ကျွန်တော်နှင့် အဘိုး
ဗြိတိသျှကိုကိုမောင်
...... ...... ...... ......
ညနေ က ပူစပ်စပ်ပါ။
ဒါပေမယ့်.. ကျွန်တော် ဈေးက ပြန်အလာမှာ ၀က်သား လေးထောင်ဖိုးနဲ့ မန္တလေးရမ်၊ ကာရစ်ဘီရန် အဖြူ တစ်လုံး ၀ယ်လာခဲ့မိတယ်။
လက်ဖက်အညွှန့်ထုတ်လေး တစ်ထုတ် ၀ယ်လာခဲ့မိတယ်။
သံပုရာသီး ငါးရာဖိုး သုံးလုံး၀ယ်လာခဲ့မိတယ်။
အိမ်ရောက်တော့ ၀က်သားမှိုစတူးဟင်းချက်ရင်း ရမ်လေးကို ဖန်ခွက်ထဲ နှစ်ပက်လောက်ထည့်တယ်။
ရေခဲသေတ္တာထဲ အသင့်ရှိတဲ့ရေခဲနှစ်တုံးထည့်တယ်။
သံပုရာသီးလေးတစ်စိတ်ညှစ်ထည့်၊ ရေအပြည့်ရောလိုက်တယ်။
လက်ဖက်အညွှန့်ကို သံပုရာသီးလေးညှစ်၊ ကြက်သွန်ကြော်လေးဖြူးလိုက်တယ်။
ပြီးတာနဲ့ ဂီတနက်သန် ကိုစောညိမ်း ရေးပြီး မောင်မောင်ညွှန့် ဆိုထားတဲ့ "ပွင့်ဦး" သီချင်းကို ဘလူးတု၊ ဆောင်းဘောက်စ်နဲ့ ချိတ်ပြီး ဖွင့်လိုက်တယ်။
"အသည်းလွှာမြေ၀ယ် အမြစ်ဖြာယှက်နွယ်" ဆိုတာနဲ့ ကျွန်တော် ရမ် တစ်ငုံ ငုံပြီးပြီ။
အဲ့ဒီအချိန်မှာ ကျွန်တော် နင့်နင့်သီးသီး လွမ်းမိတာက အဘိုး ပါပဲ။
ဟုတ်တယ်။
ကျွန်တော့်ကို ကိုစောညိမ်း နဲ့ စ မိတ်ဆက်ပေးခဲ့တာက ကျွန်တော့် အဘိုးပါ။
အဘိုးကို ကျွန်တော်တို့အားလုံးက ပါပါကြီး လို့ ခေါ်ကြတယ်။
အဘိုးနာမည်က ဦးကြင်ကြည် တဲ့။
မြေးဖြစ်တဲ့ ကျွန်တော်ကသာ အသားမည်း၊ နှာခေါင်းချွန်တာ အဖိုးက တရုတ်သွေးတစ်၀က်ပါတဲ့သူ။
ကျွန်တော်သိတတ်စအရွယ်မှာ အဘိုး က ညနေဆို မယ်ဒလင်တီးတယ်။
ပွင့်ဦး၊ မိုးသက်လေနှင်၊ ဆည်းဆာ၊ ရွာကြီးသူစံပယ်နွဲ့။
ကိုစောညိမ်းသီချင်းတွေချည်း။
အဘိုး က မယ်ဒလင်တီးချိန်မှာ ရှကီထုတယ်။
အဘိုးသောက်တာက အဆီစပ်အရက်ဖြူ။
သူသောက်ပုံကလည်း တမျိုး။
ငါးကြင်းဖန်ခွက်ထဲ အရက်ဖြူ လက်နှစ်လုံးလောက်ထည့် ပြီးရင် ရေအပြည့်ရော။
အဲ့ဒါကို တစိမ့်စိမ့်သောက်တာ။ နှစ်ခွက်ပြီးရင် အဘိုးက ထမင်းစားပြီ။
အဲ့ဒီနှစ်ခွက်ဆိုတာကလည်း ညနေ ငါးနာရီခွဲလောက်ကနေ ည ကိုးနာရီလောက်အထိ ကြာတယ်။
ကျွန်တော်ကလေးသာသာဘ၀မှာတော့ အဘိုးရဲ့ မယ်ဒလင်သံနဲ့ သီချင်းသံလေး နားထောင်ပေါ့။
