"အဘိုးအိုနှင့် ရုံးပိတ်ရက်"


​ဗြိတိသျှ.ကိုကိုမောင်


“အဘ...ခဏထိုင်စောင့်လိုက်ပါဆို... ဘယ်လိုဖြစ်နေတာတုံး”


ကွန်ပျူတာရှေ့တွင် ထိုင်ကာ မိုဘိုင်းလ်ဖုန်းကို ပွတ်နေသော ပိန်ရှည်ရှည် ခါးကိုင်းကိုင်း စာရေးလေး၏ အော်သံကြောင့် တစ်ရုံးလုံး၏ မျက်လုံးများက အဘိုးထံ အာရုံစိုက်လာသည်။


အဘိုးသည် ထိုမျက်လုံးများကို ရင်မဆိုင်မိအောင် ခေါင်းကို အသာငုံ့ပြီး လှည့်ထွက်လိုက်သည်။


ထို့နောက် နှစ်နာရီနီးပါး သူထိုင်နေခဲ့ရသော ရုံးကော်ရစ်တာမှ သစ်သားခုံတန်းလေးဆီသို့ ကုပ်ချိချိဖြင့် သွားပြန်ထိုင်၏။


သူ့လက်ထဲတွင်ပါသော စာရွက်စာတမ်းဖိုင် အဝါရောင်လေးကို ရင်ဘတ်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ရုံးအဝင်လမ်းဆီသို့သာ ငေးသည်။


အဘိုး၏ဗိုက်ထဲမှ အသံတစ်ခု ကြားရသည်။ ရုံးခေါင်မိုးမှ သွပ်ပြားပူပူတို့ထက် အဘိုး၏ ဝမ်းဗိုက်အတွင်းသည် ပိုမိုပူလောင်လျက် ရှိ၏။ နံနက်ဆယ့်တစ်နာရီ ထိုးလုပြီ။ မိုးလင်းကတည်းက ယခုအထိ ဘာမှမစားရသေး။


အဘိုးသည် သူ့ကိုယ်ထဲမှ ဝေဒနာကို သက်သာလို သက်သာငြား လက်ထဲမှ ဖိုင်လေးကို ဝမ်းဗိုက်ပေါ်တွင် တင်းတင်းကျပ်ကျပ်ဖိပြီး ထားလိုက်သည်။ ထိုဖိုင်လေးထဲတွင် မှတ်ပုံတင်တစ်ခု ပါသည်။ ဆယ်တန်းအောင် လက်မှတ်တစ်ခု ပါသည်။ ရပ်ကွက်ထောက်ခံစာတစ်ခု ပါသည်။ ရဲစခန်းထောက်ခံစာတစ်ခု ပါသည်။ စာရွက်စာတမ်းများ အားလုံးတွင် အဘိုးအို၏ တစ်ဦးတည်းသော မြေးမလေး၏ အမည်များ ရေးထိုးထားသည်။


ဒီစာရွက်တွေရဖို့အရေး အဘိုးအိုသည် ဌာနဆိုင်ရာပေါင်း များစွာကို ထိုနည်း၎င်း ဖြတ်ကျော်ခဲ့ရသည်။


ယခုတော့... ဒါနောက်ဆုံးအဆင့်။


ဒီရုံးမှ ထောက်ခံစာတစ်ခု ရပြီးလျှင်တော့ အဘိုးအို၏ မြေးမလေးအတွက် အလုပ်လျှောက်ရန် အထောက်အထား ပြည့်စုံပြီ ဖြစ်သည်။


ထို့ကြောင့် အဝါရောင်ဖိုင်ကလေးသည် အဘိုးအို၏ အသက်၊ အဘိုးအို၏ မျှော်လင့်ချက်ပဲ ဖြစ်သည်။


နှစ်ပေါင်းသုံးဆယ်လုံး ရေလှည်းသစ်သား လက်ကိုင်ကို တွန်းလာခဲ့သဖြင့် အသားမာတက်နေသော သူ့လက်ဖဝါးနှစ်ခုကို အနားပေးရတော့မည်။


ဒီရေလှည်းလေးနဲ့ပဲ မြေးမကလေးကို သူ ပညာတတ်ကြီး ဖြစ်စေခဲ့ပြီးပြီ။ ရေလှည်းလေးလည်း နားချိန်တန်ပြီ မဟုတ်လား။


