"အိမ္"
_____
ကျွန်တော်က မိသားစုထဲမှာ အငယ်ဆုံးဖြစ်ပေမယ့်
ဆယ်တန်းအောင်ပြီးအချိန်ကစလို့ အဖေနဲ့အမေကို
ရှာဖွေကျွေးမွေးခဲ့တယ်။ကျောင်းတက်နေစဉ်ပင်
"ငါဆယ်တန်းအောင်ပြီးရင် အဖေနဲ့အမေကို လုံးဝ
အလုပ်လုပ် မခိုင်းတော့ပဲ အငြိမ်းစားပေးမယ်"လို့
ရည်မှန်းချက်ထားခဲ့တယ်။အဲဒီရည်မှန်းချက်ကို
၂၀၀၉ ခုနှစ်မှာ ပြည့်ဝအောင် အကောင်အထည်
ဖော်နိုင်ခဲ့တယ်။
ကျွန်တော့်အထက်မှာ အိမ်ထောင်သည် အကို
၂ယောက်နဲ့ အမ ၁ ယောက်ရှိသေးပေမယ့်
ကျွန်တော်ကပဲမိဘတွေကို တာဝန်ယူကျွေးမွေးခဲ့
တယ်။
ကျွန်တော်အောက်ပိုင်းပြန်တဲ့အချိန် အိမ်မှာ
ညီအကိုမောင်နှမတွေဆုံကြတဲ့အခါ ဘာရယ်မဟုတ်
ပြောဆိုကြရင်းနဲ့ အဖေနဲ့အမေပိုင်တဲ့ "ကိုင်းမြေ"ကို
၄ ပိုင်း ပိုင်းပြီးဝေကြမယ်ဆိုရင် အငယ်ဆုံးဖြစ်လို့
ကျွန်တော်ကြိုက်တဲ့အပိုင်းကို အရင်ယူပါတဲ့။
ကျွန်တော်က ပြန်ပြောလိုက်ပါတယ်။
အဲဒီမြေကြီးမြေကွက်တွေက ကျွန်တော်လုပ်စား
ဖြစ်မှာမဟုတ်တဲ့အတွက် ကျွန်တော်လုံးဝမယူပါဘူး။
ဒါပေမယ့် အဖေနဲ့အမေ နေခဲ့ကြတဲ့အိမ်ကိုတော့
ဘယ်သူ့ကိုမှ မပေးနိုင်ပဲ ကျွန်တော်ယူပါမယ်လို့
ပြောလိုက်တယ်။
ကျွန်တော်တို့ တော့ရွာအနေအထားအရ အိမ်နဲ့ခြံ
ဟာ ခုန ကျွန်တော်ငြင်းလိုက်တဲ့ ကိုင်းမြေရဲ့
ဝေစုလောက် တန်ကြေးမရှိပါဘူး။
ဒါပေမယ့် ကျွန်တော်ဘာလို့ အိမ်ကိုအမွေတောင်း
ခဲ့လည်းဆိုရင် ကျွန်တော် အဲဒီအိမ်ကို မဖြို၊မဖျက်ပဲ
ဒီအတိုင်းလေး အချိန်အကြာကြီး ပြိုပျက်သွားသည်
အထိ ထား ထားချင်လို့ပါ။
ဘာလို့လည်း ဆိုတော့ ကျွန်တော်က မိဘတွေကို
အဝေးကပဲ ကျွေးမွေးထောက်ပံ့ခဲ့ရသူပါ။
တစ်နှစ်မှာမှ တစ်ခေါက်လောက် အလည်သွားခဲ့ရသူ
ပါ။ဒါကြောင့်မို့ အဖေနဲ့အမေ နေခဲ့တဲ့အိမ်လေးကို
ရောက်သွားရင် အဖေရယ်၊အမေရယ်၊ကျွန်တော်ရယ်
အတူနေခဲ့ကြတာတွေကို ပြန်လည်မြင်ယောင်တတ်
ပါတယ်။အဲဒီအိမ်လေးဟာ ကာလတန်ကြေးမရှိ
ပေမယ့် ကျွန်တော့်အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့
ရတနာလေးပါ။
အဲဒါကြောင့် ရွာတွေမီးရှို့ခံရတယ်ဆိုတဲ့ သတင်း
တွေကြားရရင် တကယ့်ကို စိတ်မကောင်းဖြစ်မိပါ
တယ်။အဲဒီလို မီးရှို့ခံလိုက်ရတဲ့ အိမ်တွေထဲမှာ
ကာလတန်ကြေးထက် ကျွန်တော့်လိုမျိုး အဖိုးမဖြတ်
နိုင်တဲ့အိမ်လေးတွေ ပါကောင်း ပါနေတတ်တယ်
လေ။
တကယ်တော့ အဝေးရောက်နေသူတွေဟာ
အဖေ အမေ မရှိတော့ကြပေမယ့် အိမ်ကို လွမ်း
တတ်ကြပါသေးတယ်။ဘာလို့လည်းဆိုတော့
အဖေနဲ့အမေရဲ့ ပုံရိပ်တွေဟာ
အဲဒီအိမ်ကလေးမှာ ကျန်နေခဲ့သေးတယ်လေဗျာ😢။
Crd
ဆန်းသူရိန်(ခရမ်းကျွန်း)
Comments
Post a Comment