နှလုံးသား၏ စေလိုရာ
*********************
ခင်လေးဘေးရှိ ထိုင်ခုံပေါ်သို့ ၀င်ထိုင်လိုက်သည်။
`` ခင်လေး ´´
အနားကပ်၍ တိုးလျစွာ ခေါ်ကြည့်သည်။ တိုးလျလွန်း၍လားမသိ ခင်လေးက မကြား။
`` ခင်လေး ´´
အသံကို အနည်းငယ်မြှင့်၍ ခေါ်လိုက်သည်။ သည်တစ်ခါလည်း မကြားသေး။ သည်သို့ဆိုလျှင် ခင်လေးကြားနိုင်စေရန်အတွက် အသံကို သည်ထက်မြှင့်မှဖြစ်ပေလိမ့်မည်။ သို့သော် ခင်လေး၏ မိဘ၊ ဆွေမျိုးများ ကြားသိသွား၍ ၀င်ရောက်လာလျှင်လည်း ဒုက္ခ။ စိတ်အတွေး၀ယ် ဆုံဖြတ်ရန်အတွက် အမှန်ပင်ခက်ခဲနေ၏။
`` အစ်ကို ... အစ်ကို ... ´´
ခင်လေး၏ စကားသံက ကျယ်လောင်လွန်းလှသည်။ ထို့ကြောင့် စကားကို တိုးတိုးပြောကြားရန်အတွက် လက်ညှိုးကို ပါးစပ်၀နားသို့ ကပ်၍ ဟန်လုပ်ပြလိုက်ရ၏။ ထို့နောက် ခင်လေးကို တိုးလျစွာ ပြောလိုက်သည်။
`` တိုးတိုးပြောပါ ခင်လေးရယ်၊ ခင်လေးရဲ့ အဖေနဲ့အမေကြားသွားမှဖြင့် ... ´´
စကားကိုပင် ဆုံးအောင်မပြောလိုက်ရသေး။ ဆိုင်းမဆင့်ဗုံမဆင့်ပါဘဲ ခင်လေး၏ မိခင်ရောက်လာကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ပူထူသွားရသည်။ သွားပြီ။ ဒုက္ခတော့ ရောက်ပြီ။ ထောင်နန်းစံရတော့မည်လားမသိ။ တွေးပူနေမိ၏။
`` ၀မ်းသာလိုက်တာ သမီးရယ်၊ သမီးအော်သံကြားလို့ ချက်ချင်း၀င်လာခဲ့တာ။ အခုလို သမီး သတိရလာပြီဆိုတာကိုသာ သမီးဖေဖေသိရင် ဘယ်လောက်၀မ်းသာလိုက်မယ်မသိဘူး။ နေဦး ... နေဦး သမီး၊ သမီးဖေဖေဆီကို ဖုန်းလှမ်းဆက်လိုက်ဦးမယ် ´´
`` ဟုတ်ကဲ့ မေမေ ´´
ပြော၍ ခင်လေး၏ မိခင်က အပြင်ဘက်သို့ ပြန်ထွက်သွား၏။ ဘုရား ... ဘုရား။ တော်ပါသေးရဲ့။ ခုံအောက်သို့ အမြန်ဆင်းလိုက်နိုင်သောကြောင့်သာ။ မဟုတ်လျှင် ဒုက္ခ။
`` အစ်ကို ပုန်းတာမြန်လို့ပေါ့ ခင်လေးရယ်၊ မဟုတ်ရင် မလွယ်လောက်ဘူး ´´
ခင်လေးက ဘာမှ ပြန်မပြော။
`` ခင်လေး ... အစ်ကို့ကို စိတ်ဆိုးနေတာလား၊ အစ်ကို့ကို စကားပြန်ပြောဦးလေ ´´
ဘာမှပြန်မဖြေ။ တွေဝေငေးမောနေ၏။ ထိုစဉ် ဆရာ၀န်တစ်ယောက်နှင့် ဆရာမတစ်ယောက်ရောက်လာ၏။
`` သတိရလာပြီလား ... သမီးလေး´´
``ဟုတ်ကဲ့ ဆရာ ´´
ခင်လေးက ဆရာ၀န်မေးသည်ကိုတော့ ပြန်ဖြေ၏။ ဆရာ၀န်ကလည်း ပြန်လည်ပြုံးပြ၍ စမ်းသပ်စစ်ဆေးပေး၏။
`` ဆရာ ... ခင်လေး အခြေအနေကောဟင် ´´
ဘယ်လိုဆရာ၀န်မှန်းမသိ။ ပြန်လဲမဖြေ။ သူပြောချင်သည်ကိုသာ ပြောနေ၏။
`` ဟိုဘက်က လူနာဆီကို ဆရာခဏ သွားကြည့်လိုက်ဦးမယ်။ ဒီမှာ လုပ်စရာရှိတာ လုပ်ထားနှင့်လိုက်နော် ´´
`` သွားမနေပါနဲ့ဆရာ၊ ဟိုဘက်ကလူနာက ဆုံးသွားပါပြီ။ မဆုံးခင်လေးမှာတောင် လူတစ်ယောက် နံမယ်(နာမည်)ကို ညည်းသွားသေးရဲ့ ခင်လေးဆိုလား ... ယဉ်လေးဆိုလား ´´
`` ရှင် ´´
ခင်လေး၏ မျက်ရည်များကို သုတ်ပေးလိုက်သည်။ သို့သော် မျက်ရည်စက်တို့သည်က ပုံပင်မပျက်။ စီးထွက်မြဲစီးထွက်နေလျက်သာ။
Crd
အညာသားလင်းညို
Comments
Post a Comment