ကျွန်တော်
ကြီးကောင်၀င်စကျ အဘိုး မယ်ဒလင်မတီးတော့ဘူး။
ငါးနာရီခွဲက စပြီး VOA BBC RFA နားထောင်တယ်။ ရေဒီယို အစီအစဉ် တစ်ခုနဲ့ တစ်ခုကြားမှာ ကက်ဆက်နဲ့ မောင်မောင့်ညွန့် ရဲ့ ပွင့်ဦး အခွေကို ဖွင့်နားထောင်တတ်တယ်။
ကျွန်တော်က အဘိုးဆီရောက်တိုင်း အမြည်းကပ်စားရင်း အဘိုး နားထောင်တာတွေ လိုက်နားထောင်ရင်းပေါ့။
အဲ့ဒီမှာ ကိုစောညိမ်း အပြင် ကျွန်တော်ရင်းနှီးခဲ့တာက လူ့အခွင့်အရေး၊ ဒီမိုကရေစီ ၊ အာဏာရှင်၊ စစ်အစိုးရဆိုတဲ့ စကားလုံးတွေရယ်၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင် ဆိုတဲ့ နာမည်တွေရယ်ပဲ။
ထားပါတော့။
အခု အဘိုးအကြောင်းတွေးနေရင်း သီချင်းက ပြောင်းသွားတယ်။
"မိုးသက်လေနှင်" တဲ့။
တခါသား အဘိုးက ဒီသီချင်းနားထောင်ရင်း အရက်သောက်နေချိန် ကျွန်တော်က ဆံပင်ဖြူနှုတ်ပေးရတယ်။
တစ်နေရာ အရောက်မှာ အဘိုး က ပြောတယ်။
"သားရေ..ပါပါကြီး နားထောင်နေတဲ့ ဒီသီချင်းကို နားထောင်ကြည့်စမ်း၊ သီချင်းစာသားက အားငယ်စရာမကောင်းဘူးလား၊ "ဒီမိုးမှောင်တုန်း မောင်ပုန်း ပါရစေခင်" တဲ့..
ယောက်ျားတစ်ယောက္မှာ အဲ့ဒီလောက် အားငယ်တဲ့ အခါကာလ ရှိကို ရှိတယ်ကွ၊ အဲ့ဒီကာလကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ပြီး ကျန်တာ အသေးအဖွဲပဲ"
အဲ့ဒီတုန်းက ဘာရယ်မဟုတ်ပေမယ့်..နောက် နှစ်ပေါင်းများစွာအကြာမှာ ကျွန်တော်ဟာ အဘိုးပြောခဲ့တဲ့ အဲ့ဒီကာလတွေကို ခါးခါးသီးသီး ကျော်ဖြတ် ခဲ့ရပြန်တယ်။
အဘိုး ဟာ ပါလီမန်ခေတ် စစ်သားပါ။ ပိန်ပိန်ပါးပါးနဲ့ တရုတ်မျက်နှာပေါက်ရှိတယ်။
သန့်ရှင်း၊ တည်မြဲ ရွေးကောက်ပွဲကာလမှာ စစ်တပ်က ထောက်ခံတဲ့ တည်မြဲကို မဲမပေးပဲ ဦးနုရဲ့ သန့်ရှင်းကို မဲပေးခဲ့လို့ အဘိုးဟာ တပ်က ထွက်ခဲ့ရတယ်။
ဒါကြောင့် အဘိုးဟာ ဦးနေ၀င်းနဲ့ တကွသောအာဏာရှင်တွေကို နင့်နင့်သီးသီးမုန်းတယ်။
အသက် လေးဆယ်မှ အရက်စသောက်တယ်။
အဲ့ဒါလည်း ရှစ်ဆယ့်ရှစ်အရေးအခင်းပြီးမှ စသောက်တတ်တာ။
