#အကောင်းမြင်စိတ်ကလေး
တစ်ခါတုန်းက အဘိုးကြီး တစ်ယောက်မှာ
သမီး၂ယောက်ရှိတယ်တဲ့။
သမီးကြီးက ထီးရောင်းတဲ့ ထီးဆိုင်ပိုင်ရှင်နဲ့
အိမ်ထောင်ကျတယ်တဲ့။ သမီးငယ်က
ဆေးဆိုးပန်းရိုက် အလုပ်ရုံတစ်ရုံ
ထူထောင်လုပ်ကိုင်နေကြသတဲ့။
အဘိုးကြီးက နေသာတဲ့ ရာသီနေ့တွေမှာ
သမီးကြီးရဲ့ ထီးဆိုင်မရောင်းရမှာ စိုးရိမ်နေသတဲ့။
မိုးရွာတဲ့နေ့များမှာတော့ သမီးငယ်ရဲ့
ဆေးဆိုးပန်းရိုက်ထည်တွေ နေမလှန်းရလို့
မခြောက်မှာ စိုးရိမ်နေပြန်ရော။
ဒီလိုနဲ့ နေ့စဉ် သမီးတွေရဲ့အလုပ် အဆင်မပြေမှာကို
တွေးပူပြီး သောကရောက်နေသတဲ့။
ရက်လတွေကြာလာတော့ အဘိုးကြီးလည်း
ဒီသောကတွေနဲ့ ကျန်းမာရေး ချူခြာလာတော့တယ်။
အတွင်းသိမိတ်ဆွေကောင်းတစ်ဦးက ဒီလိုပြောတယ်။
“ မိတ်ဆွေကြီး.... ခင်ဗျားကတော့
သိပ်ကံကောင်းတယ်ဗျာ.... မိုးရွာရင် ခင်ဗျားသမီးကြီးရဲ့ ထီးဆိုင်မှာ လူစည်ကားတယ်ဗျာ၊
နေပူပြန်တော့ ခင်ဗျား သမီးငယ်ရဲ့ ဆေးဆိုးပန်းရိုက်
ထည်တွေ ရောင်းကောင်းပြန်ရော။
ဘယ်နေ့မဆို ခင်ဗျား သတင်းကောင်းတွေ
ကြားနေရတာချည်းပါလား “
ဒီစကားလည်း အဘိုးကြီးကြားရော
“ ဟုတ်သားပဲ.. ငါ ဘာလို့ အစက
ဒီလို မတွေးတောမိပါလိမ့် “ လို့လည်း
စဉ်းစားလိုက်မိရော ပူပင်သောက စိုးရိမ်ကြောင့်ကြမှု
မရှိတော့ပဲ အမြင်တွေပြောင်းသွားတဲ့အတွက်
ချို့ယွင်းစပြုနေတဲ့ ကျန်းမာရေးလည်း
တစ်စစနဲ့ ပြန်ကောင်းလာခဲ့တယ်။
️တကယ်တော့ ရာသီဥတုကလည်း ဒီအတိုင်းပဲ။
အရောင်းအ၀ယ်ကလည်း ပုံမှန်ပါပဲ။
အဘိုးကြီးရဲ့ စိတ်သဘောထားပြောင်းလဲသွားမှုပေါ်မှာ အကျိုး သက်ရောက်မှုတွေလည်း
ပြောင်းလဲသွားရတာပါ။
ဒုတိယ ဖတ်ဖြစ်တဲ့ တစ်ပုဒ်ကတော့ …
စိတ်ဓာတ်အကျကြီးကျနေတဲ့ မိန်းမငယ်တစ်ယောက်။
မြစ်ထဲဆင်းပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ လုပ်ချိန်
သမ္ဗာန်သမားအဘိုးကြီးက တွေ့လို့ကယ်လိုက်တယ်။
“ မိန်းကလေး...ဘာလို့ ငယ်ငယ်ရွယ်ရွယ်နဲ့
သေကြောင်းကြံချင်ရသလဲ “ လို့
သမ္ဗာန်သမား အဘိုးကြီး က မေးလိုက်တယ်။
မိန်းကလေးက ငိုပြီးပြောလေတယ်။
“ ကျွန်မက ဆင်းရဲတော့ ဓမ္မာရုံတစ်ခုမှ
ဝေယျာဝေစ္စတွေ ကူလုပ်ပေးရပါတယ်။
လက်ထပ်ပြီး ၂နှစ်အကြာမှာ ယောကျာ်းကဆုံးတယ်၊
ယောကျာ်းဆုံးပြီး မကြာဘူး သားကလဲ ဆုံးပြန်တယ်၊ ဘာသာရေးအဆုံးအမနဲ့ နီးပေမဲ့ သူတို့မရှိမှတော့
ကျွန်မဘ၀မှာ ရှင်သန်နေထိုင်နေရလဲ
ဘာများထူးပါဦးမလဲရှင် “ ..လို့ ပြောတယ်။
ဒီတော့ သမ္ဗာန်သမား အဘိုးကြီးကမေးတယ်။
“ လွန်ခဲ့တဲ့ ၂နှစ်မတိုင်မီက ညည်းဘယ်လို နေခဲ့လဲ “
ဒီတော့ မိန်းမငယ်က..
