အရူးထောင်
………………
#လူနေ
တစ်ခါတုန်းက အရူးထောင်ထဲကနေ အရူးအချို့ ထွက်ပြေးဖို့စဉ်းစား ကြသတဲ့။ အဲ့တော့ သူတို့က ထောင်ထဲကထွက်ပြေးဖို့ ပလန်အကြီးကြီးဆွဲကြတာပေါ့။ သူတို့မှာ စားလဲ ဒီစိတ်၊ ဘာလုပ်လုပ်ဒီစိတ် ဖြစ်နေကြတယ်။
" ထောင်ဝန်းက ကျယ်တော့ လူရှင်းတဲ့အချိန်လုပ်ရမယ်"
" ဟုတ်တယ်၊ မောင်ဝင်းပြောတာ မှန်တယ်"
အရူးမောင်ဝင်းက သူ့စကားကို အခြားအရူးတွေက လေးလေးစားစားလက်ခံတော့ နည်းနည်းကျေနပ် သွားတယ်။ ဒါနဲ့ ဆက်ပြောရတယ်။
" ထောင်ဝန်းပတ်ပတ်လည်မှာက အုတ်နံရံတွေနဲ့ဆိုတော့ အုတ်နံရံကိုဖြိုချရမယ်၊ ဒါမှ ငါတို့လွတ်မြောက်မယ်"
" ဟုတ်တယ်၊ မောင်ဝင်း မှန်တယ်"
" အဲ့တော့ ငါတို့က ထောင်အုတ်နံရံ ဖောက်ဖို့အတွက် ကော်မတီအရင်ဖွဲ့ရမယ်"
" ဟုတ်တယ်၊ မောင်ဝင်း မှန်တယ်...အဲ... ကော်မတီဆိုတာ ဘာလဲ"
အရူးတွေက မောင်ဝင်းကို ထောက်သာထောက်ခံတာ ကော်မတီဆိုတာ ဘာမှန်းမသိဘူးရယ်။ မောင်ဝင်းက အရူးတွေကို ဒါလေးတောင်မသိဘူးလားဆိုတဲ့ အကြည့်နဲ့ တစ်ချက်ကြည့်ပြီး…
" ကော်မတီဆိုတာကွာ...ခေါင်းဆောင်တစ်ယောက်ပါတယ်ကွာ၊ ကျန်တာနောက်လိုက်ချည်းပဲ အဲ့ဒါ..."
" ဪ...ဟုတ်တယ်၊ မောင်ဝင်းပြောတာ မှန်တယ်"
" အဲ့ဒီထောင်ဖောက် ကော်မတီကို ကူညီဖို့၊ ထောင်အုတ်နံရံဖောက်ကူညီရေး လုပ်ငန်းကော်မတီဆိုပြီး ထပ်ဖွဲ့ရမယ်"
" ဟုတ်တယ်၊ မောင်ဝင်းပြောတာ မှန်တယ်"
" အဲ့ဒီထောင် အုတ်နံရံဖောက်ကူညီရေး လုပ်ငန်းကော်မတီကို ကူညီဖို့၊ အုတ်နံရံ သုတေသန ဖွံ့ဖြိုးရေးနှင့် စဉ်ဆက်မပြတ်လေ့လာနေရေး ဆပ်ကော်မတီကို ထပ်ဖွဲ့ရမယ်"
အရူးတွေက အရူးမောင်ဝင်းစကားကိုသိပ်နားမလည်ပေမယ့်လည်း…
" မောင်ဝင်းပြောတာ မှန်တယ်"
ဆိုပြီးပဲ ဆက်ပြောကြတယ်။
အဲ့ဒီလိုနဲ့ ကော်မတီကို အရင်စဖွဲ့ကြတော့ မောင်ဝင်းက ဥက္ကဌဖြစ်ရော၊ ကျန်တဲ့ အရူးတွေက အဖွဲ့ဝင်ပေါ့၊ အဲ့ဒါနဲ့ ကော်မတီကိုကူညီဖို့ အုတ်ဖောက်ကော်ကူ ဆိုပြီး အတိုကောက် ခေါ်တဲ့အဖွဲ့ ဆက်ဖွဲ့တော့ မောင်ဝင်းပဲ ဥက္ကဌထပ်ဖြစ်ပြန်ရော၊ အဲ့ဒါနဲ့ အဖွဲ့ဝင်ရွေးတော့ အရူးအားလုံးက ပါချင်ကြတာနဲ့ ကော်မတီအဖွဲ့ဝင်အားလုံးက အုတ်ဖောက်ကော်ကူမှာ အဖွဲ့ဝင်ထပ်ဖြစ်ကြရောတဲ့။