မြေးမလေး အလုပ်ရလျှင် အဘိုးသည် မနက်စောစောထ ဘုရားဝတ်ပြုမည်။ ပြီးလျှင် မြေးမလေးအတွက် ထမင်းဟင်း ထချက်ပေးမည်။


မြေးမလေး ရုံးသွားပြီ ဆိုလျှင်ဖြင့် အဘိုးသည် သူတို့နေထိုင်ရာ ကျူးကျော်တဲလေးရှေ့မှ သစ်ပင်ရိပ်တွင် ဝါးပက်လက် ကုလားထိုင်လေးကို ချမည်။ ထိုကုလားထိုင်လေးတွင် ထိုင်ကာ လမ်းသွားလမ်းလာများကို ငေးမည်။ နှုတ်ဆက်မည်။


သက်တူရွယ်တူအချို့နှင့် ရေဒီယို နားထောင်ရင်း စကားတွေ ပြောတန်ပြောကြမည်။


နှစ်ပေါင်းငါးဆယ်ကျော်ကြာ သူပင်ပန်းခဲ့သမျှ ရုန်းကန်ခဲ့သမျှသည် ယခု သူအနားယူရမည့် ကာလနှင့် ယှဉ်လျှင် ထိုက်တန်သည်ဟုပင် အဘိုး ယူဆသည်။


ရုံးအဝတွင် ဆွဲခြင်းကိုဆွဲကာ လှုပ်လီလှုပ်လဲ့ ဝင်လာသော အမျိုးသမီးတစ်ဦးကို မြင်လိုက်သည်နှင့် အဘိုးအို မတ်ခနဲ ဖြစ်သွားသည်။ အမျိုးသမီးသည် ခုံတန်းပေါ်တွင် ထိုင်နေသာ အဘိုးကို တစ်ချက်ကြည့်ပြီး မျက်နှာကိုလွှဲကာ ရုံးထဲဝင်သွား၏။


အဘိုးအိုသည် ထိုင်ရမလို ထရမလိုဖြစ်ကာ ရုံးခန်းထဲမှ စာရေးလေးရှိရာ လှမ်းကြည့်သည်။ လက်ကိုင်ဖုန်းကို အာရုံဝင်စားနေသော စာရေးလေးသည် တစ်လောကလုံးကို မေ့နေဟန်။


“ဟဲ့...ဝင်းခိုင်... ဘာထူးလို့လဲ... ဒီလောက်တောင် သဲကြီးမဲကြီး ပွတ်နေတာ”

“ဟိုကိုယ်တော်ကြီးကိုတော့ တရားဟောခွင့် တစ်နှစ်ပိတ်လိုက်တယ်တဲ့ အန်တီ...ဖေ့ဘွတ်ပေါ်မှာလေ”

“အို...အဲ့ဒါ သူလည်း တစ်နှစ်အနားရသွားတာပေါ့...အဲ့ဒါ အသာထားပါ...ဟို ဆယ်ရက်ကိစ္စက သေချာသွားပြီလား... ဘာတဲ့တုံး”

“ဒီနှစ်တော့ တရားဝင် ငါးရက်ပဲ ပိတ်တာတဲ့... ဒါပေမဲ့ အစိုးရ ဝန်ထမ်းတွေကိုတော့ ဆယ်ရက်တဲ့ အန်တီရဲ့... နောက်နှစ်တော့ ငါးရက်ပဲတဲ့”


အကြီးတန်းစာရေး အန်တီကြီးသည် ရုံးစားပွဲပေါ်သို့ သူ့ဆွဲခြင်းကို တင်လိုက်သည်။ ထို့နောက် သူ့ခန္ဓာ ဝဖိုင့်ဖိုင့်ကြီးကို ကုလားထိုင်ပေါ်သို့ အိခနဲ ထိုင်ချသည်။


“စိတ်လည်းညစ်ပါတယ်အေ... နင်ပြောတာ ရှုပ်နေတာပဲ... ငါးရက်လား... ဆယ်ရက်လား”

“မသိဘူး အစ်မရေ... သမ္မတရုံးက ထုတ်တဲ့စာထဲမှာလည်း အဲ့ဒီလို ရှုပ်နေအောင် ရေးထားတာပဲ...ပိတ်မှပိတ်တယ် မှတ်ပေါ့ဗျ”

