မျှော်လင့်ချက်

--------------

၁၉၈၉ ခုနှစ်က အာမေးနီးယားနိုင်ငံတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်လေးတစ်ခုဖြစ်သည်။


တစ်နေ့ ထိုနိုင်ငံတွင် ငလျှင်လှုပ်လိုက်သည်။ ပြင်းအားက ၈.၂ အဆင့်ရှိသည်။ ၄ မိနစ်တာမျှ လှုပ်လိုက်သော ငလျှင်ဒဏ်ကြောင့် လူဦးရေ ၃၀,၀၀၀ ကျော်သေဆုံးသွားခဲ့ရသည်။ 


ငလျှင်လှုပ်ကာ လူတွေ ထိတ်လန့်တုန်လှုပ်နေရချိန်တွင် ဖခင်တစ်ဦးသည် ဇနီးဖြစ်သူကို အိမ်တွင်ထားခဲ့ကာ ကျောင်းရှိရာ ဘက်ကို ပြေးလာခဲ့သည်။ သူကျောင်းကို ရောက်လာချိန်တွင် တွေ့လိုက်ရသည်မှာ ရင်နင့်ဖွယ်ရာ ဖြစ်သည်။ သူ့သားတက်နေသည် ထိုကျောင်းလေးမှာ ပြားပြားဝပ် ပြိုကျပျက်စီးနေပြီဖြစ်သည်။ 


ဖခင်ဖြစ်သူက ကျောင်းကိုကြည့်ကာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေသည်။ သူသိသည်မှာ တစ်ခုတည်း ဖြစ်သည်။ သူ့သားကို ပေးထားသည့် ကတိဖြစ်သည်။


“သားလေး ဘာမှ မကြောက်နဲ့ ... ဘာဖြစ်ဖြစ် သားနားကို အဖေရောက်လာမယ်”


ဖခင်ဖြစ်သူသည် မျက်ရည်တွေစီးကျကာ ပြိုကျပျက်စီးနေသောကျောင်းကြီးကို စိုက်ကြည့်နေရာက သူ့သား အတန်းရှိသည့် ကျောင်းအဆောက်အအုံကြီး၏ ထောင့်ခန်းဆီကိုသွားကာ အုတ်ကျိုး အုတ်ပဲ့တွေကို စတင် ဖယ်ရှားတော့သည်။


သူ အုတ်ကျိုးတွေကို ဖယ်ရှားနေချိန်တွင် အခြားသော မိဘတွေလည်း ရောက်လာပြီး “သားရေ” ... “သမီးရေ” စသည်ဖြင့် ဝိုင်းအော်ကာ ခေါ်ကြ၊ ငိုကြသည်။ သို့သော် သူတို့က ဝိုင်းကူကာ ဖယ်ရှားပေးရမည့်အစား တစ်ယောက်တည်း အားစိုက်ကာ ဖယ်ရှားရှင်းလင်းနေသူကို ဆွဲကာ


“နောက်ကျသွားပြီ”


“သေကုန်ရောပေါ့”


“လုပ်မနေပါနဲ့”


“မရှင်နိုင်တော့ပါဘူး”


“ခင်ဗျားလုပ်နေတာ အလကားပဲ” စသည်ဖြင့် ဝိုင်းပြောကြသည်။


ယုံကြည်မှုဖြင့် အုတ်ပုံကိုဖယ်ရှားနေသော ဖခင်ဖြစ်သူက


“ကျွန်တော့်ကို ကူညီကြပါဗျာ” ဟု သနားစဖွယ်တောင်းပန်သော်လည်း မည်သူမျှ မကူညီကြပေ။


သူတစ်ယောက်တည်းကသာ အုတ်ကျိုးတွေကို မျှော်လင့်ချက်ဖြင့် ဖယ်ရှားနေသည်။ 


ထိုစဉ် မီးသတ်အဖွဲ့တွေ ရောက်လာသည်။ သူ့ကို လာဆွဲထုတ်ကာ


“မီးထတောက်လာနိုင်တယ်။ နေရာတိုင်းမှာ ပေါက်ကွဲမှုတွေ ဖြစ်နေတာ။ ခင်ဗျား အန္တရာယ်ရှိတယ်။ အိမ်ပြန်ပါတော့” ဟု လာပြောကြလေသည်။