အဲ့ဒါနဲ့ အုတ်သုစဉ်ဆပ်ကော် ကိုဆက်ဖွဲ့တော့ အရည်ချင်းရှိတဲ့ အရူးမရှိလို့ဆိုပြီး မောင်ဝင်းပဲ ဥက္ကဌ ဆက်ဖြစ်ရောတဲ့။ အဲ့ဒါနဲ့ အဖွဲ့ဝင်တွေကလည်း သူပါမယ် ငါပါမယ်နဲ့ အားလုံး အဖွဲ့ဝင် ဆက်ဖြစ်ကြရောတဲ့။
ဒီလိုနဲ့ သူတို့ရဲ့ အော်ပရေးရှင်းကို အုတ်ကိုဖောက်ကာ ရှေ့ကိုလျှောက်မယ် ဆိုပြီး နာမည်ပေးလိုက်ကြတယ်။
ထမင်းစားပြီးတိုင်း ကော်မတီ အစည်းအဝေးလုပ်ကြတယ်။ တင်ပြကြ၊ ပြောကြနဲ့ပေါ့။ အဲ့ဒီ ကော်မတီအစည်းအဝေးအပြီး အုတ်ဖောက်ကော်ကူအဖွဲ့ အစည်းအဝေး ဆက်လုပ်ကြတယ်။ ဒီလူတွေပဲ။ နောက်ဆုံးအစည်းအဝေးကတော့ အုတ်သုစဉ်ဆပ်ကော်ပေါ့။ သူလည်းပဲ ဒီလူတွေပဲ။ ဒါနဲ့ ကော်မတီဖွဲ့ပြီး တစ်လတိတိမှာ လုပ်ငန်းစီမံချက် တစ်ခုရကြသတဲ့။
အဲ့ဒါကတော့ မနက်စောစော အစောင့်တွေရှင်းတဲ့ အချိန်မှာ ထောင်အုတ်နံရံကို လူအင်အားနဲ့ ထုခွဲဖောက်ပြီး ထောင်အပြင်ကို ထွက်ပြေးရမယ်ဆိုတဲ့ လုပ်ငန်းစီမံချက်ပေါ့။ သိပ်ကောင်းတဲ့ အစီအစဉ် ဆိုပြီး သူတို့အရူးအချင်းချင်းက သဘောကျနေကြတယ်။ သူတို့မို့လို့သာဒီလိုကောင်းတဲ့ လုပ်ငန်းစီမံချက် ကိုဆွဲနိုင်တာဆိုပြီးသူတို့က ဂုဏ်ယူနေကြတယ်။ ဒါတောင်မှ နောက်နှစ်ရက်လောက် အစည်းအဝေးထပ် လုပ်ပြီး ညှိနှိုင်းကြရင် ဒီထပ်ကောင်းတဲ့ စီမံချက်ထွက်လာနိုင်သေးတယ်ဆိုပြီလည်း ဆိုကြသေးတယ်။
နောက်ဆုံးတော့ သူတို့အားလုံး အရူးထောင်ထဲက ထွက်ပြေးဖို့အတွက် နေ့တစ်နေ့ကိုသတ်မှတ်လိုက် ကြတယ်။ အဲ့ဒီနေ့ကတော့ မနက်ဖြန်ပေါ့။
အဲ့ဒီလိုနဲ့ အရူးတွေက အဲ့ဒီညက အိပ်မပျော်ကြဘူး။ သူတို့ရဲ့ ရွှေရောင်တောက်ပလာမယ့် မနက်ဖြန် အတွက် စိတ်လှုပ်ရှားနေကြတယ်။
အရူးတစ်ယောက်ကတော့ ထောင်အပြင်ရောက်ရင် သကြားလုံးဝယ်စားမယ်ဆိုပြီး အခြားအရူးတစ်ယောက်ကိုပြောနေတယ်။ နောက်အရူးကတော့ သူက အုတ်သုစဉ်ဆပ်ကော်မှာ နေရာတစ်နေရာ ရတဲ့ အတွက် အုတ်လုပ်ငန်းတည်ထောင်ရင် ကောင်းမယ်ဆိုပြီး ပြောနေတယ်။
နောက်တစ်ယောက်ကတော့ ထောင်အပြင်ရောက်ရင် မိသားစုနဲ့ အေးအေးချမ်းချမ်း နေမယ်ဆိုပြီးပြောတယ်။ အားလုံးက အဲ့ဒီစကားပြောတဲ့ အရူးကို တအံတဩနဲ့ ဝိုင်းကြည့်ကြတယ်။ ပုံမှန်မဟုတ်တဲ့ စကားကိုပြောတဲ့ အတွက် ဒီကောင်အရူးမဟုတ်ဘူးလားဆိုပြီး ဝိုင်းကြည့်ကြတာပါ။ မယုံသင်္ကာလည်း ဖြစ်သွားကြတယ်။