“အေးဟယ်... ငါတို့မှာ တစ်နှစ်လုံး ပင်ပင်ပန်းပန်း လုပ်နေရတာ...ဒီဆယ်ရက်လေး အနားရတာကို... နောက်နှစ်မှ ဆိုတော့ တော်ပါသေးတယ်...ဘုရားဖူးထွက်ဖို့ လက်မှတ်တွေ စီစဉ်ပြီးသားကို ဖျက်စရာ မလိုတော့ဘူးပေါ့...ဟဲ့...ပူလိုက်တာနော်...ပန်ကာ ထဖွင့်စမ်းပါဟယ်”


အဘိုးသည် တံခါးဝတွင်ရပ်ရင်း စာရေးအန်တီကြီးနှင့် စာရေးလေးတို့၏ စကားဝိုင်းအဆုံးကို စောင့်နေလေသည်။ အဘိုး၏ ကျောပြင်တစ်ခုလုံးတွင် ချွေးတို့ရွှဲနစ်လျက်။ နံရံမှ ပန်ကာခလုတ်ကို လာဖွင့်သော စာရေးလေးသည် တံခါးဝမှ အဘိုးကို မြင်သွားသည်။


အဘိုးသည် သူ့မျက်နှာကို အချိုသာဆုံးဖြစ်အောင် ပြုံးပြလိုက်သည်။


“ဝင်လို့ရပြီအဘိုး”


စာရေးလေးက မျက်နှာထားတည်တည်ဖြင့် ပြန်ပြောသော်လည်း အဘိုးသည် သူ့မျက်နှာပေါ်က အပြုံးတို့ကို မဖျောက်ပစ်။ အန်တီစာရေးမကြီး၏ စားပွဲရှေ့အထိ ထိုအပြုံးတို့ကို သူယူဆောင်သွားသည်။


ဖိုင်စာရွက်လေးကို အန်တီမကြီး၏ ရှေ့မှ စားပွဲပေါ်သို့ လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ တင်ပေးလိုက်သည်။


အန်တီစာရေးမကြီးသည် အဘိုး၏ ဖိုင်အဝါလေးကို မကြည့်မီ သူ့ခြင်းတောင်းလေးထဲမှ ရေခဲရေဘူးကို ထုတ်ကာ မော့သောက်သည်။


ဂလု...ဂလု ဟူသော အသံနှင့်အတူ အန်တီ စာရေးမကြီး၏ လည်ချောင်းသွေးကြောများ လှုပ်နေပုံကိုကြည့်ကာ အဘိုးအိုသည် ခြောက်သွေ့နေသော သူ့လည်ချောင်းကိုပင် သူသတိမေ့နေပုံ ရ၏။


ရေသောက်ပြီးသောအခါ ဖိုင်တွဲအဝါလေးကို အန်တီစာရေးမကြီးသည် ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။


“မနက်က ကလေးတွေ စာမေးပွဲ ရှိတာနဲ့ ထွက်လာတာ နောက်ကျသွားတာ...ဝိုင်ဘီအက်စ်ကလည်း စောင့်လိုက်ရတာဟယ်...တော်သေးတယ်...ကားက သိပ်မကျပ်လို့...စောစောပိုင်းဆို အသေကျပ်တာ... ကားပေါ်မှ ဟိုစီမံခန်းက မကြည်ကြည်လွင်တို့နဲ့တောင် တွေ့သေးတယ်... သူတို့က သင်္ကြန်ပိတ်ရက်အတွက် စျေးသွားဝယ်တာတဲ့... အတင်းလိုက်ခဲ့ဖို့ ခေါ်သေးတယ်...နေပူတာနဲ့ ရုံးပဲတန်းလာလိုက်တာ...ဟူး”


အန်တီစာရေးမကြီးသည် ပါးစပ်က တတွတ်တွတ် ပြောနေရင်း အဘိုး၏ ဖိုင်တွဲထဲမှ စာရွက်စာတမ်းများကို တစ်ရွက်ပြီးတစ်ရွက် ကြည့်နေသည်။


“ထောက်ခံပေးရမယ့်သူနဲ့က ဘာတော်တာလဲ”

“သူ့အဘိုးပါ...”

