လူအမျိုးမျိုးစိတ်အထွေထွေဆိုတာကြီးလာလေပိုသိလေ။လဖက်ရည်ဆိုင်ထိုင်ဖြစ်တဲ့လူကြီးတဖွဲ့ရှိတယ်။အကြီးဆုံးကအသက် ၇၇ နှစ်နဲ့ကျန်တာ ၇၀ တန်းတွေ။စာရေးသူနဲ့နောက်တယောက်ကအသက် ၆၀ တန်းဆိုတော့အဖွဲ့ထဲမှာအငယ်ဆုံး။
စာရေးသူကဟိုးငယ်ငယ်ထဲကလဖက်ရည်ဆိုင်ဘီယာဆိုင်ထိုင်ရင် American System (ကိုယ်စားတာကိုယ်ရှင်းပဲ)။ပိုက်ဆံမပါရင်သူငယ်ချင်းလဖက်ရည်ကိုအောက်ခံပုဂံပြားပေါ်လောင်းချပြီး
နည်းနည်းယူသောက်တယ်။
American System ကအခုခေတ်အပြောနဲ့ “ စားချင်တာကြိုက်သလောက်စား၊ကျသလောက်ရှင်း ”တခါတလေမွေးနေ့လိုအထူးအစီအစဉ်ပါရင်သက်ဆိုင်သူစပွန်ဇာ။
နေ့တိုင်းနီးပါးလဖက်ရည်ဆိုင်ထိုင်ကြရင် American System အကောင်းဆုံးပဲ။ပုဂ္ဂိုလ်အချို့ကိုလိုအပ်ရင်ကင်းလွတ်ခွင့်ပေးနိုင်တယ်။လူကြီးတယောက်ကတဝိုင်းလုံးစာပုံမှန်အမြဲရှင်းလေ့ရှိတယ်။စာရေးသူကကိုယ်စားကိုယ်ရှင်း။ဘာမှမစားပဲစေတနာပိုပြီးတခါမှဝင်မရှင်းဘူး။
လူကြီးတယောက်ပိုက်ဆံလုံလုံလောက်ထည့်လာလေ့ရှိပေမယ့်တဝိုင်းလုံးရှင်းဖို့နေနေသာသာသူ့အတွက်တယောက်ကရှင်းပေးရင်ငြိမ်နေလေ့ရှိတယ်။လူကြီးအုပ်စုပိုက်ဆံရှင်းခါနီးကြရင်စာရေးသူဝင်နှောက်တတ်တယ်။
“ ကဲ….ကုသိုလ်ယူမှာလား…..အိတ်ဖေါင်းတာယူမှာလား ”
“ ကျွန်တော်ကတော့ကုသိုလ်ယူမယ်ဗျာ ”
လူကြီးတယောက်ကညောင်နာနာအသံနဲ့ပြောတယ်။သူကတဝိုင်းလုံးကျသင့်တာရှင်းပေးဖို့လက်တုန်တုန်နဲ့အမြဲအစဉ်သင့်ဖြစ်နေတတ်တယ်။
နောက်လူကြီးတယောက်က။
“ ကျွန်တော်တော့ကုသိုလ်မရချင်နေ….အိတ်ဖေါင်းဖို့အရေးကြီးတယ်..ဟဲဟဲ ”
သူကလက်ထဲပိုက်ဆံကိုင်လိုက်ရည်ကြည့်လိုက်အိတ်ထဲပြန်ထည့်လိုက်ပုံမှန်လုပ်နေကြ။ဒါပေမယ့်ဘာဘယ်လောက်ကျတယ်၊တဝိုင်းလုံးဘယ်လောက်ကျတယ်စားပွဲထိုးနဲ့သူပြိုင်ငြင်းနိုင်တယ်။ ဆိုင်မှာကိုယ့်ပစ္စည်းတခုခုမကျန်ရစ်အောင်အမြဲနိူးဆော်လေ့ရှိတယ်။
နောက်လူကြီးတယောက်အထူးခွင့်ပြုချက်ရာသန်ပန်ရထားတယ်။နေ့တိုင်း FOC။ဒါပေမယ့်သူကလဖက်ရည်အစားအသောက်မခုံမင်ဘူး။ဘော်ဒါတွေနဲ့လေဖုတ်ချင်တာ။
အသက်မတိမ်းမယိမ်းနောက်ဘော်ဒါကမကြာခဏတဝိုင်းလုံးစာသူတယောက်ထဲဒိုင်ခံရှင်းပေးလေ့ရှိတယ်။
“ ကျွန်တော်ကတော့လူငယ်တွေကိုအရက်ပုလင်းထောင်ပေးမယ့်အစားလူကြီးတွေကိုဒီလိုအစားအသောက်နဲ့ဂါရဝပြုရတာစိတ်ချမ်းသာတယ် ”
သူကလည်းသူခံယူချက်နဲ့သူ။သူကိုယ်တိုင်အသုံးအဖြုံးအရမ်းဆင်ခြင်တယ်။မလိုအပ်ပဲတကျပ်အကုန်မခံဘူး။ပစ္စည်းလေးတခုဝယ်ဖို့လိုရင်စတိုးဆိုင်လေးငါးဆိုင်းလှည့်ပတ်ဈေးမေးပြီးမှဝယ်တာ။
လဖက်ရည်ဆိုင်ထိုင်ဖေါ်လူခြောက်ယောက်မှာစိတ်ခံစားချက်တယောက်တမျိုး။ဒါတောင်လူတယောက်ခြင်းစီမှာမသိစိတ်နဲ့သိစိတ်ကွဲနေသေးတယ်။စိတ်ကိုအောင်နိုင်ခြင်းဟာမိမိကိုယ်ကိုအောင်နိုင်ခြင်းပါ။
Crd
လွင်ဦး(ရန်ကင်း)
#lwinooyankin
Comments
Post a Comment