ဘုံပျောက်သူများ
----------------
တစ်နေ့တွင် အဓမ္မနတ်ဆိုးသည် နတ်မင်းကြီးအား
“နတ်မင်းကြီး ဓမ္မနတ်ကောင်းတွေက ဘုံဗိမာန်ကြီးတွေနှင့် ခမ်းနားစွာ နေထိုင်ရပြီး ကျွန်ုပ်တို့ အဓမ္မနတ်ဆိုး တွေက အဘယ်ကြောင့် စုတ်ပြတ်နေသည့်တဲစုတ်တွေထဲတွင် နေရသနည်း။ နတ်ချင်းအတူတူ အဘယ်ကြောင့် ခွဲခြားရပါသနည်း” ဟု မေးလျှောက်လေသည်။
နတ်မင်းကြီးက ဖြေသည်မှာ
“ကျွန်ုပ်သည် အားလုံးကို တန်းတူညီမျှ အခွင့်အရေးပေးထားပြီးသားဖြစ်သည်။ နတ်ဘုံနတ်နန်းနှင့် နေရ သည်ဟု ထင်ရခြင်းမှာ ဓမ္မစိတ်ကြောင့်ဖြစ်သည်။ တဲစုတ်တွင် နေထိုင်ရသည်ဟု ထင်နေခြင်းမှာ အဓမ္မ စိတ်ကြောင့်ဖြစ်သည်။ သင်တို့စိတ်ထဲတွင် ဖြစ်နေသည့်အတိုင်း သင်တို့ နေထိုင်ကြရခြင်းဖြစ်သည်”
သို့သော် အဓမ္မနတ်ဆိုးက နတ်မင်းကြီး အဖြေကို သဘောမကျ။ ထို့ကြောင့် ဓမ္မနတ်နှင့် အဓမ္မနတ်တို့ကို နတ်သဘင်ညီလာခံသို့ နှစ်ပါးစလုံးလာခဲ့ရန် ခေါ်လိုက်လေသည်။
နတ်မင်းကြီးက အဆုံးအဖြတ်ပေးလိုက်သည်မှာ
“နတ်မင်းအပေါင်းတို့ အဓမ္မနတ်ဆိုးက ကျွန်ုပ်အား ဓမ္မနတ်ကောင်းတွေကို ဘက်လိုက်သည်ဟု ထင်နေသည်။ ဓမ္မနတ်တွေက ဘုံဗိမာန်ကောင်းကောင်းနှင့် နေခွင့်ပေးထားပြီး၊ အဓမ္မနတ်ဆိုးတွေကို တဲစုတ်နှင့် နေစေ သည်ဟု စွပ်စွဲနေသည်။ ထို့ကြောင့် အားလုံး တန်းတူညီမျှဖြစ်စေရန် ကျွန်ုပ်သည် ဓမ္မဘက်က ဘုံဗိမာန်တွေ ကိုရော၊ အဓမ္မဘက်က ဘုံဗိမာန်တွေကိုပါ ဖျက်ဆီးရလိမ့်မည်။ သင်တို့ ဘုံဗိမာန်တွေကို ဖျက်ဆီးပြီးနောက် သင်တို့သည် ဓမ္မနှင့် အဓမ္မမြို့နှစ်မြို့ကို သင်တို့ကိုယ်တိုင် စိတ်ကြိုက်ပြန်လည် တည်ဆောက်ကြရလိမ့်မည်”
နတ်မင်းကြီး၏ အဆုံးအဖြတ်ကို ကြားလိုက်သည့်အခါတွင် အဓမ္မနတ်ဆိုးက
“နတ်မင်းကြီး ... မြို့တည်ခိုင်းတာတော့ ဟုတ်ပါပြီ။ မြို့တည်ရန်အတွက် အုတ်တွေကို ဘယ်ကရမည်နည်း” ဟု မေးပြန်သည်။
နတ်မင်းကြီးက
“လူ့ပြည်က လူတွေ အမှန်ပြောသလား သို့မဟုတ် လိမ်ညာပြောသလားဆိုသည့် အပေါ်မူတည်ပြီး သင်တို့ထံ အုတ်ချပ်တွေ ရောက်လာပါလိမ့်မည်။ အုတ်တွေက အားလုံးအတူတူဖြစ်သည်။ အရေအတွက်ကတော့ ကွာကောင်းကွာနိုင်သည်။ သင်တို့ မည်သည့်အုတ်ကို အသုံးပြုမည်ဆိုခြင်းမှာ သင်တို့အပေါ်တွင် မူတည်သည်”
အဓမ္မနတ်ဆိုးကတွေးသည်
“လူ့ပြည်က လူတွေသည် လိမ်ညာပြောတတ်သည်ကများသည်။ လိမ်ပြောသည့်လူတွေများသည့်အတွက် အလိမ်အညာ အုတ်တွေက ပိုပြီးရောက်လာနိုင်သည်။ ငါတို့ အဓမ္မမြို့ကို အလိမ်ညာအုတ်တွေနှင့် တည်ဆောက် ခြင်းဖြင့် အမြန်ဆုံးပြီးစီးနိုင်ပေလိမ့်မည်။ ထို့ကြောင့် ငါတို့သည် အလိမ်အညာအုတ်တွေနှင့် မြို့ကို တည်ဆောက်အံ့”
