နတ်နဲ့နဂါး မလှည့်စားနဲ့

==================


ကျနော်က အတော်ဂွကျတဲ့အကောင်။


တချို့အရာတွေကိုတော်ရုံတန်ရုံလောက်နဲ့ ယုံတတ်သူမဟုတ်၊ တကယ်လက်တွေ့ကျကျမြင်ရ တွေ့ရမှယုံကြည်တတ်သူ။


လူ့ဂွစာလို့ပြောရလေမလားမသိ။


ကြာတော့ကြာခဲ့ပါပြီ။


ပြီးခဲ့တဲ့သကြ်န်တုံးကအဖြစ်အပျက်လေးတခုပါ။


မြန်မာလူမျိုးတွေမှာ တနှစ်ကုန်လို့....တနှစ်ကူးတော့မယ်ဆိုရင် သကြ်န်ပွဲကျင်းပလေ့ရှိတယ်။


အဲ....သကြ်န်မကျခင်တရက်အလိုမှာတော့

သကြ်န်အကြိုနေ့ဆိုတာရှိတယ်။


ရေအိုးလေးထဲမှာရေနဲနဲထည့်၊ ဇီးခက်လေးတွေ အုန်းခက်လေးတွေ၊ ဒါန်းခက်လေးတွေထိုးစိုက်ပြီးသကြ်န်ကြိုကြသတဲ့။


သကြ်န်အိုးလို့လည်းခေါ်ပါတယ်၊ သိကြားမင်းကိုကြိုဆိုတာလို့လည်းပြောပါတယ်၊ သိကြားမင်းကြွလာသလား.... မလာဘူးလားဆိုတာတော့ကျနော်လည်းမသိ။


အဲ....အဲ့ဒီသကြ်န်အကြိုနေ့မှာ .....အိမ်မှာလည်း ကျနော့မိန်းမက သကြ်န်အိုးလေးလုပ်နေတယ်၊ ကျနော်ကလည်းသိပ်အယုံကြည်ရှိတာမဟုတ်တော့....


" ဟေ့မိန်းမ......နင်ဘာလုပ်နေတာလဲ."


" သကြ်န်အိုးလေ..ဒီနေ့ သကြ်န်အကြိုနေ့ဆိုတာ

နင် မသိဘူးလား "


"သကြ်န်အကြိုတွေ ဘာတွေလုပ်ရအောင် နင်တို့သိကြားမင်းက ကြွဖြစ်မှာမို့လို့လား ကိုဗစ်တွေဘာတွေနဲ့ဆိုတော့ "


" ဒါနောက်စရာမဟုတ်ဘူးနော် "


"နောက်တာမဟုတ်ဘူး၊ တကယ်ပြောနေတာ၊ 

ကွာရတိန်းလေး ဘာလေးတော့ဝင်ခိုင်းသင့်တယ်ကွာ "


" တကယ်လို့လူ့ပြည်ကိုကြွလာဖြစ်မယ်ဆိုလည်း မက်လေး ဘာလေးတော့တပ်ခဲ့သင့်တာပေါ့ကွာ "


" ပြီးတော့မင်းတို့ သိကြားမင်းက အိမ်တိုင်းဝင်တာကွ"


အဲ့ဒီလိုပြောမိလိုက်တယ်။


မိန်းမကတော့ " နင်ဖြစ်ရင် နင်ခံရမှာနော် ငါနဲ့ဘာမှမဆိုင်ဘူး "တဲ့။


အဲ့ဒီနေ့ညမှာဘဲ တိုက်ဆိုင်မှု့လား..တကယ်လားတော့ ကျနော်လည်းမသိ။


၉ နာရီထိုးတော့ ဆိုင်ပိတ်...ခြံဝင်းတံခါးတွေ

ပိတ်ပြီးအိပ်ရာထဲဝင်ခဲ့တယ်။


နာရီဝက်လောက်အထိတော့ဖုန်းပွတ်နိုင်သေးတယ်၊ အိပ်လို့ကလည်းမပျော်ဘူး စိတ်တွေက ဟိုရောက်ဒီရောက်ဖြစ်နေတာ။


နေ့လည်က မိမိပြောခဲ့တဲ့စကားတွေကိုပြန်အမှတ်ရနေမိတယ်။


ဒါနဲ့....ရေထသောက်ပြီး...

တအိမ်လုံးရှိမီးတွေအကုန်လုံးဖွင့်ထားလိုက်တယ်၊ ပြန်အိပ်ကြည့်တာမရဘူး၊ဇောချွေးတွေက...လူတကိုယ်လုံးအနှံ့ဘဲ၊ မျက်စိကလည်းနဲနဲနာလာတယ်၊ ခေါင်းတွေလည်းထိုးကိုက်လာတယ်။


" ငါတော့သွားပြီထင်တယ်၊ နတ်နဲ့နဂါးမလှည့်စားနဲ့တဲ့... သိကြားမင်းကို မလေးမစားပြောမိလို့ဖြစ်တာထင်တယ် " လို့တွေးပြီးအရမ်းကြောက်သွားတယ်။


နောင်တလည်းရမိတယ်၊ နောက်ဆိုစကားပြော ဆင်ခြင်မှ...။


ခေါင်းထဲမှာမူးသလိုလိုဖြစ်လာလို့...မျက်လုံးလေးပိတ်ပြီးအသာမှေးနေလိုက်တယ် ။


မျက်လုံးလည်းပြန်ဖွင့်လိုက်ရော.....  

ဘာဆိုဘာမှမမြင်ရတော့ဘူး တအိမ်လုံး မဲမှောင်နေတာ..။


ကျနော်လည်းကြောက်ကြောက်လန့်လန့်နဲ့

မိန်းမကို နှိုးတော့....


မိန်းမက......." နင်..ဘာဖြစ်နေတာလဲ " တဲ့


" ငါ့မျက်စိတွေမမြင်ရတော့ဘူးဟ ၊ အကုန်လုံးမဲမှောင်နေတာ။သိကြားမင်းကိုတောင်းပန်ပေးပါဟာ...ငါမှား....."


စကားတောင်ပြီးအောင်မပြောလိုက်ရဘူး။


မိန်းမက..တခွန်းဘဲပြောလိုက်တယ်။


" မီးပျက်သွားတာလေ အဲ့ဒါဘာဖြစ်နေတာလဲ

 ငိုသံပါကြီးနဲ့ "တဲ့။

Crd

~~~~~~~~~~~~~~~~~~~~~


ဦးရွှေညာ (ရွာတန်းရှည်)

Comments

Popular posts from this blog

ချောတယ်လို့