ရွှေရောင်မှန်ဘောင်သွင်းထားတဲ့

အမျိုးသမီးတယောက်ဓါတ်ပုံရှေ့မှာဖယောင်းတိုင်အမွေးတိုင်ထွန်းညှိထားတယ်။သဇင်ပန်း၊ဂန္ဓမာပန်းစံပယ်ပန်းနဲ့ဓါတ်ပုံမှန်ဘောင်ကိုလှလှပပဝန်းရံအုပ်မိုးထားတယ်။


ကြက်ကြော်၊ဘဲကင်၊ဝက်နံရိုးကင်၊အမဲနပ်ကြံမဆိုင်ဟင်းချိုခွက်ကြီးအလည်တည်ထားတယ်။အငွေ့တထောင်းထောင်းထကွေးညွတ်နေတဲ့ဆန်အကောင်းစားနဲ့ချက်ထားတဲ့ထမင်းမို့မို့ကြီးကိုထမင်းအုပ်အောက်မှာတွေ့ရတယ်။  


စတီးရောင်ပြောင်လက်နေတဲ့ဇွန်းမျိုးစုံစားပွဲပေါ်ညီညီညာစီထားတယ်။လဘက်ရည်ကြမ်း၊ပက်စီအအေးပုလင်းပျားလိမ္မော်အခွံခွါပြီးသားတပုဂံအပြည့်၊ရွှေပုဇွန်ဆနွင်းမကင်းဗူးသစ်ဗူးနဲ့ဟောလစ်

အိုဗာတင်းပုလင်းသုံးလေးမျိုးတွေ့တယ်။ မှန်ဘောင်ထဲကအမေ့ကိုကျွေးဖို့ပါ။


အမေ့နှစ်ပတ်လည်အမှတ်တရအမေ့ကိုကျွေးမွေးနေတာပါ။အမေ့ကျေးဇူးကိုနေ့တိုင်းသတိရပြီးညဘက်လူမသိအောင်မျက်ရည်ကျတယ်တဲ့။ညတိုင်းအမေ့ကိုရှိခိုးအိပ်တဲ့အမေ့ချစ်သမီးဟန်နီ။ 


လွန်ခဲ့တဲ့သုံးနှစ်က…။


“ သမီး..အမေ့ကိုငါးသောင်းလောက်ချေးပါလား………”.


အမေ့အသံကဖုန်းထဲမှာတုန်နေတယ်။မဆက်စဘူးသူ့သမီးဆီဖုန်းဆက်ပြီးပိုက်ဆံငါးသောင်းချေးနေတာပါ။


“ ဟာ…အမေကလည်း..သမီးလည်းကျပ်နေတယ်…..အငယ်ကောင် iPhone 12 ဝယ်ခိုင်းတာတောင်ဝယ်မပေးရသေးဘူး….”


“ ကိုကိုမသိအောင်သုံးသောင်း Wave မန်းနီးနဲ့ညနေလွှဲလိုက်မယ်…ခဏခဏဖုန်းမဆက်ပါနဲ့အမေရာ…..” 


ဟန်နီ စိတ်ညစ်ညစ်နဲ့ဖုံးပိတ်လိုက်ပြီးမနေ့ကငွေလွှဲလာပို့တဲ့ပိုက်ဆံထုတ်ကြီးထဲကတသောင်းတန်နွမ်းနွမ်းသုံးရွက်ထုတ်ယူလိုက်တယ်။


ဟန်နီအမျိုးသား သင်္ဘာအရာရှိတလသိန်း ၃-၄ ဆယ်ပုံမှန်ငွေလွှဲပြီးအိမ်ပွဲစားလုပ်လို့ဟန်နီငွေကြေးအစဉ်ပြေတယ်။အိမ်ဖေါ်ကောင်မလေးကိုအမေ့ဖုန်းနံပတ်

ပေးပြီးငွေလွှဲခိုင်းလိုက်တယ်။


 “ သမီး…..အမေခေါင်းမူးနေလို့…”

“ ဟာ..အမေကလည်း…ခေါင်းမူးတာများသံပုရည်သောက်… အငံလျှော့စား….”


တနေ့ကအမေခေါင်းမူးတယ်ဖုန်းဆက်ပြောတယ်။ဝမ်းပျော့လို့အာရှတော်ဝင်သမားတော်ကြီးဆီမှာပြပြီးမောမောနဲ့ပြန်လာတဲ့ဟန်နီဆီသူ့အမေဆီကဖုန်းဝင်လာတာပါ။


အမေနဲ့အတူနေအိမ်ထောင်သည်

မောင်အငယ်ကအလုပ်သွားနေတယ်။ကလေးနှစ်ယောက်နဲ့သူ့လစာအလျင်မမှီဘူး။ဟန်နီ့အဖေဆုံးသွားတာဆယ်နှစ်ကျော်ပြီ။မောင်နှစ်မနှစ်ယောက်ပဲရှိတာ။


“ ဟန်နီ…နင့်အမေဆုံးသွားပြီတဲ့”


အမေတို့ရပ်ကွပ်ထဲမှာနေတဲ့သူငယ်ချင်းဖုန်းဆက်ပြောတော့ဟန်နီမူးမေ့ချင်သလိုဖြစ်သွားတယ်။အနားကမီးခံသေတ္တာမှီပြီးဖြည်းဖြည်းခြင်းကြမ်းပေါ်ထိုင်ချလိုက်တယ်။ရွှေခြေကျင်းဝတ်ထားလို့ ကြမ်းပေါ်ထိုင်ရင်းရွှေခြေကျင်းကိုအကျင့်ပါပြီးစမ်းကြည့်သေးတယ်။


အမေ့နာရေးကိုနာကူအသင်းနဲ့အပ်ပြီးရပ်ကွက်ဘုန်းကြီးသုံးပါးဆွမ်းကပ်လိုက်တယ်။အိမ်တန်ဘိုးတဝက်မောင်လေးကိုအမ်းပြီးအိမ်ပေါ်ကဆင်းခိုင်းလိုက်တယ်။ အိမ်ကိုပြင်ပြီးပြန်ရောင်းရင်ဘယ်လောက်မြတ်မလဲအိမ်ပွဲစားဟန်နီကောင်းကောင်းသိတယ်။


အမေဆုံးပြီးနှစ်ပတ်လည်မှာရွှေရောင်မှန်ဘောင်သွင်းအမေ့ဓါတ်ပုံကိုစားကောင်းသောက်ဖွယ်ကျွေးမွေးနေတာအမေ့အချစ်ဆုံးတဦးတည်းသောသမီးကြီးဟန်နီပါ။ဒါပေမယ့်သူ့အမေမစားနိုင်တော့ဘူး။


မိဘရှိတုံးဂရုစိုက်ကြပါ။မိဘမရှိမှရွှေရောင်မှန်ဘောင်သွင်းထားတဲ့မိဘဓါတ်ပုံဘုရားစင်ပေါ်တင်စားကောင်းသောက်ဖွယ်မကျွေးချင်ကြပါနဲ့။မိဘမစားနိုင်တော့ပါဘူး။

Crd.


လွင်ဦး(ရန်ကင်း)

#lwinooyankin

Comments

Popular posts from this blog

ချောတယ်လို့