အဓမ္မနတ်ဆိုးက အဓမ္မမြို့တည်မည်။ ဓမ္မနတ်ကောင်းက ဓမ္မမြို့ကို တည်မည်။ လူ့ပြည်က လူတွေ၏ စိတ်ဆန္ဒအတိုင်း နတ်ပြည်ကို ရောက်လာသည့် အုတ်တွေနှင့် မြို့တည်ကြမည်။ လူတစ်ယောက်လိမ်ပြောတိုင်း လိမ်အုတ်တွေက အဓမ္မမြို့ဘက်ကိုရောက်မည်။ လူတစ်ယောက် အမှန်ပြောတိုင်း မှန်အုတ်တွေက ဓမ္မမြို့ဘက်ကိုရောက်မည်။
မြို့ကြီးနှစ်မြို့ကို ဓမ္မမြို့နှင့် အဓမ္မမြို့ဟူ၍ ခွဲခြားကာ တည်ဆောက်ကြရာတွင် အလိမ်အညာ မုသားတွေကို လူတွေက ပြောလွန်းသောကြောင့် အဓမ္မအုတ်တွေက ပိုများကာ အဓမ္မမြို့ကြီးက ပိုပြီးမြန်ဆန်စွာ အကောင် အထည်ပေါ်လာလေသည်။ ဓမ္မမြို့ကား အမှန်ကိုပြောသူတွေ လူ့ပြည်တွင် နည်းပါးလာသောကြောင့် ဓမ္မအုတ် တွေ အရောက်နည်းကာ ဓမ္မမြို့တည်ခြင်းမှာ နှောင့်နှေးရလေသည်။
အဓမ္မမြို့ကို တည်ဆောက်နေသော နတ်ဆိုးသည် မြို့တော်ကြီး ပြီးသည်ကို ဂုဏ်ယူစွာ ပီတိဖြစ်ကာ အဓမ္မ နတ်တွေကို ဘုံဗိမာန်များ ခွဲဝေနေရာချထားပေးနေစဉ်မှာပင် အဓမ္မဗိမာန်များမှာ တဖြည်းဖြည်း ကွယ်ပျောက်ပြီးရင်း ကွယ်ပျောက်ကုန်လေတော့သည်။
ဓမ္မမြို့တော်မှာကား ပုံမှန်အတိုင်း တည်ဆောက်နေကြသည်။
အဓမ္မနတ်က နတ်မင်းကြီးထံသွားကာ စိတ်ဆိုးစွာဖြင့်
“နတ်မင်းကြီး ... ကျွန်ုပ်တို့ တည်ဆောက်နေသည့် အဆောက်အအုံများမှာ တစ်ခုပြီးတစ်ခု ကွယ်ပျောက်ကုန် သည်မှာ အဘယ်ကြောင့်နည်း။ အသင်နတ်မင်း တန်ခိုးကြောင့်လော”
“ငါ့တန်ခိုးကြောင့်မဟုတ် ... အသင်နတ်ဆိုး သင်၏ ရွေးချယ်မှုကြောင့် ဖြစ်သည်။ သင်က အလိမ်အညာ အုတ်တွေနှင့် မြို့ကိုတည်ဆောက်သည်။ လူ့ပြည်က လူတွေကသူတို့ကို လိမ်ညာနေသောသူတွေ၏ စကားတွေကို လုံးဝယုံကြည်မှု မရှိတော့သဖြင့် အမှန်အတိုင်း ပြောဆိုကာ အမှန်တရားကိုယုံကြည်လာကြ သည်။ ထို့ကြောင့် လိမ်ညာမှုတွေကို စိတ်တွင်ဖျောက် အမှန်တရားကို လက်ခံပြီး ဓမ္မဘက်ကို ကူးလေ၊ သူတို့၏ မူလအုတ်တွေက ကွယ်ပျောက်လေဖြစ်သည်။ လူတွေကို လိမ်ညာ၍မရလေ ... လူတွေက အလိမ်အညာ များတွင် မနစ်မွမ်းလေ သင်တို့အတွက် ဘုံဗိမာန်ပျောက်လေဖြစ်လိမ့်မည်”
နတ်ဘုံတွင် အဓမ္မနတ်ဆိုးတွေ ဘုံပျောက်ပြီ။ လူတွေအမှန်တရားဘက်က ရပ်တည်လေ အဓမ္မနတ်တွေ ဘုံပျောက်လေဖြစ်သည်
ဓမ္မမြို့တော်ကြီးအမြန်ဆုံး ပြီးနိုင်ရေးအတွက် အုတ်များများပို့ပေးကြပါကုန်။ အမှန်တရားကို မြတ်နိုးကာ ထိန်းသိမ်းစောင့်ရှောက်ကြပါကုန်။
(Bricks Made of Lie or Truth ကို မြန်မာမှုပြုပါသည်)
Crd
တင်ညွန့်
၅.၇.၂၀၂၂
Comments
Post a Comment