“သူ့မိဘတွေကရော”

“သူ ငယ်ငယ်ကလေးတည်းက ဆုံးသွားပါပြီ။ ကျွန်တော်ပဲ ဒီအရွယ်အထိ ကျွေးမွေးထားတာပါ ဆရာမကြီး”

ထိုစဉ် စာရေးလေးသည် ဖိုင်တစ်ထပ်ကြီးအား ကိုင်ပြီး အန်တီစာရေးမကြီးဘေး လာရပ်သည်။


“အန်တီ...ဒီအရေးကြီးဖိုင်လေးတွေ အရင်လုပ်ပေးပါဦး...ဒါက ညွှန်မှူးတူမဟာ။ ဒါက အန်တီ့အိမ်ကို ဟိုနေ့က လာသွားတယ်ဆိုတဲ့ ကောင်လေးဟာ။ ဒါက ကျွန်တော်ကူညီပေးထားတဲ့ တစ်ယောက်။ ဒီနောက်ဆုံး ဖိုင်အစိမ်းက ပိုအရေးကြီးတယ်...ဒါလေးတွေ အရင်လုပ်ပေးပါဦး...ပြီးမှ အဘိုးကို သေချာစစ်ပေါ့”

“ဟဲ့...နောက်ဆုံးဖိုင်အစိမ်းက အရေးကြီးတယ်ဆိုတော့ ဘယ်သူ့ဟာတုံး”

“ဒါက ဟိုဆရာကြီးဟာလေ...အစ်မ...တစ်ခါ ဟိုဘက်ရုံးကို ဖေ့ဘွတ်ပေါ် တက်အော်တဲ့ တစ်ယောက်လေ...သူက ရှော့ရှိတယ်”

“နင့်ဟာတွေကလည်း ရှုပ်ကို ရှုပ်တယ်ဟယ်...ပေးပေး”

အန်တီကြီးသည် ထိုဖိုင်တို့ကို တစ်ခုမှ မစစ်။

အပေါ်ဆုံးက စာရွက်ပေါ်တွင် ကျွိခနဲ ကျွိခနဲ လက်မှတ်တွေ ထိုးပေးလိုက်သည်။


အဘိုး၏ ဦးခေါင်းတို့သည် ပန်ကာလေတဝီဝီအောက်တွင် တရိပ်ရိပ်မူးလာ၏။ ဗိုက်ထဲတွင် အစာနှင့်ရေ လုံးဝမရှိခြင်းကြောင့် အဘိုး၏မျက်လုံးတို့ တစ်ချက်တစ်ချက် ပြာဝေလာသည်။


ဟော့...စာရေးကလေး၏ ဖိုင်တွဲတွေ အားလုံး လက်မှတ်ထိုးပြီးပြီ။


အဘိုး၏ ဖိုင်အဝါလေးဆီ စာရေးမကြီး၏ အကြည့်က ပြန်ရောက်လာသည်။

“အဘ...ဖိုင်က ကျွန်မတို့ ရုံးပုံစံ စာရွက်တစ်ရွက် လိုနေတယ်...အဘ”

“ဗျာ”

“မင်းကရော... ဒီဆယ်ရက်ကို နယ်ပြန်မှာလား၊ ခရီးသွားမှာလား၊ ဘာလုပ်မှာလဲ မောင်ဝင်းခိုင်”

အဘိုး၏ ဗျာကို အန်တီစာရေးမကြီး ကြားပုံမရ။ စာရေးလေး ကိုဝင်းခိုင် ပိတ်ရက်မှာ ဘာလုပ်မလဲ ဆိုသည်ကိုသာ အန်တီစာရေးမကြီးက စိတ်ဝင်စားနေသည်။


“ဒါဆို အဘ ဘာလုပ်ရမလဲကွယ်”

“ဘာလုပ်ရမှာလဲ အစ်မရဲ့... နယ်ပြန်မှာပေါ့။ ဒီတစ်နှစ်ပဲ ဒီလိုဆယ်ရက်ရတော့မှာ...နောက်ဆို ဒီ အစိုးရနဲ့တော့ ငါးရက်တောင် သေချာပါ့မလားပဲ...မူဝါဒတွေကို ချက်ချင်းကြီးပြောင်းတော့ အနာကို အစိမ်းချုပ် ချုပ်သလိုပဲ... ဒီနိုင်ငံမှာ ဝန်ထမ်းဖြစ်ရတာလည်း မလွယ်ပါဘူးဗျာ”

