▣ စိတ်ကူးထဲက ဂန္တဝင်ဝတ္ထု ▣

▣ စိတ်ကူးထဲက ဂန္တဝင်ဝတ္ထု ▣ 

●───── ๑۩۩๑ ─────●

စာပေကလွဲရင် တခြားဘာအလုပ်မှ မလုပ်ဘူးလို့ ခဏ ခဏ စဉ်းစားနေဖူးတဲ့ အကြိမ်အရေအတွက်ဟာ ကျနော့် အတွက် မနည်းတော့ဘူး။ ဒါပေမယ့် လက်တွေ့ ဖြတ်သန်းမှုလည်း တစ်စုံတစ်ရာရှိမှ၊ စာဟာ လက်တွေ့နဲ့ အပ်စပ် မယ်လို့ အထင်ရှိခဲ့တယ်။ လက်တွေ့သုံးမရဘဲ၊ ထင်ရာမြင်ရာတွေပဲ စွတ်စွက်ရေးနေလို့ ဘယ်လိုလုပ်ရမလဲ။ စာရေး တယ်၊ စာဖတ်တယ်ဆိုကတည်းက လက်တွေ့အသုံးတည့်ဖို့ မဟုတ်လား။ 
ဦးနှောက်ထဲမှာ ခဏ ခဏ စာရင်းတို့ထားတဲ့ စာအုပ် တစ်အုပ်ရေးဖို့ ရှိတယ်။ အဲဒါကတော့ “သမိုင်းနောက်ခံ ဝတ္ထုရှည်ကြီး တစ်အုပ်” ရေးဖို့ပါပဲ။ 

• အဲသည့်အထဲမှာ အချစ်တွေလည်း ပါမယ်၊ အမုန်းတွေလည်း ပါမယ်၊ ကွဲကွာ ခြင်းတွေလည်း ပါဝင် လိမ့်မယ်။ စစ်ပွဲတွေ ပါဝင်မယ်။ အောင်ပွဲခံခြင်းတွေ ပါဝင်မယ်။ ထိုးနှက်တိုက်ခိုက်ခြင်းတွေ၊ ငိုကျွေးခြင်း တွေ၊ ယုတ်မာရက်စက်ခြင်းတွေ၊ ညှင်းပန်းသတ်ဖြတ်ခြင်းတွေလည်း ပါဝင်လိမ့်မယ်။ ရုန်းကန်ခြင်းတွေ၊ ထမြောက်ခြင်းတွေနဲ့ သံဝေဂတွေလည်း အလုံးအရင်း ပါဝင်စေချင်တယ်။ ကျရှုံးခြင်းတွေ၊ ဆုံးရှုံးခြင်းတွေ၊ အသိဉာဏ်ပညာနဲ့ အတွေးအခေါ်၊ အနစ်နာခံခြင်း၊ ကြင်နာခြင်း၊ ကရုဏာ…. စတာတွေကို ထည့်သွင်း ရေးသား ချင်တယ်။ 

• လူ့ဗီဇနဲ့ လူ့အတ္တစရိုက်တွေကို အထင်အရှားသိမြင်နိုင်မယ့် ဇာတ်ကောင်တွေလည်း ဖန်တီးချင်တယ်။ နှလုံးသားကို ဆွဲလှည့်နိုင်လောက်မယ့် ‘ဒိုင်ယာလော့ခ်’ တွေလည်း ထည့်ရေးချင်တယ်။ အဲသည့်အထဲမှာ ဖောက်ပြန်မှုတွေနဲ့ သစ္စာမဲ့ခြင်းတွေလည်း ထည့်သွင်းမယ်။ အားမာန်တွေနဲ့ ခွန်အားတွေလည်း ပါဝင်မယ်။ နာကျည်းခြင်းတွေ၊ အငြိုးအတေးတွေနဲ့ အမျက်ဒေါသတွေ။ သိမ်မွေ့ခြင်းတွေ၊ ဆင်ခြင်တုံတရား၊ သဘောထားကြီးမှု၊ ဇွဲနပဲပြင်းထန်မှု၊ ကျားကုတ်ကျားခဲစိတ်ဓာတ်တွေလည်း ပါဝင်ဖော်ညွှန်းချင်တယ်။ 

ငါဟာ ဒီစာအုပ်ကို လောဘတကြီး သိပ်ရှိနေပါ့လားလို့ ကိုယ့်စိတ်ထဲမှာ ပြောမိတယ်။ အတ္ထုပ္ပတ္တိစာပေတွေထဲက လူတွေနဲ့ အပြင်လောကက လူတွေဆိုတာ ခြားနားချက် ရှိလှတယ်။ စာအုပ်ထဲက စရိုက်တွေနဲ့ အပြင်လောကက အပြုအမူတွေမှာ ခြားနားချက်ရှိတယ်။ ဒါကို ကျနော် တိုက်ဆိုင်စစ်ဆေးကြည့်နေတာ ကြာပြီ။ မျက်လုံးနဲ့ အပြုံးတွေ ထဲက စကားလုံးတွေကို အဲသည့် ဝတ္ထုရှည်ကြီးထဲမှာ ထည့်သွင်းမြှုပ်နှံချင်တယ်။ 

ခါးသီးတဲ့ လောကဓံကို လူတချို့ဟာ ဘယ်လို ဖြတ်သန်းကျော်ဖြတ်သလဲ။ လူတချို့ဟာ ဖောက်ပြန်ခြင်းကို ဘယ်သို့ ဘယ်ပုံ ဖြစ်သွားသလဲ…. စတာတွေကို ကျနော် သိမြင်ခံစားချင်တယ်။ 

