"ချမ်းသာခြင်း နှင့် ငွေရှိခြင်း ''



 " ဗျို့ ကိုခင် "

ပရာဒို ကားပေါ်မှ ဆင်းလာသူက လှမ်းခေါ်လိုက်ခြင်းပင်။ 


" ကိုခင်မရှိဘူးး ကိုတင်လှိုင်ရေ "


" သြော် မရှိဘူးလား "


" ငါအုန်းပင်တက်ဖို့လာတာ ဒီအပင်လား "

သူ့စကားတွေကို ကြားသဖြင့် ကျွန်ုပ်အံ့သြမိသွားသည်။


 စီးလာသောကားက ပရာဒို အပြာရောင်။ အပေါ်က တိုက်ပုံအဖြူ ။ ပုဆိုးက အနက်ရောင်။ အသက်က ၄၀ ဝန်းကျင်လောက်ရှိ၍ ကျစ်လစ်သောခန္ဓာကိုယ် နှင့်ထောင်မောင်းသောအရပ်။ သုံးသပ်ကြည့်လိုက်လျှင် သူဌေး တစ်ယောက်မှန်းသိသာလှသည်။ထိုကဲ့သို့ သော လုက အုန်းပင်တက်ဖို့ လာသတဲ့ ။နားကြားလွဲသည့်

အထင်နှင့် ကျွန်ုပ်ရပ်ကြည့်နေမိလိုက်သည်။


ထိုသူဌေး ကိုခင်လှိုင်သည် ကားနောက်ဖုံးကို ဖွင့်သည်။ ဓါးမ နှင့် ကြိုးခွေကို ထုတ်သည်။ သူ့့့အဝတ်အစားများကို ချွတ်ကာ ပုဆိုး ခပ်နွမ်းနွမ်းတထည်ကို ဝတ်လိုက်သည်။


ကြိုးတဖက်တွင်ဓါးမကို ချည်ကာ ကြိုးတဖက်ကို သူ၏ ခါးမှာချည်၍ အုန်းပင်ပေါ်သို့ သွက်လက်စွာ တက်သွားသည်။ အုန်းခိုင်များကို ကျွမ်းကျင်စွာခုတ်သည်။ မြေသို့ချသည်။


အုန်းသီးခိုင်များ ခုတ်ပြီးသောအခါ ဓါးမနှင့်ကြိုးခွေကို ကားနောက်သို့ ပြန်ထည့်သည်။ ခြေလက်များ သန့်စင်ပြီး နဂို အဝတ်အစား ပြန်ဝတ်သည် ။ ကျသင့်ငွေတောင်းယူကာ ပရာဒိုကားပြာကြီးစီး ၍ ပြန်လည် ထွက်ခွာသွားပေပြီ။


ကျွန်ုပ်၏ ရင်ထဲမှာတော့ နားမလည်ခြင်း မသိခြင်းများစွာနှင့်အတူ အုန်းပင်တက်သောသူဌေးအဖြစ် ကျန်ခဲ့ပါတော့သည်။


" သြော် ဦးဇင်းက ဒီမြို့ကို ခုမှရောက်တာဆိုတော့ သူဌေးကိုတင်လှိုင်အကြောင်းမသိဘူးကိုး "


" ဟုတ်တယ် ကပ္ပိယကြီးရဲ့ ပရာဒိုကားစီးပြီး အုန်းပင်တက်တဲ့သူဌေး ကျုပ် ခုမှမြင်ဖူးတယ်ဗျာ "


" ကိုတင်လှိုင်က ထူးဆန်းတယ် ဦးဇင်းလေးရဲ့ ။ 

သူက ငယ်ငယ်က အရမ်းဆင်းရဲတယ် ။

အုန်းပင်တက်ပြီးအသက်မွေးဝမ်းကြောင်းပြုတယ်။

တစ်နေ့တော့ သူထိုးတဲ့ထီက သိန်း၃၀၀ပေါက်တယ် ။ 

သူက စာမတတ်ပေမတ် အုန်းပင်ပဲတက်တတ်သူဆိုတော့ သူ့မိန်းမကပဲ စီးပွားရေး ဦးဆောင်လုပ်တယ် ။


သူကတော့ အုန်းပင်ပဲတက်တယ်။ ဒီလို နဲ့ သူတို့ချမ်းသာလာတာ။ သူ့သားသမီးတွေက ဆရာဝန်တွေ ဘွဲ့ရပညာတတ်တွေ။ ကိုတင်လှိုင်က အုန်းပင်တက်တဲ့ အခကြေးငွေကို ရွာလမ်းခင်းတဲ့နေရာမှာသုံးတယ်!!


" သြော် အဲဒီလိုကိုးးဒါနဲ့ သူ့သားသမီးတွေကရော ကိုတင်လှိုင် အုန်းပင်တက်တာကို ခွင့်ပြုသလား "


" အမလေးးဦးဇင်းလေးရယ် ခွင့်ပြုသလားမမေးနဲ့ သူ့့သားဆရာဝန်ဆို သူ့ အဖေအုန်းပင်တက်တဲ့တခါတခါ သူကိုယ်တိုင်ကားမောင်း လိုက်ပို့နေတတ်တာ သူ့ သားကလည်း ဒီမြို့လေးမှာ အခမဲ့ ဆေးခန်းဖွင့်ထားတယ်လေ "


" သြော် အာဂ သားအဖကိုး..."


