" ကျီးကန်းတစ်ကောင်မှ ပေးသော သင်ခန်းစာ "
အရမ်းပူတဲ့ နေ့တစ်နေ့မှာ ရေဆာနေတဲ့ ကျီးကန်းတစ်ကောင်ဟာ ရေဘယ်နေရာမှာ ရှိနိုင်သလဲဆိုတာကို သိနိုင်ဖို့အတွက် လယ်ကွင်းတွေရဲ့အပေါ်ကနေ ပျံသန်းပြီး ရှာဖွေနေပါတယ်။
အချိန်သာ ကုန်လာတယ် ရေရှိမယ့် နေရာကို မတွေ့ဘူး ဖြစ်နေတယ်။ရေမသောက်ရသေးတဲ့အပြင် မောဟိုက်နေတာကြောင့် ပျံသန်းဖို့တောင် အားမရှိတော့ဘူး။ မျှော်လင့်ချက်မဲ့ နေတဲ့ အခြေအနေကို ရောက်နေပြီ။
မောဟိုက်လွန်းပြီး မပျံနိုင်တော့လို့ လယ်ကွင်းထဲတစ်ခုထဲမှာ နားလိုက်ရပါတော့တယ်။
ရုတ်တရက် လယ်ကွင်းရဲ့တစ်နေရာ သစ်ပင်အောက်မှာ အရာတစ်ခုကို သူလှမ်းတွေ့လိုက်တယ်။
သေချာသွားပြီ အဲဒါကတော့ ရေခရားတစ်ခုပဲဖြစ်ပါတယ်။ ဝမ်းသာအားရနဲ့ ရေခရားအဖုံးကို နှုတ်သီးနဲ့ ထိုးကြည့်ပြီး ရေရှိ မရှိ ကြည့်လိုက်တော့ ခရားထဲမှာ ရေတစ်ဝက်လောက်ရှိသေးတယ်။ သောက်မယ်လည်းကြံရော ခရားရဲ့အဝနဲ့ သူ့ခေါင်းနဲ့ မဆံ့ဘူးဖြစ်နေတယ်။
အဲဒါနဲ့ ကျီးကန်းလည်း ရေခရားကို စောင်းကြည့်လိုက်တယ်။ ဒါပေမယ့် ရေခရားက အရမ်းလေးနေတယ်။ ဘယ်လိုမှ မလို့မရဘူး။ ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ စဉ်းစားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ ကျောက်ခဲလေးတွေကို တွေ့လိုက်တော့ သူ အကြံတစ်ခု ရသွားတယ်။
အဲဒါနဲ့ ကျောက်ခဲတစ်ခုကို ခရားထဲကို ထည့်လိုက်တယ်။ အခြေအနေက မထူးသေးဘူး။ နောက်ထပ်ကျောက်ခဲတွေ တစ်ခုပြီးတစ်ခု ထပ်လည်း ထည့်လိုက်ရောက် ရေမျက်နှာပြင်မြင့်တက်လာလိုက်တာ နောက်ဆုံးတော့ သူ့နှုတ်သီးနဲ့ သောက်လို့ရတဲ့ အခြေအနေကို ရောက်ရှိသွားတော့တာပေါ့။
ကျီးကန်းလေးလည်း ပျော်ပျော်ကြီးသောက်လို့ရသွားပါတော့တယ်။
ဒီပုံပြင်ထဲက ကျီးကန်းလေးလိုပါပဲ ကျွန်တော်တို့လည်း ဘဝမှာ မိမိလိုချင်တာတွေကို ရှာဖွေတဲ့အခါမှာ အဆင်ပြေတာ ရှိသလို အဆင်မပြေ ဒုက္ခရောက်ရတာလည်း ရှိမှာပါ။ အဆင်မပြေတဲ့အခါမှာ ဘယ်တော့မှ အရှုံးမပေးပါနဲ့။
မြန်မာစကားပုံတစ်ခု ရှိပါတယ် "လိုလျှင်ကြံဆ နည်းလမ်းရ"တဲ့ သင့်ရည်မှန်းချက် ပန်းတိုင်ရောက်ဖို့အတွက်တော့ သင့်ရဲ့ လုံလဝီရိယတွေကို တွေးခေါ်ဆင်ခြင်းစဉ်းစားမှု ဆိုတာတွေနဲ့ ချိန်ထိုးပြီးဖြေရှင်းမယ်ဆိုရင်တော့ သင်လိုချင်တဲ့ ရည်မှန်းချက် ပန်းတိုင်ဟာလည်း မလွဲမသွေ ရောက်ရှိမှာပါ။
Credit
Comments
Post a Comment