ကျနော်တို့ရွာက ရွှေဘိုမြို့နဲ့ ရှစ်မိုင်လောက်မှာတည်ရှိတယ်။ ရွာကအိမ်ခြေ ရှစ်ဆယ်ဝန်းကျင်လောက်ဘဲရှိပါတယ်။တကယ်ရိုးသားကြပြီး စိတ်သဘောကောင်းကြပါပေရဲ့။


ရွာကိုအုပ်ချုပ်တဲ့သူက သူကြီးဦးသာဒင်နဲ့ သူကြီးကတော် ဒေါ်လှအေး။ အဲ့ဒီခေတ်က ဗိုလ်အောင်ဒင်ခေတ်ဆိုတော့ " ဒင်" ပါမှနာမည်ဖြစ်တဲ့အချိန်။


သူကြီးသာဒင်လည်း ဗိုလ်အောင်ဒင်ကို အားကျပြီး

မှည့်ထားလေသလားမသိ။


သူကြီးဦးသာဒင်မှာ တစ်ဦးတည်းသောသမီးလေး ရွှေမိ ဆိုတာရှိတယ်။ နာမည်နဲ့လိုက်အောင်ရွှေအဆင်းကဲ့သို့အသားအရေကဝင်းဝါပြီး...... ဟိုဘက်ကျော်လွန်ကာ မဲကြုတ်နေလို့ ကာလသားတွေက မဲတူ လို့မကြားတကြားခေါ်ကြလေရဲ့။


အဲ...ရွှေမိကတော့ သူ့အဖေ သူကြီးအရှိန်အဝါနဲ့ ဘယ်သူမှ မစရဲ မနောက်ရဲ ရီးစားစကားမပြောရဲဆိုတော့ လင်ယူချင်ပေမယ့် အပျိုကြီးလုပ်နေရတဲ့ဘဝ။


သူကြီးကလည်းအလိုက်ကမ်းဆိုးမသိ၊ အထူးအပါးနားမလည်ရကား သူ့သမီးကိုလိုချင်ရင် ရွှေကဘယ်ရွေ့ ငွေကဘယ်မျှ လယ်ကဘယ်နှစ်ဧကတင်တောင်းနိုင်မှ ဆိုပြီး ခပ်တည်တည်လုပ်နေတော့ ဒီဘဝတော့ ရွှေမိ လင်ရတော့မယ်မထင်။


တစ်ရက်မှာတော့....


သူကြီးအိမ်မှာမနက်စောစော လင်မယားနှစ်ယောက်

ပွစိပွစိ ဖြစ်နေကြတယ်။


ဘေးအိမ်ကလူတွေက ခါတိုင်းလိုမဟုတ်ဘဲ ပူညံပူညံအသံတွေကြားရတော့ သူကြီးအိမ်ကိုလှမ်းမေးကြတယ်။


" ဟဲ့ လှအေး ဘာတွေဖြစ်နေကြတာလဲ "


" ဘာဖြစ်ရမှာလည်း အရီးအေးမရယ် ရွှေမိပေါ့ ၊ ရွှေမိလင့်နောက်လိုက်သွားလို့ "


"ဟယ်....ကြံကြီးစီးရာအေ...ဘယ်ကလင်လည်း အေ့"


" အဲ့ဒါပေါ့ အဲ့ဒါမသိလို့ သူ့အဖေစိတ်တိုနေတာ "


သူကြီးကား စိတ်တိုတို နဲ့ မောင်းထုလေပြီ။မောင်းသံကားတစ်ရွာလုံး တုန်ဟီးလျှက်။


မောင်းထုပြီးမကြာပါဘူး၊ ရွာသားတွေ တစ်အိမ်တစ်ယောက် သူကြီးအိမ်ကိုရောက်လာကြတယ်။


ရွာသူရွာသားတွေက သူကြီးအိမ်ရှေ့ကထန်းရွက်တဲလေးထဲမှာထိုင်နေကြလေရဲ့။ဘာများဖြစ်လို့ပါလိမ့်ဆိုတဲ့အတွေးကိုယ်စီနဲ့ပေါ့။


သူကြီးကတော့ခေါက်တုန့်ခေါက်ပြန် နေမထိ ထိုင်မသာ လမ်းလျှောက်ရင်း....


" ကဲ...မောင်းထုခေါ်ရခြင်းအကြောင်းက ဒီလိုဟေ့"


" ငါ့သမီး ရွှေမိကိစ္စ ဘဲ ၊အခု ငါ့သမီးပျောက်နေတယ်၊ ငါ့သမီးကို သွေးဆောင်ဖျားယောင်းပြီး ခိုးသွားတဲ့ကောင် ဒီနေ့ ညနေအမှီ ပြန်အပ်ရင်အပ်၊ မအပ်ရင်..."


