အမျိုးသားရေး သွေးမအေးသင့်ပေ
===================================
အေးသန္တာထက်
"သဉ္ဇာဝင့်ကျော်က လှလို့ပြတာပဲ
ဘာဖြစ်လဲ ဆရာမရယ်"
ဆယ်တန်းကျောင်းသူတစ်ဦး....
"ဆဲတာ သူများပစ္စည်းခိုးတာမှ
မဟုတ်တာ မရှက်ပါဘူး ဆရာမ"
ဆယ်တန်းကျောင်းသားတစ်ဦး....
ယနေ့ ကျွန်မရဲ့ပညာဒါနက
ကြည့်မြင်တိုင်မြို့နယ်ထဲက အခြေခံပညာ
အထက်တန်းကျောင်းတစ်ကျောင်းမှာပါ...
ဆယ်တန်းကျောင်းသားတွေကို
Physics ပုစ္ဆာတွေ တွက်ပြနေစဉ်မှာ
နောက်ဘက်တန်းနားက
" ငါ… မသား"လို့ ပြစ်ပြစ်နှစ်နှစ်
ဆဲလိုက်တဲ့အသံကိုကြားမိတယ်...
ဖြတ်ကနဲ လှည့်အကြည့် ကျောင်းသားချင်း
စနောက်ရင်း ဆဲလိုက်တာပါတဲ့...
"သားရယ် မဆဲရဘူးလေ...
ဆဲတယ်ဆိုတာ မိမိကိုယ်တိုင်
အတွက်သာမက မိဘရော
ဆရာကိုပါ သိက္ခာကျစေတယ်...
ရှက်ပါကွယ်"လို့ ကျွန်မပြောလိုက်တော့
"မရှက်ပါဘူး ဆရာမရယ်…
ဆဲတာ သူများပစ္စည်းခိုးတာမှမဟုတ်ဘဲ"တဲ့
"ဟင် မင်းပြောပုံက
သဉ္ဇာဝင့်ကျော်လိုပါလား"လို့
ပြောလိုက်မိတော့
မိန်းကလေးတန်းဖက်က
ကျောင်းသူတစ်ယောက်က
"ဆရာမကလဲသဉ္ဇာကလှလို့ ပြတာပဲ
အနုပညာလေ"တဲ့။
"NO NO ဒါ အနုပညာမဟုတ်ပါ။
အနူမတောင် ဒါမျိုး မပြပါဘူးကွယ်"လို့
ပြန်ပြောမိတော့"အနူမက လှမှမလှဘဲတဲ့"လေ။
ကျွန်မ နားတွေ ခေါင်းတွေ ထူပူလာတဲ့အထိ
စိတ်ထဲထောင်းခံစားလိုက်ရတယ်။
"ကောင်းပြီ...
အခုပြောနေတဲ့သမီးလေးက ၁၆နှစ်
သဉ္ဇာဝင့်ကျော်က ၃၀ကျော်နေပြီ။
သမီးက သူ့ထက်ပိုလှတယ်။
သိပ်ကိုလှပါတယ်သမီး။
လာပါ။ ဆရာမဘေးကိုလာပါ။
လှလို့ပြတာပဲဆို လာပြပါ"လို့
ကျွန်မ သူမမျက်လုံးကို သေချာ စိုက်ကြည့်ပြီး
လှမ်းခေါ်လိုက်တယ်။
တစ်တန်းလုံး အပ်ကျသံကြားရလောက်အောင်
တိတ်ဆိတ်သွားပါတယ်။
"လာပါ ဒီတစ်တန်းလုံးက
ကျောင်းသူတွေ အကုန်လှကြပါတယ်
လာပါ...ပြချင်သလား? ပြရဲသလား?" ဆိုတော့
ရင်ဖုံးအင်္ကျီ အဖြူလေးတွေပေါ်
လက်ကလေးတွေယှက်လို့
"မပြချင်ပါ မပြရဲပါဘူးဆရာမ"တဲ့။
"မှတ်ထား လောကပါလတရားနှစ်ပါး
ဆိုတာသိသလား" ဆိုတော့ "မသိပါ"တဲ့။
"ဟီရိ သြတပ္ပ""မကောင်းမှုပြုလုပ်ရန်
ရှက်ခြင်း ကြောက်ခြင်း"လို့
"အသိစိတ်များလေ
လူ့အဆင့်အတန်းမြင့်လေ။ "
"လောကပါလ တရားကိုလိုက်နာလေ
မိမိနဲ့မိမိဝန်းကျင်တိုးတက်လေ။"
"ခွေးသားပေါက်လေးတွေကို
နို့တိုက်နေတဲ့ ခွေးမိခင်ဟာ
နို့ ကြီးတွေ ဘတ်လတ်ပြူးနေပေမဲ့
အဝတ် ဝတ်ရကောင်းရယ်လို့
သိလည်းမသိ။
ဝန်းကျင်ကလည်း ခွေးကို
အဝတ်ဝတ်ထားရမယ်လို့
သတ်လည်းမသတ်မှတ်။
သူက တိရစ္ဆာန် level."
"လူဖြစ်ပါလျှက် လှလို့ ပြတာပါဆိုပြီး
ဖုံးကွယ်သင့်တဲ့ အရာတွေကို
ပြသနေတာ အနုပညာမဟုတ်
အရှက်မဲ့တာ"လို့။
သူတို့လေးတွေအားလုံး
အတွေးကိုယ်စီနဲ့ ငြိမ်ကျသွားကြတယ်။
ငယ်သွေးကြွလို့ လှတဲ့ အလှတွေထဲမှာ
ရှက်သွေးဖြာချိန် အလှက အလှဆုံးပါပဲလို့။
အတန်းထဲကအထွက်မှာ
ကျွန်မ ကျောင်းရုံးခန်းကိုဝင်ပြီး
ကျောင်းအုပ်ဆရာမကြီးကို
အကြောင်းစုံပြောပြလိုက်မိတယ်။
ကိုယ်ကျင့်သီလ စာရိတ္တကို
အထူးမြှင့်တင်ပေးနိုင်ဖို့
ကျောင်းသူကျောင်းသားလေးတွေရဲ့
အသိတွေကို အဆုံးအမတွေနဲ့
ပြောင်းလဲပေးနိုင်ဖို့…
ကျွန်မတို့ ဟောပြောပွဲတစ်ပွဲ
လုပ်ဖြစ်တော့မယ်ရှင့်လို့....
ယနေ့.....
ရင်မောသည်။
မျက်ရည်ဝဲသည်။
အိမ်ရောက်တော့ ကျွန်မ ငိုမိသည်။
အေးသန္တာထက်
မေတ္တာလင်္ကာပညာရေးပရဟိတအသင်း
Credit -
Comments
Post a Comment