ဆုတောင်းမကောင်းသူ
-----------------------
အိန္ဒိယနိုင်ငံမှ ဒဏ္ဍာရီလေးတစ်ပုဒ်ဖြစ်သည်။
တစ်နေ့တွင် လူတစ်ယောက်သည် ခရီးထွက်ရင်း နေရာတစ်နေရာကိုရောက်သွားသည်။ ထိုနေရာတွင် ထူးခြားသော သစ်ပင်ကြီးတစ်ပင်ပေါက်နေသည်။ ထိုအပင်ကို ကာပါတရူပင်ဟု ခေါ်သည်။ အဓိပ္ပာယ်မှာ လိုတိုင်းရ၊ တ,တိုင်းရသည့် ပဒေသာပင်နှင့် အတူတူပင်ဖြစ်သည်။
ထိုသူက သူမြင်နေရသည့်အပင်မှာ ကာပါတရူပင်ဟူ၍လည်းမသိ။ ဆုတောင်းပြည့်သည်လည်း နားမလည် သစ်ပင်အောင်ဝင်ထိုင်ပြီးနားလိုက်သည်။ ထို့နောက် သူ့စိတ်ထဲတွင် ဖြစ်လာသည်မှာ
“ခုနေများ သစ်ပင်ပေါ်က အသီးတွေ စားလိုက်ရရင်ကောင်းမှာပဲ”
ထိုလူပျင်းသည် အားမထုတ်ဘဲ စားလိုသူဖြစ်သည်။ သူ့စိတ်ထဲတွင် ဖြစ်ပေါ်လာသည့် ဆန္ဒအတိုင်း အပင်ပေါ်က အသီးများသည် သူ့ဘေးကို အလိုလိုရောက်လာသည်။ သူက ဆာဆာနှင့်သစ်သီးတွေကို အဝစားပြီး
“ရေလေးတစ်ခွက်လောက် သောက်လိုက်ရရင်ကောင်းမယ်” ဟု တွေးလိုက်ရာ ရေတစ်ခွက်က အလိုလို ရောက်လာပြန်သည်။
ထိုအချိန်အထိ သူက လိုတရ ကာပါတရူပင်ကို သဘောမပေါက်သေး။ ဗိုက်ပြည့်သဖြင့် တစ်ရေးအိပ်မည်ဟု ကြံလိုက်စဉ်
“ခုနေများ ကောင်မလေးတစ်ယောက်လောက်နဲ့အတူ အိပ်လိုက်ရရင်” ဟု တွေးလိုက်ရာ ကောင်မလေး တစ်ယောက် အလိုလိုရောက်လာမှ သူက မိမိတောင့်တတိုင်း ဖြစ်နေသည့်သဘောကို နားလည်သွားတော့သည်။
လောဘသည် ဆန္ဒနှင့် ကပ်ပါလာသည်။ သူက ပိုပြီးတွေးကြည့်သည်
“စိန်ရွှေငွေရတနာတွေဆိုရင် ဘယ်လောက်ကောင်းမလဲ”
အပုံလိုက်ရောက်လာသည်။ ရွှေငွေတွေ ရောက်လာသည့်အခါတွင် ထိုပစ္စည်းဥစ္စာတွေကို အကာအကွယ်ပေးပြီး စောင့်ရှောက်ရန် လိုလာသဖြင့်
“စစ်သည်ဗိုလ်အပေါင်း ထောင်သောင်းတပ်ကြီး”
သူသစ်ပင်ပတ်လည်တွင် စစ်သည်ဗိုလ်ပါတွေနှင့် ပြည့်သွားသည်။
“စည်းစိမ်ဥစ္စာ လက်နက်လူသူ ပြည့်စုံရင် ငါရှင်ဘုရင်ပေါ့ ... တိုင်းပြည်ကို အုပ်ချုပ်နိုင်ပြီပဲ”