" မိသားစုနဲ့ အေးအေးချမ်းချမ်းနေမယ်ကွာ၊ သူတို့တွေလည်း ငါမရှိတော့ ပန်ကာမဝယ်နိုင်ဘူးလေ၊ ဒီကထွက်တာနဲ့ ပန်ကာဝယ်မယ်၊ ပြီးရင် အိမ်ကလူတွေဘယ်သွားသွား ပန်ကာကြီးကိုင်ပြီး နောက်ကနေ လိုက်ပေးမယ်ကွာ၊ ငါတော့ တွေးရင်းနဲ့ အေးလို့ ရူးတော့မှာပဲ"
အဲ့ဒီလူက စကားဆက်ပြောမှပဲ အရူးမှန်းသေချာသွားလို့ စိတ်အေးသွားတော့တယ်။
ပြောရင်းဆိုရင်းနဲ့ မိုးရွာလာတယ်။ အရူးထောင်တစ်ခုလုံး မိုးသံတွေနဲ့ ဆူညံနေတာပေါ့။ လေလည်း အတော်တိုက်တယ်။ အားလုံးက ကိုယ့်ကုတင်မှာကိုယ် ငုတ်တုတ်ထိုင်ပြီး မနက်မိုးလင်းလာတာကို စောင့်နေကြတယ်။ လေတွေမိုးတွေကလည်း ကြီးတော့ သူတို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့် ပြီး ပျော်နေကြတာပေါ့။
အဲ့ဒီလိုနဲ့ မနက်မိုးစလင်းလာတယ်။
ရွာတဲ့မိုးကတော့ တိတ်သွားတာကြာပြီ။ ဥက္ကဌ မောင်ဝင်းက စိတ်လှုပ်ရှားနေတယ်။ သူတို့ရဲ့ အော်ပရေးရှင်းမအောင်မြင်ရင် သူသိက္ခာကျမယ်လေ။ အားလုံးကလည်း သူတို့ ဥက္ကဌမောင်ဝင်း ဘာပြောမလဲဆိုပြီးစောင့်နေကြတယ်။ သူတို့ ထောင်အပြင်ရောက်ချင်ပြီ။
" ပထမဆုံးအနေနဲ့ ထောင်ဖောက်မယ့် အုတ်နံရံနားမှာ လူရှင်းမရှင်း ကို တစ်ယောက်ယောက်က သွားကြည့်ပြီး ပြန်သတင်းပို့ရမယ်"
" ဟုတ်တယ် ဥက္ကဌကြီး မောင်ဝင်း မှန်တယ်"
အဲ့ဒီလိုနဲ့ သူတို့ထဲက အရူးတစ်ယောက်ကို အခြေအနေသွားကြည့်ဖို့ စေလွှတ်လိုက်ကြတယ်။ သွားကြည့်တဲ့ အရူးက တော်တော်နဲ့ ပြန်မရောက်လာတော့ သူတို့မှာ စိတ်ပူလာကြတယ်။ အစောင့်တွေ မရှင်းလို့လား။ ဒါမှမဟုတ် သူတို့လွတ်လိုက်တဲ့ အရူးကို အစောင့်တွေက မသင်္ကာလို့ဖမ်းလိုက်ပြီလား။ စိုးရိမ်စိတ်တွေနဲ့အတူ အရူးအားလုံးမှာ ဂဏှာမငြိမ်ဖြစ်နေကြတယ်။
ထိုစဉ်...
" ဟာ...ဟိုကောင် အရူးပြန်လာပြီ"
အားလုံးမှာ ပြေးလာနေတဲ့ အရူးကိုကြည့်ပြီး ဝမ်းသာအားရဖြစ်သွားကြတယ်။
" အဆင်ပြေလား၊ အစောင့်တွေရှိလား"
အားလုံးက သွားကြည့်တဲ့ အရူးကို တစ်ယောက်တစ်ခွန်းဝိုင်းမေးကြတာပေါ့။ သွားကြည့်တဲ့ အရူးကလည်း မောမောပန်းပန်းနဲ့ ချက်ချင်းစကားမပြောနိုင်ဘူး။
" အ...အ...အဆင်ပြေတယ်၊ အစောင့်တွေတစ်ယောက်မှမရှိဘူး၊ မိုးအေးအေးနဲ့ အိပ်နေတာ ထင်တယ်"
" အဲ့ဒါများကွာ မြန်မြန်ပြန်လာတာမဟုတ်ဘူး"
အရူးအားလုံးက စိတ်မရှည်စွာပဲ ဝင်ပြောတယ်။
" ဒါ...ဒါ ပေမယ့်..."
