်မ ဆုံးသွားနိုင်ကြောင်းပြောတော့ အမေ ငိုပါလေ
ရော။သူ့မှာ အငယ်မအတွက် စွမ်းအားက ငိုဖို့တစ်ခု
တည်း ရှိတော့တာတဲ့လေ။ရပ်ကွက်ထဲမှာ ဆေးရုံတင်ဖို့ ပိုက်ဆံသွားချေးခဲ့လည်း ဘယ်မှာမှ မရခဲ့ဘူးတဲ့။
အမေ အဲဒီအကြောင်းပြောတော့ ကျွန်တော်
ရပ်ကွက်ထိပ်က ဦးအောင်ကို သတိရသွားတယ်။
ဦးအောင်က အဆောက်အဦးတွေမှာလုပ်တဲ့ ပန်းရံ
ဆရာ။သူ့အလုပ်မှာ ကျွန်တော် ရံဖန်ရံခါကူလုပ်ဖူး
တယ်။အဲဒီ ကူလုပ်တိုင်း ဦးအောင်က ကျွန်တော့်ကို
မုန့်ဖိုးပေးလေ့ ရှိတယ်။
ဒါကြောင့် ကျွန်တော် ဦးအောင်ဆီကို ပြေးသွား
လိုက်မိတယ်။လူတစ်ယောက်ဆေးရုံတင်ရင် ဘယ်
လောက်လောက်ကုန်နိုင်ကြောင်း မေးကြည့်တော့
ကျွန်တော်တစ်ခါမှ မမြင်ဖူးတဲ့ ပမာဏတစ်ခုကို
ဦးအောင်ပြောတယ်။ကျွန်တော် တော်တော်လေး
အကြပ်ရိုက်သွားတယ်။ကျွန်တော်ထင်ထားတာက
အဲလောက်ပမာဏ မဟုတ်ဘူးလေ။
ဆွံ့အ သွားတဲ့ ကျွန်တော့်ကိုကြည့်ရင်း
ဦးအောင်က "မင်းက ဘာလို့ သိချင်တာလဲ"လို့
မေးတယ်။ကျွန်တော် အဲဒီငွေကို အရေးတကြီးလို
ချင်နေလို့ လို့ပြောတော့၊မင်းက ဘာပစ္စည်းဝယ်မှာ
မို့လို့လဲ တဲ့။ညီမလေး ဆေးရုံတင်ရတော့မယ့်
အခြေအနေကို ပြောပြတော့ ဦးအောင် အိမ်ကို
လိုက်ကြည့်ပေးတယ်။ပြီးတော့ ဆိုက္ကားငှါးပြီး ချက်
ချင်း ဆေးရုံကို သွားကြတော့တာပါပဲ။
ကုန်ကျစရိတ်အားလုံးကို ဦးအောင်က စိုက်ရှင်း
ပေးတယ်။ဒါပေမယ့် အဲဒီငွေဟာ ဦးအောင်ရဲ့ ကိုယ်
ပိုင်ငွေ မဟုတ်ဘူး။အလုပ်အတွက်သူ့ သူဌေးက
ခဏ ထုတ်ပေးထားတဲ့ငွေ။ဆေးရုံတင်ပြီး နောက်
တစ်ရက်က စလို့ ကျွန်တော် ဦးအောင်ဆီကို အလုပ်
သွားကူ လုပ်ဖြစ်တယ်။ပြီးတော့ ဦးအောင်ပေးတဲ့
မုန့်ဖိုးကို ဦးအောင်ဆီ ပြန်အပ်ခဲ့ပြီး အမေအကြွေး
ပြန်ဆပ်တဲ့အခါ ဒီငွေတွေကို နှုတ်ထားပေးပါဆို
တော့ ဦးအောင်က ကျွန်တော့်ကို ရင်ခွင်ထဲထည့်
ပြီး "မင်းလိုအရွယ်နဲ့မလိုက်အောင် မိသားစုအပေါ်
သိတတ်လွန်းတဲ့ သားလေးတစ်ယောက်လောက်
လိုချင်လိုက်တာ"တဲ့လေ။
အငယ်မလေး နေပြန်ကောင်းလာတယ်။