“ဆရာမကြီး...အဘ...ဒါဆို ဘယ်လိုလုပ်ရမလဲ”

စာရေးကလေးနှင့် အန်တီစာရေးမကြီးတို့ စကားဝိုင်းကြားတွင် အဘိုး၏အသံက မနည်းတိုးဝင်ယူရသည်။


“သြော်...အဘကလည်း ရုံးပုံစံစာရွက်တစ်ရွက် လိုနေပါတယ်ဆိုနေ...”

“အင်းလေ... အဲ့ဒါ အဘ ဘာလုပ်ရမလဲ...မသိလို့ပါ”

“ဟိုးရှေ့မှာ သစ်ပင်အောက်မှာ မြင်လား...လက်နှိပ်စက်ရိုက်တဲ့သူ...သူ့ဆီကို အဘစာရွက်စာတမ်းတွေပြလိုက်...သူသဘောပေါက်တယ်...သူရိုက်ပေးတဲ့စာရွက်ရရင် ဒီကိုပြန်လာခဲ့”

အဘိုးသည် ကွန်ပျူတာငါးလုံးရှိသော ရုံးခန်းကြီးထဲမှထွက်ကာ သစ်ပင်ရိပ်အောက်မှ လက်နှိပ်စက်သမားဆီ ရောက်ရပြန်သည်။


“နာဠာဂီရိကို အရက်ကိုးမောင်တိုက်ပြီး ဘုရားကို သတ်ခိုင်းတာ ဒေဝဒတ်ဗျ... ဒါပေမဲ့ အဲ့ဒီအရက်သမားဆင်က ဘုရားရှေ့ရောက်တော့ ဘုရားမှန်းသိတယ်... ဘုရားရဲ့ ငြိမ်းချမ်းရေးတရားနဲ့ မေတ္တာတရားကို နားလည်တယ်... သင်္ကန်းပတ်ထားတဲ့ ရှင်ဒေဝဒတ်ကျ မြေမျိုခါနီးတောင် မေတ္တာတရားနဲ့ ငြိမ်းချမ်းရေးကို နားလည်ပါ့မလား မသိဘူး...အေ့... အဲ့ဒါကို အဘဘယ်လိုမြင်လဲ...ဂျောက်...ဂျောက်...ဂျောက်”


နေပူပူတွင် အနံ့တထောင်းထောင်း ထွက်နေသော လက်နှိပ်စက်သမားသည် သူ၏ လက်ကလည်း တဂျောက်ဂျောက်၊ စကားကလည်း တတွတ်တွတ်ဖြင့်။


လက်နှိပ်စက်သမား ပြောနေသည်က ဘာသာရေးလား၊ နိုင်ငံရေးလား အဘိုး သေချာနားမလည်။ ဘာကိုဆိုလိုသည်ကိုလည်း အဘိုးတကယ်လိုက်မမီ။


အဘိုးသည် တကယ်ပင် နုံးချိနေပြီ။ အသွေးအသားတို့ပင် ခန်းခြောက်နေသလို ခံစားလာရသည်။ သူလိုချင်သည့် စာရွက်လေးရလာသည့်အခါ ရုံးခန်းရှိရာသို့ ပြန်လာလိုက်သည်။ ရုံးဝန်ထမ်းတစ်သိုက်နှင့် အဘိုးအခန်းဝတွင် တိုးသည်။

“ဆရာမကြီး...ဒီမှာ စာရွက်ရလာပြီခင်ဗျ”

“ဟုတ်ပြီ...အဘ...နေ့လယ်တစ်နာရီမှ ပြန်လာခဲ့ပါ...ဒီမှာ ဝန်ထမ်းတွေ ထမင်းစားချိန် ရောက်ပြီနော်”