" ကိုသာဒင် ခနလာအုံး "


သူကြီးစကားမဆုံးခင်မှာ ဒေါ်လှအေး ခေါ်သံထွက်လာတယ်။


သူကြီးလည်း အိမ်ထဲဝင်သွားပြီး မိန်းမဖြစ်သူနဲ့ တိုးတိုးတိတ်တိတ် နှစ်ကိုကြားပြောနေကြတယ်။


ခနနေတော့ သူကြီးပြန်ထွက်လာတယ်။ လွယ်အိပ်ကြီးတစ်လုံးလည်း လွယ်လို့။


" အေး မင်းတို့ပြန်လို့ရပြီ ငါဘုန်းကြီးကျောင်းသွားမလို့ တစ်ယောက်မှ မလိုက်ခဲ့ကြနဲ့ " တဲ့။


သူကြီးဦးသာဒင်ကား လွယ်အိပ်ကြီးလွယ်ကာ ရွာဦးကျောင်းသို့ သုတ်ခြေတင်လေပြီ။ပဟေဠိဆန်လေစွ။


ဆရာတော်ကအာရုံဆွမ်းစားပြီး ကွမ်းယာလေးမြုံပြီး မိန့်မိန့်ကြီးထိုင်နေတယ်။


" ဆရာတော် ဆရာတော် ဖျာ့ "


" ဟေ... သာဒင်ပါလားကွ ၊ စောစောစီးစီး ဘာကိစ္စရှိလို့လဲဟေ့ "


" ဘာကိစ္စရမှာလည်း တပည့်တော်သမီးခိုးသွားတဲ့ကိစ္စ "


" ဟာ...သာဒင်ရာ ကြံကြံဖန်ဖန် ဘယ့်နှယ့်..မင်းသမီးကို ငါကခိုးရမယ်လို့ "


" အရှင်ဘုရားမဟုတ်ဘူး အရှင်ဘုရားမဟုတ်ဘူး ၊ အရှင်ဘုရားတပည့် ကိုရင်ဖိုးရင် "


သူကြီးကား ဒေါပွနေလေပြီ။


" ဟ... ဖိုးရင်က ရွှေဘိုသွားတာကွ ၊ ငါ့သူငယ်ချင်းက ဖန်ခါးသီးပို့လိုက်ပါ ဆေးဖော်ချင်တယ်ဆိုလို့ ဖန်းခါးသီးအပို့လွှတ်လိုက်တာ "


" အဲ့ဒါဆို ဒီမှာကြည့် ဖျာ့ "


သူကြီးက ဆရာတော်ရှေ့ ဖန်းခါးသီးထုတ်ကြီးကို လွယ်အိပ်ထဲကထုပ်ကာ ချပြလိုက်တယ်။


" သာဒင်ရာ...တို့ရွာမှာဖန်းခါးသီးပေါလွန်းလို့ အိမ်တိုင်းမှာရှိတာဘဲ "


သူကြီးဦးသာဒင်ကား စိတ်မရှည်ဟန်ဖြင့် လွယ်အိပ်နှိုက်ကာနောက်ထပ် ပစ္စည်းတခုဆွဲထုပ်ပြီး....


" ဒါဆို....ဒီမှာကြည့်ဖျာ့ ဘုန်းကြီးစီးဘိနပ်ဖျာ့ ၊ လူစီးဘိနပ်မဟုတ်ဘူး "


" ဟ ဒါငါ့ဘိနပ်ဘဲကွ ပျောက်နေတာ သုံးလလောက်ရှိပြီ "


" ဒါမှငြင်းချင်သေးတယ်ဆိုရင် ဒီမှာကြည့်အုံးဖျာ့၊ တပည့်တော်သမီး ခေါင်းအုံးအောက်ကတွေ့တာ ဓာတ်မီး ၊ ဟောဒီမှာ... ကိုရင်ဖိုးရင်လို့တောင်ရေးထားသေးတယ် "


တကယ်က ဖန်းခါးသီးထုပ်ပြလိုက်ကထည်းက ဆရာတော်ကသိပြီးသား၊ဒေါပွနေတဲ့ သူကြီးသာဒင်ကို စနောက်ချင်တာနဲ့ ဆက်လှော်လိုက်တယ်။


" အင်း...ဖြစ်မယ်ဆိုလည်း ဖြစ်နိုင်လောက်တယ်၊ ဒီကိုရင် ညဘက်တွေမှာပျောက်နေတာ သုံးလလောက်ရှိပြီ "


ဆရာတော်က အဲ့ဒီလိုလည်းမိန့်လိုက်ရော။


ကပ္ပိယကြီးကပါ အဆစ်လှော်လိုက်သေးတယ်။


" အဲ့ဒီကိုရင်ပေါ့...ရေချိုးခါနီးလေ့ကျင့်ခန်းလုပ်တယ်ဆိုပြီး ဒိုက်ထိုးလေ့ကျင့်နေတာ ကြာပြီ..သူကြီးရ "တဲ့။


သူကြီးသာဒင်ကား လစ်ချေပြီ။


~~~~~~~~~~~~~~

ဦးရွှေညာ (ရွာတန်းရှည်)

Crd


(ဟာသအမြင်ဖြင့်ဖတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်)

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့