ဖခင်က မီးသတ်သမားတွေကို


“ကူညီပါဗျာ ... အုတ်တွေကို ဝိုင်းဖယ်ပေးကြပါ” ဟု ငိုယိုကာပြောပြန်သည်။


ရဲတွေရောက်လာပြန်သည်


“ဟေ့လူ ... ခင်ဗျားစိတ်တွေ ပုံမှန်မဟုတ်တော့ဘူး ...ခင်ဗျားကြောင့် ကျန်တဲ့သူတွေ အန္တရာယ်ဖြစ်မယ်။ အိမ်ပြန်တော့ ... ကျုပ်တို့ဆက်လုပ်လိုက်မယ်” ဟုပြောပြန်သည်။


ဖခင်ဖြစ်သူက ရဲတွေကို


“ကျွန်တော့ကို ကူညီကြပါခင်ဗျာ” ဟု ပြောသည်။


ရဲတွေကလည်း သူ့ကို မကူညီ။


ဖခင်ဖြစ်သူက


“သားလေး ... သားလေး သေသေ ... ရှင်ရှင် အဖေရအောင်ရှာမယ်” ဟုဆိုကာ

၁၈ နာရီ ... ၁၂ နာရီ ... ၂၄ နာရီ ... ၃၆ နာရီ မရပ်မနား တစ်ယောက်တည်း တူးဖော်ကာ ရှာဖွေသည်။


၃၈ နာရီမြောက်တွင် ကျောက်တုံးကြီးတစ်တုံးကို အားနှင့်မရွှေ့လိုက်ရာ အောက်မှ အော်သံသဲ့သဲ့ ကြားလိုက် ရသည်။ သူက သားဖြစ်သူ နာမည်ကို အော်ခေါ်လိုက်သည်


“အာမင် လား”


အောက်မှ ပြန်ထူးသည်


“အဖေ ... သားဒီမှာ”


“အဖေရောက်လာပြီ မပူနဲ့”


“သားသူငယ်ချင်းတွေကို သားကပြောထားတယ် ... ငါ့အဖေရောက်လာလိမ့်မယ်လို့ ... အဖေက ဘာဖြစ်ဖြစ် သားဆီကို ရောက်လာမယ်လို့ ကတိပေးထားတယ်ဆိုတာ ... အဖေတကယ်ရောက်လာပြီ”


“အထဲမှာ သားနဲ့အတူ ဘယ်နှယောက်ရှိနေလဲ”


“၁၄ ယောက်ပဲရှိတော့တယ်အဖေ ... သားတို့ ကြောက်နေတာ ... ဆာလည်းဆာ ... ရေလည်း ငတ်နေတယ်”


ကလေးတွေက အဆောက်အအုံကြီး ပြိုရာတွင် နံရံက သူတို့အပေါ်တွင် တြိဂံပုံစံ ဘေးစောင်းအုပ်မိုးပေး လိုက်သလို ဖြစ်သွားသောကြောင့် ကလေး ၁၄ ယောက် အသက်ရှင်ခြင်းဖြစ်သည်။ 


“သားတို့လာ ... တစ်ယောက်ချင်းထွက်ခဲ့ကြ ... သားလက်ကို အဖေ့ပေး”


“အဖေ ... သားသူငယ်ချင်းတွေကို အရင်ဆွဲထုတ် ... အဖေရောက်လာမှ သားမကြောက်တော့ဘူး”


(Mark V. Hansen ၏ Are You Going To Help Me? ကို မြန်မာမှုပြုပါသည်)


တင်ညွန့်


၇.၇.၂၀၂၂

Comments

Popular posts from this blog

ချောတယ်လို့