#ချောမယ်နဲ့ချောတယ်
”မောင်”
”ဗျ”
”မနက်ဖြန် ကျွန်မမွေးနေ့နော်”
”အင်း သိတယ်လေ။ အာ့ ဘာဖြစ်လို့လဲ"
”ဘာဖြစ်လဲဆိုတော့ ဘာမှတော့မဖြစ်ပါဘူး"
အလိုက်သင့်ပြန်ဖြေနေပေမယ့် အသံက နည်းနည်းဒေါသသံပါလာသလိုလို။
နည်းနည်းမှ အစမခံ။
"ကျွန်မက ပင်လယ်ဝက တောင်ပေါ်ကမ်းခြေဘုရား သွားဖူးချင်လို့ပါ။ မောင် အဆင်ပြေမယ်ဆိုရင်လိုက်ပို့စေချင်လို့ပါ"
ကြံကြံဖန်ဖန်။
ခုတလောမိုးတွေ ဆက်တိုက်သည်းပြီးရွာနေတာကို သင်းမို့။
မွေးနေ့အကြောင်းပြပြီး တော်တော်ပျော်နေတယ်ထင်တယ်။ အယွမ..😁
”ဟို မိုးက တအား ရွာနေတော့ အိမ်ကဘုရားမှာပဲ.."
”ဘာလဲ! လိုက်မပို့ဘူးလား”
”အာ..ပို့မှာပါ။ မပို့ဘူးမပြောပါဘူး။ ပို့ရမှာပေါ့။
ပို့မယ်။ ဘယ်အချိန်လောက် လာကြိုရမလဲသာ ပြော”
နေပေ့စေ။
ကမ်းခြေရောက်မှ အိတ်ကပ်ပြောင်အောင်ကို
စျေးကြီးတာသက်သက်ရွေးပြီး ဝါးတီးဖွင့်ပေးလိုက်မယ်။
ဟုတ်တယ်..။ လူကို သူ့ driver မှတ်လို့ ဟွန်း။
”ဒါဆို ညကျ အချိန်ကို စာတိုပို့ထားလိုက်မယ်လေ”
နောက်တစ်နေ့ သူမ ပြောတဲ့အချိန်ရောက်ဖို့ မနည်း ရုန်းရတယ်။
အိမ်က စထွက်ကတည်းက မိုးက မရပ်မနား သည်းကြီးမည်းကြီး အသားပါပါနဲ့ကို မတိတ်စတမ်းကို ရွာနေတာလေ။
နှစ်ယောက်စလုံး မိုးကာ ဝတ်ထားပေမယ့်လည်း ဘယ်လုံမလဲ။
”သေချာဖက်ထားနော် ချစ်။ ကိုယ် speed နည်းနည်းတင်မလို့”😜😜
”ဟုတ်.."