ကျောင်းတွေ ပြန်ဖွင့်တော့မယ့် အချိန်ရောက်တော့
အမေက ဦးအောင်ဆီ မသွားခိုင်းတော့ဘူး။ကျောင်း
ဆက်တက်ရမယ်တဲ့လေ။အမေဘယ်လောက်ပြော
ပြော ကျောင်းမတက်နိုင်ဘူးလို့ပြောပြီး ကျွန်တော်
ဦးအောင်ဆီပဲ အလုပ်သွားကူခဲ့တယ်။ဦးအောင်က
လည်း အရင်လို မုန့်ဖိုးအနေနဲ့မဟုတ်တော့ပဲ
ကလေး လုပ်အားခ ပုံစံမျိုးနဲ့ ကျွန်တော့်ကို နေ့စဉ်
ရှင်းပေးတယ်။တခါတရံ ညီမလေးနဲ့ညီလေးအတွက်
မုန်းဖိုးအနည်းငယ်သာယူခဲ့ပြီး အကုန်ဦးအောင်ဆီ
ပြန်အပ်ခဲ့တာပါပဲ။
*** **** ***
"မင်းအကြွေး အကုန်ကျေပြီ ကောင်လေး၊
အလုပ်လာစရာ မလိုတော့ဘူး။နောက်နှစ် ကျောင်း
ပြန်ဆက်တက်တော့" လို့ ဦးအောင်က ပြောရှာပေ
မယ့် ကျွန်တော် ငြင်းဖြစ်လိုက်တယ်။အခုလို ကျွန်
တော် အလုပ်ဝင်လုပ်နေတော့ အမေနည်းနည်း
သက်သာတယ်လေ။ဒါကြောင့် ဘယ်သူ နားချ၊နားချ
ကျွန်တော် ကျောင်းပြန်တက်ဖို့ကို လုံးဝငြင်းခဲ့တယ်။
နောက်ဆုံး အလတ်ကောင်ရှစ်တန်းနှစ်မှာ
ကျွန်တော် ပန်းရံသံလက်ကိုင်တစ်ယောက်ဖြစ်ခဲ့
တယ်။စျေးလည်း နည်းနည်းပိုမြင့်ပြီး ရလာခဲ့တယ်။
အမေကတော့ ပြောရှာတယ်၊"သားကြီး လိမ္မာလို့
သူ သက်သာတာ"တဲ့။
အဲဒီ ပန်းရံလုပ်အားခတွေနဲ့ အလတ်ကောင်နဲ့
အငယ်မ ကို ဘွဲ့ရ ပညာတတ်ဖြစ်အောင်ထိ ကျွန်
တော်ထောက်ပံ့ပေးခဲ့တာပါပဲ။အငယ်မ ဘွဲ့ယူမယ့်
နှစ်မှာ ကျွန်တော် အေးမြနဲ့အိမ်ထောင်ကျခဲ့တယ်။
မင်္ဂလာဆောင်ကို အကျဉ်းရှုံ့လောက်သာ လုပ်ဖြစ်
လိုက်တယ်။အငယ်မ ဘွဲ့ယူတဲ့အခါ ငွေကထပ်ကုန်
အုံးမှာလေ။
*** **** ***
ဒီလိုနဲ့ အလတ်ကောင်နဲ့ အငယ်မတို့လည်း
အိမ်ထောင်တွေကျပြီး သူ့အိုး၊သူ့အိမ်နဲ့ အဆင်ပြေ
သွားကြတော့ ကိုယ်ကျောင်းထွက်ခဲ့တာ မှန်ကန်ခဲ့
ကြောင်း ဂုဏ်ယူနေတတ်ခဲ့သေးတယ်လေ။
မောင်နှမ သုံးယောက်ထဲမှာ အငယ်မက
စီးပွားရေး အဆင်ပြေဆုံးပါ။ဒါကြောင့်မို့ အမေ့ကို
လည်း သူ့အိမ်မှာခေါ်ထားခဲ့တယ်။အဲဒီကိစ္စကို
အငယ်မက ဂုဏ်တဖော်ဖော် ပြောတတ်သေးတာ။
အမေ့မှာ သမီးတစ်ယောက်ပါခဲ့လို့သာ ခုလိုမျိုး