" ဒါပေမယ့် ဘာဖြစ်လဲ မြန်မြန်ပြော၊ အပြင်ရောက်ရင် သကြားလုံးစားချင်နေပြီ"
" ဟို...ဟို...ငါတို့ဖောက်မယ့် ထောင်အုတ်နံရံကြီးက ပြိုကျနေတယ်"
" ဘာ...ဘယ်လို၊ ငါတို့ဖောက်မယ့် ထောင်အုတ်နံရံကြီးက ပြိုကျနေတယ်၊ ဟုတ်လား"
" ဟုတ်တယ်၊ ညက လေတွေအရမ်းတိုက်ပြီး ထောင်အုတ်နံရံအပေါ်ကို တစ်ခုခုပြိုကျပြီး အုတ်နံရံတစ်ခုလုံး ပြိုကျနေတာ"
အရူးအားလုံးမှာ ထောင်အပြင်ကိုပြေးထွက်သွားကြတယ်။ အပြင်မှာ ထောင်အုတ်နံရံကြီး ပြိုကျနေပြီး ထောင်အပြင်လမ်းမတန်းကိုတောင် မြင်နေရတယ်။ အစောင့်တွေတစ်ယောက်မှမရှိပဲနဲ့ ထောင်အပြင်မှာ တိတ်တိတ်ဆိတ်ဆိတ်ဖြစ်နေတယ်။
အရူးအားလုံးမှာ ပြိုကျနေတဲ့ ထောင်အုတ်နံရံကြီးကို ကြည့်ပြီး ငေးငိုင်နေကြတယ်။ သူတို့ဘာလုပ်ကြမလဲ။ သူတို့ရဲ့ လုပ်ငန်းပလန်ထဲမှာ ထောင်အုတ်နံရံ ပြိုကျရင် ဘာလုပ်ရမလဲဆိုတဲ့ လုပ်ငန်းစီမံချက်မပါဘူးလေ။
သူတို့ဆွဲထားတာက ထောင်အုတ်နံရံနားသွားမယ်။ လူအင်အားနဲ့ ထောင်အုတ်နံရံကိုထုပြီး ထောင်အပြင်ကို ထွက်နိုင်လောက်တဲ့ အပေါက်ဖြစ်အောင် ဖောက်မယ်၊ ပြီးရင် တစ်ယောက်ချင်းစီ ထောင်အပြင်ကို ထွက်မယ်ဆိုပြီး လုပ်ငန်းပလန်ဆွဲထားကြတာ။
အခုလို ထောင်အုတ်နံရံကြီး ပြိုကျနေပြီး ဟင်းလင်းပြင်ကြီးဖြစ်နေတာမြင်တော့ သူတို့မှာ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေကြတာပေါ့။ လုပ်ငန်းစီမံချက်အတိုင်းဖောက်ရမယ့် ထောင် အုတ်နရံကြီးလည်း မရှိတော့။
အချို့အရူးများက အခြေအနေကိုကြည့်ပြီး ငိုကြွေးနေကြပြီ။ သူတို့ တစ်လလောက်အပင်ပန်းခံပြီးဆွဲထားတဲ့ လုပ်ငန်းစီမံချက်တွေဟာ အခုတော့ ရေစုန်မျောပြီ။
" သွားပြီ ငါတို့ ထောင်ဖောက်မယ့် ပလန်တွေ သွားပြီ"
အားလုံးမှာ ငိုကြီးချက်မနဲ့ ဖြစ်နေကြတယ်။ ဥက္ကဌ မောင်ဝင်းကလည်း ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဖြစ်နေတယ်။ ထောင်အုတ်နံရံကြီး ပြိုကျနေတဲ့ အခြေအနေမှာ သူတို့တွေ ဘယ်လိုထွက်ပြေးမလဲ ဆိုတဲ့ လုပ်ငန်းစီမံချက် သူတို့မှာမရှိချေ။
သူ့မျက်ဝန်းက မျက်ရည်များကျလာတယ်။
" ဘာ...ဘာဆက်လုပ်ကြမလဲ"
အရူးတစ်ယောက်က လှမ်းမေးလိုက်တယ်။
" ထောင်အုတ်နံရံ ပြိုကျနေရင် ထောင်ကနေဘယ်လိုထွက်ပြေးကြမလဲဆိုတဲ့ လုပ်ငန်းကော်မတီ အရင်ဖွဲ့ရမယ်"
ဆိုပြီး ဥက္ကဌ မောင်ဝင်းက အားလုံးကြားအောင် ပြောလိုက်တယ်။
" ဟုတ်တယ်...ဥက္ကဌကြီး မောင်ဝင်း မှန်တယ်"
ဆိုပြီး အရူးအားလုံးမှာ အရူးထောင်အဆောင်ထဲကို ပြန်ဝင်လိုက်ကြတယ်။
လူနေ
Crd
Via.Soelamin
Comments
Post a Comment