သိပ်စကားမပြောတတ်သည့်ဘုန်းဘုန်း
*ပြေပျစ်ချိုသာ_ထေရ်ဆရာ
မေး။ ။ ဒါနပြုရင် ချမ်းသာတယ်ဆို အရှင်ဘုရား။
ဖြေ။ ။ အင်း - ဟုတ်တယ်။
မေး။ ။ တပည့်တော်ဖြင့် အလှူပေးတာ မချမ်းသာတဲ့အပြင် အကြွေးတွေတင်လို့၊ အဲ့ဒါကျ ဘယ့်နှယ့်လုပ်မတုန်း။
ဖြေ။ ။ ခင်ဗျားဟာက အလှူပေးလို့ အကြွေးတင်တာမှ မဟုတ်တာ၊ မလှူတတ်လို့ အကြွေးတင်တာလေ။ "အလှူတတ်မှ ချမ်းသာ"၊ "အလှူမတတ်တော့ ပရမ်းပတာ"တဲ့။ ခင်ဗျားတို့က မလိုအပ်တဲ့ အပိုဆာဒါးတွေနဲ့ ရှင်လောင်းတွေဗန်းပြပြီး ကြွားချင်တာကိုး၊ အကြွေးတင်တာ နည်းတောင် နည်းသေး။
မေး။ ။ ဟာ-ဘယ်လိုပြောလိုက်တာတုန်း အရှင်ဘုရားကလည်း...။
ဖြေ။ ။ အရှင်ဘုရားက မလည်း နဲ့၊ ဆိုင်း ဘိသိက်တွေ၊ ရှင်လောင်းလှည့်ဖို့တွေကျတော့ သိန်းဆယ်ချီ ရာချီအကုန်ခံတယ်၊ ရဟန်းခံဖို့ ရဟန်းလောင်းအတွက် နှစ်ထပ်သင်္ကန်းကျတော့ လိုက်ငှားနေတယ်လေ၊ ဝယ်ပါ့လား အသစ်၊ ပြီးတော့ ကိုရင်တွေအတွက် သင်္ကန်းတဲ့ ကြည့်လိုက်ဦး၊ ရေစစ်ကမှ ထူဦးမယ်၊ ကိုရင်တွေမယ်တော့ တစ်ထွာသာသာလောက်ရှိတဲ့သင်္ကန်းကို ဟိုပေါ်ဒီပေါ်နဲ့ ဝတ်ရတယ်။
မေး။ ။ အရှင်ဘုရားကလည်း ခဏဝတ်မယ့်ဟာကို။
ဖြေ။ ။ အံမာ-ခင်ဗျားတို့ မျက်နှာပေါ်က မိတ်ကပ်ကျ တစ်သက်လုံး လိမ်းထားရမှာမို့လို့လား၊ ဆိုင်း-ဘိသိက်တွေကျတော့ တစ်သက်လုံး အိမ်ခေါ်ထားရမှာမို့ အကုန်ခံရတာလား ကဲ။
မေး။ ။ အဲ့ဒီလိုတော့လည်း ဘယ်ဟုတ်မလဲဘုရား။
ဖြေ။ ။ အေး-မဟုတ်ရင် မပြောနဲ့၊ ကိုရင်တွေက ခဏဝတ်ဝတ် အကြာကြီးဝတ်ဝတ် ရှင်ပြုပွဲလုပ်တယ်ဆိုကတည်းက သူတို့ကို အကြောင်းပြုပြီး လုပ်ရတာလေ၊ ရှင်ပြုမယ့်သူတွေအတွက်ကျတော့ ဘာမှတူတူတန်တန် မဝယ်မခြမ်းဘဲနဲ့၊ ကြည့်လိုက်ဦး သပိတ်တဲ့၊ သူတောင်းစားပလပ်စတစ်ခွက်ကမှ ထူသေးတယ်၊ ခါးပန်းကြိုးတဲ့ ခွေးချည်ကြိုးလောက်တောင် မခိုင်ဘူး၊ ကျန်သေးတယ် သေတ္တာ တဲ့၊ မီးခြစ်ဗူးခွံလောက်ရှိတာ ဘာထည့်လို့ရမှာတုန်း။
မေး။ ။ အရှင်ဘုရားကလည်း အဲ့ဒီလောက်တော့ မကပါဘူး။
ဖြေ။ ။ အဲ့ဒီလောက်မကလည်း သုံးစားမရတာကတော့ ဟုတ်တယ်ထားလိုက်၊ ရှင်ပြုပြီး "ငါတို့ကိုရင်လေးတွေ ဘာလိုအပ်လဲ" လာမကြည့်ဘူး၊ အလှူပြီး "ကူငွေဘယ်လောက်ကျန်လဲပဲ" တွက်နေကြတာ၊ အလှူပေးတာလား၊ နေ့ပြန်တိုးပေးတာလား မသည်းကွဲဘူး။
မေး။ ။ အံမလေး ပြောလိုက်တာ အရှင်ဘုရားကလည်း ပိုးစိုးပက်စက်ကြီး။
ဖြေ။ ။ အံမယ် - ဒါတောင် ငါက သိပ်စကားမပြောတတ်လို့၊ စကားပြောတတ်တဲ့ ဘုန်းကြီးနဲ့တွေ့ရင် သေတောင်သွားဦးမယ်။
မေး။ ။ တော်ပါပြီ အရှင်ဘုရားရယ်၊ မတွေ့ချင်တော့ပါဘူး၊ အခုလောက်အပြောခံရတာနဲ့တင်ကို တော်တော် ထိနေပါပြီ။
ဖြေ။ ။ ထိလည်း သိမယ့်နာမယ့်ဟာတွေမဟုတ်ပါဘူးဟာ၊ " ဪ သူတို့က ဘုန်းကြီးကိုး"ဆိုပြီး အိမ်ရောက်ရင် ဒုံရင်းအတိုင်းပြန်ဖြစ်ဦးမှာပါ၊ ခင်ဗျားတို့ဟာက ဆိုင်း-ဘိသိက်ရှေ့ရောက်ရင်သာ နှစ်နာရီ သုံးနာရီထိုင်နိုင်တာ၊ တရားနာချိန်လည်း ရောက်ရော "တိုတိုတုတ်တုတ် ဟောပါဘုရား"တဲ့။ ရဦးမယ့် ကုသိုလ်တွေ။ ဒီလိုအလှူတွေသာ များများလုပ် သည့်ထက်ကို မွဲဦးမှာ။
မေး။ ။ ကဲ ကဲ သည်နားကြာကြာနေရင် အရှင်ဘုရားပြောပုံနဲ့တော့ အိမ်မရောက်ခင် သူတောင်းစားဖြစ်လိမ့်မယ်၊ တပည့်တော်တို့ ပြန်တော့မယ်ဘုရာ့။
ဖြေ။ ။ အေး အဲ့ဒါဆိုလည်း ကြွကြွ။
Crd #
Click.
ReplyDeletegood day
ReplyDelete