သိတယ်မလား။ 😜
ဆိုင်ကယ်လ် နဲ့ဆိုတော့ ယောက်ျားလေးပီပီ နည်းနည်းတော့ နပ်ရတာပေါ့လေ။☺️
ဘုရားတောင်ရောက်တဲ့အထိလည်း မိုးကမတိတ်။
မိုးကကြီးသလို ဘုရားတောင်ပေါ်တက်တဲ့ အုတ်လှေကားထစ်တွေမှာလည်း ရေညှိတွေဟာ အထပ်လိုက်နဲ့။
ချောလဲပြီး လှေကားကနေသာ ဒလိမ့်ကောက်ကွေးပြုတ်ကျလို့ကတော့ဖြင့်
ရှဲ တစ်ချောင်း နှစ်ချောင်းကတော့ အသာကလေးပဲ။
တောင်ပေါ်ရောက်ဖို့ တကယ်ကြီး မနည်းကို သတိထား တတ်ရတယ်။
ဘုရားလာတာဆိုတော့ စတစ်ကော်လာနဲ့ ပုဆိုးနဲ့ဝတ်လာတာမို့ ခုတော့ ပုဆိုးက မိုးရေတွေစိုပြီး တုံ့။
ရေညှိတွေနဲ့ လှေကားထစ်တွေက ချော။
သူမကို ထီးကလည်း တစ်ဘက်ဆောင်းထားပေးရတဲ့ကြားထဲ အဖြူရောင် မြန်မာဝတ်စုံနဲ့ ဂါနေတဲ့ မယ်တုန်ချိက လုံချည်တုံ့နေတာမို့ တွဲဆွဲရသေး။
”ချစ်..ချောတယ်နော်”
ကိုယ်က သူ ရေညှိတွေနဲ့ ချောလဲပြီး လှေကားကနေ ပြုတ်ကျမဖြစ်အောင် ဂရုစိုက်ဖို့ သတိပေးတာ။
”အာ့တောင် ချစ် သိပ်မပြင်ထားဘူး မောင်ရဲ့။
အိပ်ရာထနောက်ကျနေတာနဲ့ မောင် ရာက်ခါနီးမှ
မြန်မြန်လေး ပြီးစလွယ်ပဲ ပြင်လာလိုက်တာ”
ဟယ်..ရေညှိချွဲချွဲ မိုးသည်းသည်းကြား
ကိုယ့်သတိပေးစကားကို သူ့ချောတယ်မှတ်ပြီး ဘယ်လိုတောင် ဂုဏ်ဆာပစ်လိုက်ရသတဲ့လဲ။
ငါ့နှယ်..
”ငှယ် တောင်ပေါ်တက်လို့ မောကမော ရေညှိနဲ့ ချောကချောရတဲ့အထဲ ဘာတွေပြောနေတာတုန်း”😞
”ဟင်..မောင်ပဲ ချောတယ်နော်ဆို။
အဲ့ဒါ ချစ်ကိုပြောတာ ဟုတ်ဘူးလား”😇
”ဘယ်ကလာကွာ..။ ချောတယ်ဆိုတာ ချစ်ကိုပြောတာတော့ဟုတ်တယ်။ ဒါပေမယ့် ကိုယ်က အုတ်လှေကားထစ်တွေ ရေညှိနဲ့ချောနေတာကို ပြောတာ”😅
သူမ မျက်နှာ ထန်းသီးပုပ်ရောင်လို မည်းသွားလိုက်တာ ကောင်းကင်ကမိုးတောင် ရှုံးမလားမသိ။
”ဘာ..ရှင်.."
"ဟုတ်တယ်လေ..ကိုယ်က"
"တော်တော့..တစ်ခွန်းမှ ဆက်မပြောနဲ့တော့"
ဟာ..နေရင်းထိုင်ရင်း လေသံက ဘာဖြစ်သွားရတာတဲ့လဲ။
"ကိုယ်က ဒီအတိုင်း"
"တော်တော့လို့။ ဆက်မပြောနဲ့"
"မပြောလို့ရမလားကွ။
မပြောရင် သတိတစ်ချက်လွတ်တာနဲ့ မင်း ချောလဲမှာပေါ့။
ကိုယ်က ချစ် လှေကားအတက်ကြီးချောပြုကျမှာစိုးလို့ သတိနဲ့ပြောပြတာ"