အဲဒီနေ့က နေရောင် ရှတတလေးပူတဲ့နေ့။

မြို့ပြင်က လမ်းလျှောက်ပြန်လာချိန်ပေါ့။

မြို့ပြင်ဖြစ်သဖြင့် ကားငှားလို့လဲမရခဲ့ဘူး။ ကားတွေတစီးပြီးတစီး ကျွန်ုပ်ဘေးကဖြတ်သန်းမောင်းသွားကြတယ်။ ကျွန်ုပ်ကတော့ လမ်းလျှောက်နေဆဲပင်။


ရုတ်တရက် အပြာရောင်ကားတစီး ကျွန်ုပ်ဘေး ထိုးရပ်လာတယ်။ ကားတံခါး ပွင့်သွားပြီး ကိုတင်လှိုင်ကားပေါ်ကဆင်းလာတယ်။

လက်အုပ်ချီရင်း . . .


" ဦးဇင်းလေး မြို့ထဲပြန်ကြွမလို့လား "


" ဟုတ်တယ် ဒကာရဲ့"


"တပည့်တော်လည်း မြို့ထဲပြန်မှာ လိုက်ခဲ့ပါလားဘုရား"


ရေငတ်သူရေတွင်းထဲ ကျဆိုသလိုပဲ ကျွန်ုပ် ကားပေါ် 

တက်ထိုင်လိုက်တော့တာပဲ။


" ဒကာကိုယ်တင်လှိုင်က ဘယ်ကပြန်တာလဲ"


ကျွန်ုပ်စကားကို သူက အံသြသလို နားထောင်ရင်း

" တပည့်တော်ကိုသိတယ်လား ဘုရား "


" သိပ်သိတာပေါ့ ပရာဒိုကားနဲ့ အုန်းပင်တက်တဲ့သူဌေးကိုး "


သူက အပြုံးနှင့်တုံ့ပြန်ရင်းး

" တပည့်တော် အုန်းပင်သွားတက်တာလေ "


" ဒကာက ဘာလို့ အုန်းပင်တက်တာလဲ "


" အုန်းပင်တက်တာက တပည့်တော် အလုပ်လေ " 

" လူမှန်ရင်အလုပ်လုပ်ရမယ်လေ "


" ဒကာကြီးတို့က ချမ်းသာနေတာပဲလေ အလုပ်မလုပ်လဲရတာပဲကို"


" တပည့်တော်တို့က 

ချမ်းသာတာမဟုတ်ဘူးဘုရား ငွေရှိတာ "


ကျွန်ုပ်အံသြစွာလှည့်ကြည့်မိသည် ။


"ဘယ်လို

ဒကာကြီး ချမ်းသာတာမဟုတ်ဘူး ငွေရှိတာဟုတ်လား"


" မှန်ပါ့။ ငွေရှိတာနဲ့ ချမ်းသာတာ မတူဘူးဘုရား

 အလုပ်လုပ်တာနဲ့ငွေရှာတာလဲ မတူဘူးလေ"


"ရှင်းစမ်းပါဦး ဒကာရဲ့"


" မှန်ပါ့။ အလုပ်လုပ်တယ် ဆိုတာက မိမိရဲ့အတတ်ပညာနဲ့ လောက လူသားတွေအကျိုးသယ်ပိုးတာ ။အဲဒီလို သယ်ပိုးလို့ ထိုက်တန်စွာ ပြန်ရတဲ့ ငွေကြေးနဲ့ အသက်မွေးတာ အဲဒါ ကို အလုပ်လုပ်တယ်ခေါ်တာ ။ ငွေရှာတာကျတော့ တရားတယ်မတရားဘူး မစဉ်းစားဘူး ငွေရပြီးရော ဘာဖြစ်ဖြစ်အကုန်လုပ်တာ အဲဒါငွေရှာတယ်ခေါ်တယ်ဘုရား "


" အင်းးချမ်းသာတာနဲ့ ငွေရှိတာကရော "


" မှန်ပါ့။ ငွေရှိတယ်ဆိုတာက ငွေရှာတယ်။

ရလာတဲ့ငွေနဲ့ သုံးနိုင်တယ် ဖြုန်းနိုင်တယ် တိုက် ကား ဇိမ်ခံ ပစ္စည်းတွေနဲ့ နေနိုင်တယ် ။အာ့ဒါငွေရှိတာ ဘုရား"


" ချမ်းသာတယ်ဆိုတာကတော့ အရာအားလုံးကို ဥပေက္ခာပြု ပြီး ရှိသမျှနဲ့ ရောင့်ရဲ့နေတတ်တာပါပဲ "


ကျွန်ုပ်ကို ကျောင်းပို့ကာ သူပြန်ထွက်ခွာသွားသည်။ ဒီတစ်ခါ သူထွက်ခွာသွားချိန်မှာတော့ သူ့ကို နာလည်းခြင်းများစွာ

အဓိပ္ပါယ်ပြည့်ဝသောမျက်လုံးတွေနှင့်  

မျက်စိတဆုံးရပ်ငေးကြည့်နေမိပါတော့သည်။

 crd

Comments

Popular posts from this blog

ချောတယ်လို့