နတ်နဲ့နဂါး မလှည့်စားနဲ့
==================
ကျနော်က အတော်ဂွကျတဲ့အကောင်။
တချို့အရာတွေကိုတော်ရုံတန်ရုံလောက်နဲ့ ယုံတတ်သူမဟုတ်၊ တကယ်လက်တွေ့ကျကျမြင်ရ တွေ့ရမှယုံကြည်တတ်သူ။
လူ့ဂွစာလို့ပြောရလေမလားမသိ။
ကြာတော့ကြာခဲ့ပါပြီ။
ပြီးခဲ့တဲ့သကြ်န်တုံးကအဖြစ်အပျက်လေးတခုပါ။
မြန်မာလူမျိုးတွေမှာ တနှစ်ကုန်လို့....တနှစ်ကူးတော့မယ်ဆိုရင် သကြ်န်ပွဲကျင်းပလေ့ရှိတယ်။
အဲ....သကြ်န်မကျခင်တရက်အလိုမှာတော့
သကြ်န်အကြိုနေ့ဆိုတာရှိတယ်။
ရေအိုးလေးထဲမှာရေနဲနဲထည့်၊ ဇီးခက်လေးတွေ အုန်းခက်လေးတွေ၊ ဒါန်းခက်လေးတွေထိုးစိုက်ပြီးသကြ်န်ကြိုကြသတဲ့။
သကြ်န်အိုးလို့လည်းခေါ်ပါတယ်၊ သိကြားမင်းကိုကြိုဆိုတာလို့လည်းပြောပါတယ်၊ သိကြားမင်းကြွလာသလား.... မလာဘူးလားဆိုတာတော့ကျနော်လည်းမသိ။
အဲ....အဲ့ဒီသကြ်န်အကြိုနေ့မှာ .....အိမ်မှာလည်း ကျနော့မိန်းမက သကြ်န်အိုးလေးလုပ်နေတယ်၊ ကျနော်ကလည်းသိပ်အယုံကြည်ရှိတာမဟုတ်တော့....
" ဟေ့မိန်းမ......နင်ဘာလုပ်နေတာလဲ."
" သကြ်န်အိုးလေ..ဒီနေ့ သကြ်န်အကြိုနေ့ဆိုတာ
နင် မသိဘူးလား "
"သကြ်န်အကြိုတွေ ဘာတွေလုပ်ရအောင် နင်တို့သိကြားမင်းက ကြွဖြစ်မှာမို့လို့လား ကိုဗစ်တွေဘာတွေနဲ့ဆိုတော့ "
" ဒါနောက်စရာမဟုတ်ဘူးနော် "
"နောက်တာမဟုတ်ဘူး၊ တကယ်ပြောနေတာ၊
ကွာရတိန်းလေး ဘာလေးတော့ဝင်ခိုင်းသင့်တယ်ကွာ "
" တကယ်လို့လူ့ပြည်ကိုကြွလာဖြစ်မယ်ဆိုလည်း မက်လေး ဘာလေးတော့တပ်ခဲ့သင့်တာပေါ့ကွာ "
" ပြီးတော့မင်းတို့ သိကြားမင်းက အိမ်တိုင်းဝင်တာကွ"
အဲ့ဒီလိုပြောမိလိုက်တယ်။
မိန်းမကတော့ " နင်ဖြစ်ရင် နင်ခံရမှာနော် ငါနဲ့ဘာမှမဆိုင်ဘူး "တဲ့။
အဲ့ဒီနေ့ညမှာဘဲ တိုက်ဆိုင်မှု့လား..တကယ်လားတော့ ကျနော်လည်းမသိ။
၉ နာရီထိုးတော့ ဆိုင်ပိတ်...ခြံဝင်းတံခါးတွေ
ပိတ်ပြီးအိပ်ရာထဲဝင်ခဲ့တယ်။
နာရီဝက်လောက်အထိတော့ဖုန်းပွတ်နိုင်သေးတယ်၊ အိပ်လို့ကလည်းမပျော်ဘူး စိတ်တွေက ဟိုရောက်ဒီရောက်ဖြစ်နေတာ။
နေ့လည်က မိမိပြောခဲ့တဲ့စကားတွေကိုပြန်အမှတ်ရနေမိတယ်။
ဒါနဲ့....ရေထသောက်ပြီး...
တအိမ်လုံးရှိမီးတွေအကုန်လုံးဖွင့်ထားလိုက်တယ်၊ ပြန်အိပ်ကြည့်တာမရဘူး၊ဇောချွေးတွေက...လူတကိုယ်လုံးအနှံ့ဘဲ၊ မျက်စိကလည်းနဲနဲနာလာတယ်၊ ခေါင်းတွေလည်းထိုးကိုက်လာတယ်။
" ငါတော့သွားပြီထင်တယ်၊ နတ်နဲ့နဂါးမလှည့်စားနဲ့တဲ့... သိကြားမင်းကို မလေးမစားပြောမိလို့ဖြစ်တာထင်တယ် " လို့တွေးပြီးအရမ်းကြောက်သွားတယ်။
နောင်တလည်းရမိတယ်၊ နောက်ဆိုစကားပြော ဆင်ခြင်မှ...။
ခေါင်းထဲမှာမူးသလိုလိုဖြစ်လာလို့...မျက်လုံးလေးပိတ်ပြီးအသာမှေးနေလိုက်တယ် ။
မျက်လုံးလည်းပြန်ဖွင့်လိုက်ရော.....
ဘာဆိုဘာမှမမြင်ရတော့ဘူး တအိမ်လုံး မဲမှောင်နေတာ..။
ကျနော်လည်းကြောက်ကြောက်လန့်လန့်နဲ့
မိန်းမကို နှိုးတော့....
မိန်းမက......." နင်..ဘာဖြစ်နေတာလဲ " တဲ့
" ငါ့မျက်စိတွေမမြင်ရတော့ဘူးဟ ၊ အကုန်လုံးမဲမှောင်နေတာ။သိကြားမင်းကိုတောင်းပန်ပေးပါဟာ...ငါမှား....."
စကားတောင်ပြီးအောင်မပြောလိုက်ရဘူး။
မိန်းမက..တခွန်းဘဲပြောလိုက်တယ်။
" မီးပျက်သွားတာလေ အဲ့ဒါဘာဖြစ်နေတာလဲ
ငိုသံပါကြီးနဲ့ "တဲ့။
Crd
~~~~~~~~~~~~~~~~~~~~~
ဦးရွှေညာ (ရွာတန်းရှည်)
Comments
Post a Comment