လှေကားကို ဆက်မတက်တော့သလို တွဲကိုင် ပေးထားတဲ့လက်ကိုလည်း ဆတ်ခနဲ အားကုန်ဆောင့်ရုန်းတာမို့ ကိုယ့်မှာ အူလည်လည်ကြီးဖြစ်သွားရတယ်။
ဒါ စိတ်ကောက်သွားတဲ့ စတိုင်လ်ပဲ။
ဘုရား သိကြား မယ်တော်မာရီ ယေရှုခရစ်တို့
ကယ်တော်မူကြပါ..။
ဘယ်နေရာမှာ ဘာကို စိတ်ကောက်သွားရသလဲဆိုတာ ကူညီစဉ်းစားပေးတော်မူကြပါ။
"ဘာသတိပေးတာလဲ။ လူကိုဂရုစိုက်သလိုလိုနဲ့
မပြောနဲ့တော့ဆိုတာကို တမင်တကာ ယုတ်မာ မိုက်ရိုင်းပြီး ကျွန်မကို အရှက်ခွဲတာ"
"ဟာ..ကိုယ် ဘယ်မှာ အရှက်ခွဲလို့လဲ။ မဟုတ်တမ်းတရားတွေ။ အဲ့လိုလုပ်စရာလား ကိုယ့်ကောင်မလေးကို"
"ဒါဆို ဘာလို့ သတိပေးစကားကို "ချစ် ချောမယ်နော်" လို့ မပြောဘဲ "ချောတယ်နော်" ဆိုပြီး ကျွန်မ အထင်မှားအောင်ပြောရတာလဲ"
အယ်..ချောမယ်နဲ့ ချောတယ် မှားတဲ့ ပြဿနာတဲ့။
ဒီနေ့မှပဲ သဒ္ဒါ အသုံးက လာမှားရတယ်လို့။
ကွိုင်မှ တကယ့်ကွိုင်။
"ရှင့်ဆီက ချောတယ် လှတယ်ဆိုတဲ့စကားကြားရဖို့ ကျွန်မ မနက်ခြောက်နာရီကတည်းက အပင်ပန်းခံ ထပြင်ဆင်ထားရတာကို ရှင်မို့"
"စောနကပြောတော့ ကိုယ်လာခါနီးမှ အိပ်ရာထပြီးပြင်တာဆို"
သူမက ဘေးနားက ရယ်ပြုံးလှည့်ကြည့်သွားကြတဲ့ စုံတွဲတစ်တွဲဆီငဲ့ကြည့်ကာ လက်ထဲက ထီးကိုပါ ပုတ်ချပစ်လိုက်ရော။
"နင်..ငါ့ စောက်ရှက်ခွဲဖို့များ ငါနဲ့တွဲနေတာလား ဟမ်.. တောက်..။ ဘုရားလည်းမသွားတော့ဘူး။
ရှင်နဲ့ ကျွန်မသုံးရက်ပြတ်ပြီ"
"ဟာ..ဘာလို့လဲ။ အရေးမဟုတ်တာ။ သူ့စိတ်ပူလို့လည်း သတိပေးရသေးတယ်"
"သတိလည်းမပေးနဲ့။ ဘာမှလည်း ဆက်မပြောနဲ့။ ခုချက်ချင်း အိမ်ပြန်ပို့"
”ငှယ် ဟုတ်ဘူးလေ။ မောင် ပြောတာက ချစ် ရေညှိတွေနဲ့ ချောလဲပြုတ်ကျမှာ စိုးလို့ ချစ် သတိထားဖို့ ဆိုပြီး…”😖😖
”ရှင်..တိတ်😠 ဇမ်း😠 ဘာမှ ထပ်မကြားချင်ဘူး”
ကိုယ်လည်း ပါးစပ်ကိုနာနာပိတ်။ သူမကို ချက်ချင်းပဲ အိမ်ပြန်ပို့ပေးလိုက်ရရော။
အဲ့နေ့က ဝါးတီးဖွင့်ဖို့ နေနေသာသာ
မွေးနေ့လက်ဆောင်တောင် မပေးလိုက်ရဘူး။☺️
စေတနာနဲ့သတိပေးတာကို "ချောမယ်နဲ့ ချောတယ်" မှားလို့တဲ့ သုံးရက် အဖြတ်ခံလိုက်ရတယ်။
ဟုတ်တယ်..စေတနာနဲ့ပြောတာကို။ 😁😁
Crd
#ကိုသု
Comments
Post a Comment