“ အဲ့ဒီတုန်းက ကျွန်မ လွတ်လွတ်လပ်လပ်နဲ့
အချုပ်အချယ်မရှိ အပူပင်မရှိနေခဲ့ပါတယ် ”
“ အဲ့ဒီတုန်းက ညည်းမှာ လင်တွေ သားတွေရော
ရှိနေပြီလား “
“ မရှိသေးပါဘူး “
“ ဒါဆိုရင် ကံကြမ္မာဆိုတဲ့ လှေငယ်က ညည်းကို
အတိတ် ၂နှစ်ဆီ ပြန်ခေါ်သွားတာပဲ၊ ခုဆို ညည်း
လွတ်လွတ်လပ်လပ် အချုပ်အချယ် ကင်းကင်းနဲ့
ပူပင်သောက ဖြစ်စရာမရှိတော့ဘူးပေါ့၊
ညည်းလုပ်ချင်တဲ့ ဓမ္မာရုံက ကုသိုလ်ရေးကိစ္စတွေ
ညည်းစိတ်ရောကိုယ်ပါ လုပ်နိုင်ပြီပေါ့“
မိန်းကလေးလည်း သမ္ဗာန်သမား အဘိုးကြီးစကားကို
ကြားလိုက်ရတော့ စိတ်ထဲမှာ
ရှင်လမ်းတစ်သွယ်ကိုဘွားခနဲ မြင်လိုက်ရသလိုပဲ။
ပျော်ပျော်ရွှင်ရွှင်နဲ့ ကမ်းပေါ်ခုန်တက်လို့ အဘိုးအိုကို
နှုတ်ဆက်ပြီး ထွက်ခွာသွားလေတော့တယ်။
............
️ကိစ္စတစ်ခုခု အဆင်မပြေ၊ မအောင်မြင်ပြီဆိုရင်
များသောအားဖြင့် မဖြေဆည်တတ်ကြပါဘူး။
အဲ့ဒီ မဖြေဆည်နိုင်တာကနေ မကောင်းတဲ့
အာဃာတတွေ၊ ၀န်တိုမှုတွေ၊ သောကတွေက
မိမိခန္ဓာကိုယ်ထဲ ဖိစီးကိန်းအောင်းလာရင်း
အစိုင်အခဲတွေ ထုထည်နဲ့ ရှိလာတတ်ပါတယ်။
အကောင်းမြင်တတ်တဲ့ သူတစ်ယောက်ဟာ
ဘ၀မှာတွေ့ကြုံလာတဲ့ အခက်အခဲ၊ အနိုင်အရှုံး ၊
အပြုံး အမဲ့တွေကို ကိုယ်တိုင်ရင်ဆိုင်ရတိုင်း
အကောင်းမြင်စိတ်လေးတွေနဲ့
ဖြည့်တွေးကြည့်မယ်ဆိုရင်နေပျော်တဲ့ဘ၀ကို
ကိုယ်တိုင်ဖန်တီးတည်ဆောက်လာနိုင်မှာမလွဲပါဘူး။
ဘ၀ဆိုတာ တကယ်တော့ . . .
️ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကြားက
အလွှာပါးလေးတစ်လွှာပါဘဲ။
️အဲ့ဒီအလွှာလေးကို မပေါက်မပြဲ၊ မစွန်းမထင်းအောင်
ကြိုးစားသူက ကြိုးစားကြ၊
ပေါက်ပြဲစွန်းထင်း သူတွေကလည်းဖာထေး
လျှော်ဖွတ်ကြနဲ့ပဲ အချိန်တွေ တစ်ရွေ့ရွေ့ကုန်ဆုံးရင်း ရှင်သန်နေထိုင်နေကြရတာပါပဲနော်...။
.
.
.
#Credit:
ချစ်ခြင်းအားဖြင့် Yin Tun Royal
Comments
Post a Comment