• သရုပ်ဖော်ချက်တွေဟာ ကွက်ကွက်ကွင်းကွင်း ဖြစ်နေရမယ်။ 
• စကားလုံးတွေက ကျယ်လောင်နေရမယ်။ 
• ဝေါဟာရတွေက ဟိန်းနေရမယ်၊ ဟောက်နေရမယ်။ 
• ဝါကျတွေက ပြေးလွှားခုန်ပေါက်နေရမယ်။ 
• ဒိုင်ယာလော့ခ်တွေဟာ တည်ကြည်ပြတ်သားထင်ရှားနေရမယ်။ 
• ဇာတ်ကောင်စရိုက်တွေက လှုပ်ရှားနေရမယ်၊ ရုန်းကန်နေရမယ်။ 
• အတွေးအခေါ်တွေက လေးနက်နေရမယ်၊ ကျယ်ပြန့်နေရမယ်။ 
• လုပ်ရပ်တွေက ကြီးမြတ်နေရမယ်။ 

ဒီလိုပြောရင် သူရဲကောင်းဆန်ဆန် ၊ ဇီးရိုးကနေ ဟီးရိုးဖြစ်တာတွေ ပါမယ်လို့ ထင်ရမပေါ့။ ပါဖို့များတယ်။ သို့သော် သူရဲကောင်းဆိုသူတွေ ဘယ်လို ဖောက်ပြန်သွားသလဲဆိုတာလည်း ထည့်သွင်း ခြယ်မှုန်းမယ်။ ကြောင်သူတော် ကြွက်သူခိုးတွေကို ဇာတ်ပို့အဖြစ် ထည့်သွင်းရေးသားချင်တယ်။ မဟာခေါင်းဆောင်ကြီးရဲ့ ကျရှုံးခန်းလည်း ပါဝင်မယ်။ လူတစ်ကိုယ် ထင်တစ်လုံးနဲ့ မာန မိုးထိ မြင့်မားနေတာတွေလည်း ပါဝင်ကောင်း ပါဝင်လိမ့်မယ်။ အခြံ အရံ စည်းစိမ်တွေကြားမှာ၊ အထီးကျန်ခြင်းတွေနဲ့ စိတ်ကျခြင်းတွေလည်း ထည့်ရေးမယ်။ ပလ္လင်ပေါ်က လူယုတ်မာ အကြောင်းလည်း ပါဝင်မှာ ဖြစ်သလို၊ သင်္ကန်းနဲ့ လိင်မှု ကျူးလွန်ချက်တွေလည်း ထည့်သွင်းရေးသားချင်တယ်။ ခိုးဝှက်မှုနဲ့ နိုင့်ထက်စီးနင်းလုပ်မှုတွေအပြင် နာလိုခံခက် ရိသဲ့သဲ့တွေလည်း ပါလိမ့်မပေါ့။ 

စိတ်ကူးထဲက ဂန္တဝင်တစ်ပုဒ်ဟာ၊ လွတ်လပ်စွာ ဖြန့်ကျက် စဉ်းစားခွင့်ရှိတယ် မဟုတ်လား။ စာအုပ်တွေထဲက မဟာဂန္တဝင်ကျမ်းကြီးကျမ်းခိုင်တွေနဲ့ အနုပညာ၊ ဂီတ၊ သီချင်း၊ ပန်းချီတွေရဲ့ နက်နဲသိမ်မွေ့ကျယ်ပြန့်မှုကိုလည်း တို့ထိလိုက်ချင်သေးတယ်။ ဒုက္ခတွေနဲ့ ကြမ်းတပြေးတည်း အတူအိပ်စက်ခဲ့စဉ်က အကြောင်းအရာတွေနဲ့ အငုံ့စိတ်ရဲ့ နှိုးဆော်ချက်တွေအကြောင်း၊ သိမ်ငယ်မှုရဲ့ ဝင့်ကြွားမှုတွေအကြောင်း ထပ်လောင်းရောစပ်ပစ်လိုက်ချင် တယ်။ 

ဒီစိတ်ကူးစာကို ဖတ်မိပြီး၊ တချို့က အငေါ်တူးလိမ့်မယ်။ “သိပ်ကြီးကြီးကျယ်ကျယ်တွေပါ့လားကွ..” လို့ ဆိုရင်၊ ဆယ်ကျော်သက်အရွယ်တုန်းက ကြွတက်စိတ်နဲ့ ပြန်တုံ့ပြန်လိုက်မယ်။ 

• ကြီးကြီးကျယ်ကျယ်တွေးမှ ကြီးကြီးကျယ်ကျယ်အောင်မြင်နိုင်တယ်ဗျ။ ဆိုတာမျိုး…..။ 

လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က စာလေးတစ်ခု ဖတ်ဖူးတယ်။ 

• သောက်ကြီးသောက်ကျယ်တွေ များများပြောပါတဲ့။ 
• အဲသည်လို ပြောပါများရင်း
• တကယ်ကြီးကြီးကျယ်ကျယ်မဖြစ်ရင် ရှက်စရာကြီးဆိုပြီး
• ကြိုးစားလိုက်တာ
• သောက်ကြီးသောက်ကျယ်တွေကို ဖြစ်လာရော။ 

အခုလည်း မစားရဝခမန်းတွေ ပြောနေတယ်လို့ ထင်ချင်စရာရှိတယ်။ သောက်ကြီးသောက်ကျယ်တွေ ရေးပြီး၊ အရှက်မရချင်ရင် တကယ်ကြိုးစားပေါ့ကွာဆိုတဲ့သဘော လုပ်ပစ်လိုက်တယ်။ ဒါပေမယ့် ဖြစ်ချင်တော့ လူက ရှက်ကြောပြတ်နေတာ ခက်တယ်…..။ 

Crd.မင်းသေ့

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့