သူ့အသွင်မှာ ချက်ချင်းပင် ဘုရင်တစ်ပါးဖြစ်သွားသည်။
သူဝမ်းသာပျော်ရွှင်သွားသည်။ သူ့ဘဝတွင် စိတ်ကူးယဉ်ခဲ့သည်တို့ အကုန်ဖြစ်နေသည်။ လိုတိုင်း,တ၊ တ,တိုင်းရောက်လာသည့် အနေအထားတွင် သူသည် စိုးရိမ်ပူပန်မှုတစ်ခု ဖြစ်လာပြန်သည်။
“ငါ့တပ်က ငါ့ကိုပြန်သတ်ရင် ဘယ်လိုလုပ်မလဲ”
သူ့ဆုတောင်းပြည့်သွားသည်။
ကာပါတရူပင်ကြီးကို ဝန်းရံထားသောတပ်က သူ့ကိုပြန်ဖမ်းကာ သတ်ပစ်လိုက် သည်။ ဤအပင်အောင်တွင် ဆုမတောင်းကောင်းသည်ကို သူမသိ။ စိတ်ကူးနှင့် တောင့်တလိုက်တိုင်း ဖြစ်တတ်သည်ကိုလည်းသေသည်အထိ သူနားမလည်။
ထိုဒဏ္ဍာရီပုံပြင်လေးကို ဖတ်ကြည့်လိုက်လျှင် လူ့စိတ်ကို အတိုင်းသားသိနိုင်သည်။ လူဆိုသည်မှာ ဆန္ဒနှင့် ဘဝကို ဘယ်သောအခါမျှ ထိန်းချုပ်နိုင်သည်မဟုတ်။ ဘာမျှ ပိုင်ဆိုင်ထားခြင်းမရှိလျှင် ဘာကိုမျှ စိုးရိမ် ပူပန်ရခြင်း မရှိသော်လည်း ပိုင်ဆိုင်မှုတွေ များလာလေ၊ သောကတွေ များလာလေ ဖြစ်သည်။ နောက်ဆုံးတွင် ကိုယ့်သောကသည် ကိုယ့်ကိုပြန်သတ်တတ်သည်။ အရေးကြီးသည်မှာ ငါရောက်နေသည့် အပင်မှာ ငါဆုတောင်းတိုင်းဖြစ်တတ်သည်ကို နားလည်သဘောပေါက်ရန်လိုသည်။
သိပ္ပံပါရှင်များ၏ လေ့လာဆန်းစစ်ချက်အရ သာမန်လူတစ်ယောက်တွင် တစ်နေ့ (၂၄ နာရီ) လျှင် အတွေးပေါင်း ၅၀,၀၀၀ ခန့် ဖြစ်ပေါ်နေတတ်သည်ဟုဆိုသည်။ ထိုအတွေးများသည် လူတစ်ယောက်တွင် စဉ်ဆက်မပြတ် ဖြစ်ပေါ်နေခြင်းပင်။ ထိုဖြစ်ပေါ်နေသော အတွေးတိုင်းနောက်ကို လိုက်လုပ်နေရန်မဟုတ်ပါ။ မိမိအတွေးထဲတွင် ကောင်းတာတွေ၊ ဆိုးတာတွေ၊ လှတာတွေ၊ ရုပ်ဆိုးတာတွေ ရောပြွမ်းနေပေလိမ့်မည်။ အရေးကြီးသည်မှာ ရွေးချယ်တတ်ရန်ဖြစ်သည်။ စိတ်အစဉ်တွင် ဖြစ်လာသမျှ ဆန္ဒကို လက်တွေ့ဘဝနှင့် နှိုင်းဆကာ ထိန်းချုပ်နိုင်မှ ရပ်တည်၍ရသည်။ ဖြစ်ချင်တာထက် ဖြစ်သင့်သည်ကို ဦးစားပေးနိုင်ရသည်။
Crd
တင်ညွန့်
၂၃.၆.၂၀၂၂
Comments
Post a Comment