ဖိုင်အဝါလေးနှင့် အဘိုးသည် ရုံးခန်းရှေ့တွင် မတ်တတ်ရပ်ကာ ဆွံ့အနေသည်။


အဘိုးသည် ရုံးရှေ့ ကွမ်းယာဆိုင်လေးရှိရာသို့ စိတ်ပျက်စွာ လှမ်းလာခဲ့၏။ စောစောက လက်နှိပ်စက်ဖိုး ငါးရာပေးပြီးသည့်အတွက် အဘိုးလက်ထဲတွင် ငွေတစ်ထောင့်ငါးရာ ကျန်ပါသည်။ တစ်ရာ့ငါးဆယ်ကျပ်တန် ငှက်ပျောသီးနှစ်လုံးကို အဘိုးဝယ်စားလိုက်ပြီး ကွမ်းယာဆိုင်ရှေ့ ရေအိုးစင်လေးဆီမှ ရေကို သုံးခွက်တိတိ သောက်ပစ်လိုက်သည်။


ထို့နောက် သစ်ပင်ရိပ်အောက်တွင် ထိုင်ကာ အဘိုးသည် ရုံးခန်းထဲမှ စာရေးလေးနှင့် အန်တီစာရေးမကြီးတို့ ပြောနေကြသည့် အားလပ်ရက်ဆိုသည့် စကားလုံးကို တွေးပါသည်။


သောက်ရေအမြဲလိုနေတတ်သော ဆင်ခြေဖုံး မြို့နယ်လေးတွင် နှစ်ပေါင်းများစွာ ရေလှည်းတွန်းလာသော အဘိုးအတွက် အားလပ်ရက် ဆိုသည်မှာ သူနှင့်မဆိုင်ခဲ့။ သူ့မြေးမလေး၏ ပညာရေး၊ စားဝတ်နေရေးအတွက် သူ နေ့စဉ် ရေလှည်းတွန်းခဲ့ရသည်။


"တစ်ဆက်တည်း သူ့ဘဝတစ်ခုလုံးတွင် ပထမဆုံး ရတော့မည့် အနားယူရက်များ အကြောင်းကို တွေးကာ သူရင်ဖိုနေမိသည်။"


နောက်တစ်နာရီ အကြာတွင် မြေးမလေး အလုပ်အတွက် လိုနေသောထောက်ခံစာကို သူရပါတော့မည်။ စိတ်ကူးစိတ်သန်းကောင်းများသည် အဘိုးကို မျောစေ၏။ ဇိမ်ကျစေ၏။ မည်မျှမျောသွားသည်မသိ။


ရုံးခန်းဘက်ဆီမှ ဆူညံညံအသံများကြောင့် အဘိုးမျက်စိဖွင့်ကြည့်မိသည်။


ဟော့...သူတို့ ပြန်လာကြပြီ။


အန်တီစာရေးမကြီး၏ စားပွဲပေါ်သို့ အဘိုး၏ ဖိုင်လေးလည်း ဒုတိယအကြိမ် ရောက်ခဲ့လေပြီ။ 


“အေးသီရေ...ညီမလေး...နှစ်နာရီထိုးကျရင် စီးတီးမတ်ကို ခဏသွားရအောင်ဟေ့...ပိတ်ရက်မှာ တို့က ဘုရားဖူးထွက်တော့ အိမ်ကလူပဲ ကျန်ခဲ့မှာလေ... အဲ့ဒါ သူ့အတွက် အကြော်အလှော်တွေ ထားပေးခဲ့ရအောင် သွားဝယ်မလို့လေ”


အန်တီစာရေးမကြီးသည် တစ်ဖက်စားပွဲမှ ကလေးမထံ လှမ်းအော်သည်။


လှမ်းအော်ပြီးသည့်အခါ ခြင်းတောင်းထဲမှ ဘူးတစ်ဘူးကို ထုတ်သည်။ ဘူးကိုဖွင့်လိုက်သောအခါ ဆေးမျိုးစုံကို တွေ့ရ၏။


အဘိုး၏ ဘဝသက်တမ်းတစ်လျှောက်တွင် ဆေးရုံဆေးခန်း မဟုတ်ဘဲ ဆေးများကို အများဆုံး တွေ့ဖူးသည်မှာ အန်တီစာရေးမကြီးထံတွင်ပင် ဖြစ်သည်။


အန်တီစာရေးမကြီးသည် ဆေးသုံးမျိုးခန့်ကို ပါးစပ်ထဲထည့်ကာ ရေသောက်မျိုချလိုက်သည်။ ထို့နောက် ဘူးကို ခြင်းတောင်းထဲ ပြန်ထည့်သည်။ ပိုက်ဆံအိတ် သေးသေးလေးထဲမှ သကြားလုံးကို အခွံခွာပြီး ပါးစပ်ထဲ ထည့်လိုက်ပြန်သည်။