အေးအေးချမ်းချမ်း နေရတာတဲ့လေ။အဲဒီသမီး ခုလို
အေးအေးချမ်းချမ်းနေနိုင်ဖို့ ဟောဒီအကိုကြီးက
ကျောင်းဆက်မတက်ပဲ အလုပ်ကြမ်းလုပ်ခဲ့ရတာ
တွေ နည်းနည်းတောင် တွေးမိပုံ မပေါ်ပါဘူး။
ငယ်ဘဝတွေပြန်တွေးမိရင်း ကျွန်တော် မျက်
ရည်တွေ စီးကျလာတယ်။ကျွန်တော် ပန်းရံဆရာတွေ
ဘဝမှာ ထပ်မြင့်အဆောက်အဦးတွေ ဆောက်တဲ့
အခါ "ငြမ်း" ကို မဖြစ်မနေ သုံးကြရပါတယ်။
အဆောက်အဦးကြီးပြီးသွားတဲ့အခါ "ငြမ်း"ကို ဖျက်ချ
လိုက်ရပါတယ်။ဒီအဆောက်အဦးကြီး ဖြစ်လာဖို့
မဖြစ်မနေလိုခဲ့တဲ့ ငြမ်း ကို ဘယ်သူမှ သတိမထား
မိကြတော့ပါဘူး။
အဲဒီလိုပါပဲ မိသားစုတစ်မှာ အကြီးဆုံးတွေ
ဟာ အနစ်နာခံရတာများပါတယ်။ဒါပေမယ့် အငယ်
တွေ အဆင်ပြေသွားကြတဲ့ အကြီးတွေဟာ ငြမ်း လို
မျိုး ဖျက်ချခံလိုက်ရတာ များပါတယ်။
ကျွန်တော် ဆုလက်မှတ်လေးကို ကြည့်နေမိ
တုန်းအချိန်မှာပဲ ကျွန်တော်သားအကြီးကောင်က
သူ့ညီမဖြစ်သူကို လှမ်းပြောနေသံ ကြားလိုက်ရပါ
တယ်။
"ရော့ ညီမလေး၊ ညီမလေး လိုချင်တဲ့ ဖိနပ်
ကိုကို ဝယ်လာခဲ့ပြီ"တဲ့။
ကျွန်တော် အိမ်ရှေ့ကို ထွက်လာခဲ့တော့
တကယ်ပဲ သမီးလေးက ဖိနပ်အသစ်လေးရလို့
ပျော်နေရှာပါတယ်။အကြီးကောင် ဘယ်က ငွေ
သွားချေးခဲ့တာပါလိမ့်လို့ တွေးမိနေတုန်း သူရဲ့
လက်ကို အကြည့်ရောက်မိသွားပါတယ်။
ကျွန်တော်အဖြေကို သိလိုက်ပါပြီ။သားကြီး
ရဲ့လက်မှာ လက်ပတ်နာရီလှလှလေး မရှိရှာတော့
ပါဘူး။ကျွန်တော့် မျက်စိရှေ့မှာပဲ ကျွန်တော် ငြမ်း
တစ်ခုကို ထပ်တွေ့လိုက်ရပြန်ပါပြီ။သားကြီးက
ငြမ်း လိုကျင့်ကြံ လာပြီဆိုတော့
သမီးငယ်ကို ငြမ်းရဲ့ကျေးဇူးကို မမေ့မိစေဖို့
ကျွန်တော်ပြောပြရအုံးမယ်ဆိုတာ
သာ စိတ်မှာ တွေးတော နေလိုက်မိပါတော့တယ်။
Crd
ဆန်းသူရိန်(ခရမ်းကျွန်း)
Jun-28-2022
11:23 PM
🙍♂️
ReplyDeleteဖတ်ပီးစိတ်မကောင်းဖြစ်ရတယ်🥲🥲🥲
ReplyDeleteသိတတ်သူသာ ငြမ်းဖြစ်ရရိုးထုံးစံပါပဲ
ReplyDeleteကိုယ်တိုင် က သားကြီး မို့လို့ ခံစားရတယ်
ReplyDelete