ထိုကဲ့သို့ ကိစ္စဝိစ္စများပြီးသည့်နောက်တော့ အဘိုး၏ စာရွက်များကို ဒုတိယအကြိမ် လှန်လှောကြည့်ပြီးနောက် လက်မှတ်ထိုးပေးလိုက်သည်။


“ကျွန်တော် ပြန်လို့ရပြီလား...ဆရာမကြီး”

“အာ...ပြန်လို့ ဘယ်ရဦးမလဲ...အဘ...အေဒီ လက်မှတ်လိုသေးတယ်လေ...အေဒီရုံးခန်းကို သွား... ဒီဖိုင်သွားတင်ပေးလိုက်”

အဘိုးသည် အန်တီစာရေးမကြီး ညွှန်ပြသော ဦးအေဒီ ဆိုသူ၏ ရုံးခန်းရှိရာသို့ ဖိုင်အဝါလေးကိုင်ကာ သွားပြန်သည်။ အဘိုးသည် ပိတ်ထားသောအခန်း တံခါးကို အသာတွန်းဖွင့်လိုက်သည်။

“ဟေ့...ဟေ့...ဘာလဲ...ဘာလဲ...အပြင်မှာ စာရေးထားတယ်လေ...အာ...”

အေးစိမ့်နေသော ထိုမှန်လုံခန်းထဲမှ လူရွယ်တစ်ယောက် အဘိုးကို အော်ပြောသည်။


အဘိုးသည် အလန့်တကြားဖြင့် နောက်ကို ခုန်ဆုတ်လိုက်၏။


“ဝင်ခွင့်တောင်းပါ”

“တာဝန်မှအပ မဝင်ရ”

ထိုအခါမှ ခေါင်းပေါ်မှ စာတန်းများကို အဘိုး ဖတ်မိတော့၏။


"ဘာ ကိစ္စလည်း ---အဘ"

“ဟို...ဟို...စာရေးဆရာမကြီး လွှတ်လိုက်တာပါ...အေဒီရဲ့ လက်မှတ်တဲ့”

အဘိုးက သူ့လက်ထဲမှ ဖိုင်အဝါလေးကို ပြရင်းဆိုသည်။

“အေဒီ မရှိဘူး။ တိုင်းအစည်းအဝေးသွားတယ်”

“ဘယ်တော့လောက် ပြန်လာမလဲကွယ်”

“မသေချာဘူး... အစည်းအဝေး ပြီးတာနဲ့ ဒီသင်္ကြန် အားလပ်ရက်မှာ မိသားစုကို ခရီးလိုက်ပို့ဖို့ စီစဉ်စရာရှိတာ စီစဉ်ရမှာမို့ ရုံးပြန်မလာတော့ဘူးတဲ့...အဘ...လာချင်...မနက်ဖြန်မှလာတော့”


အဘိုးသည် ဖိုင်အဝါလေးကို ကိုင်ကာ အားလပ်ရက်အတွက် တက်ကြွနေကြသော ရုံးကြီးထဲမှ လေးလံစွာ ပြန်ထွက်လာခဲ့သည်။


မနက်ဖြန် ဒီနေရာသို့ အဘိုးပြန်လာရဦးမည်။


သို့သော်...အဘိုးသည် အားကိုတင်းထား၏။ ရုံးသူရုံးသားများကိုလည်း အဘိုးစိတ်မကွက်ခဲ့။ ကိုယ်ချင်းစာတရားထားသည်။


အဘယ့်ကြောင့်ဆိုသော် ထိုဖိုင်အဝါလေးထဲတွင်လည်း အဘိုးအတွက် တစ်သက်လုံး အနားယူရမည့် ရုံးပိတ်ရက်တွေ ရှိနေသည် မဟုတ်လား။


The Voice Journal Page မှကူးယူဖော်ပြသည် 

credit

​ဗြိတိသျှကိုကိုမောင်

Comments

  1. 🥲 ဒီလိုစနစ်တွေအမြန်ပျောက်ပါစေ ။

    ReplyDelete

Post a Comment

Popular posts from this blog

ချောတယ်လို့