အရေးအခင်းမှာ ငှက်ကြီးတောင်ကိုင်ပြီး ရှေ့ကထွက်ခဲ့ပေမယ့် အရေးအခင်းပြီးချိန်ကျ အိမ်နားမှာ လုံခြုံရေးကျနေတဲ့ စစ်သား၊စစ်ဗိုလ်တွေ ရိက္ခာချို့တဲ့တာတွေ့တော့ ထမင်းခေါ်ကျွေးပြန်တယ်။
အဲ့ဒီမှာ သူ့ကို တပ်က ဗိုလ်ကြီးတွေက အာမီရမ် သောက်ဖို့ စည်းရုံးရင်း သူအရက်သောက်ဖြစ်သွားတယ်။
နောက်ပိုင်းကာလတွေမှာတော့ အဘိုးဟာ ရပ်ကွက်ထဲ ဘီဘီစီကို အကျယ်ကြီးဖွင့်၊ လူစုမိတိုင်း နိုင်ငံရေးပြောတတ်တဲ့ အဘိုးကြီး အဖြစ် ရပ်ကွက်က အသိများခဲ့ပါတယ်။
ဟော့..နောက်တစ်ပုဒ်။
"စံပယ်..စံပယ်..စံပယ်ပန်းရယ်...သင်းရနံ့ကြူ ဖြူဖြူဖွေးရယ်..မွှေးမွှေးလေးပေးချင်အာင်ကွယ်.မူယာစုံကြွယ်..ညာဘယ်သွဲ့လို့..နွဲ့ ခါသာယိမ်းတယ်"
ဒီသီချင်းဆို အဘိုး မျက်လုံးတွေ အရောင်လဲ့လာပြီ။
ထမင်းစားစားပွဲမှာ အဘိုးအတွက် ဟင်းပြင်ဆင်နေတဲ့ အဘွားကို သူကြည့်ပြီး ပြုံးနေတတ်တယ်။
ကျွန်တော့်ကိုလည်း ပြောပြသေးတယ်။
"မင်းတို့ ဘွားဘွားနွဲ့ ကို ပါပါကြီး ပိုးတုန်းကပေါ့ကွာ..အဲ့ဒီတုန်းက ၀င်္ဂဘာလမ်းမှာ ပါပါကြီးက စတားပဲ..စစ်သားကလည်း စစ်သား..မယ်ဒလင်လက်သံကလည်းကောင်း၊ အဆိုကလည်းကောင်း၊ ရုပ်ကလည်း ဖြူးတာကိုးကွ" တဲ့။
ပြီးရင် သူတို့ခေတ်က စစ်သားတွေ ဘယ်လို စန်းပွင့်ကြောင်း သီချင်းတောင် ဆိုပြသေးတယ်။
ဘာတဲ့။
"စစ်ဗိုလ်ကို ဆိုရင်ဖြင့်..စစ်သားကို ဆိုရင်ဖြင့် လိုချင်သူတွေပေါ
...အတောမသတ်ပါနိုင်..အမိအရယူပါချိုင်...နာမည်ကိုပင် ပေးလိုက်ချင်ရဲ့..ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင်"
"အဲ့ဒီတုန်းကတော့ စစ်ဗိုလ်မပြောနဲ့ ...တို့ သာမန် စစ်သားကလေးတွေတောင် အရပ်ထဲ အပျိုတွေကြား မျက်နှာပွင့်တာပေါ့ကွာ...ဟုတ်တယ်မဟုတ်လား..အနွဲ့"
အဘိုးက အဲ့ဒီလို လှမ်းစလိုက်တဲ့အခါ ဘီးစပတ်နဲ့ ဆံထုံးထုံးထားပြီး ထမင်းစားပွဲမှာ အလုပ်များနေတဲ့ အဘွားက မျက်စောင်းချိတ်တတ်ပါသေးတယ်
ဟော့ အဘိုးနဲ့ အဘွား အကြောင်းတွေးရင်း နောက်တစ်ပုဒ်ပြောင်းပြီ။
"ရွာကြီးသူ စံပယ်နွဲ့..လာခဲ့ပါ ရွာကိုသာကွယ်..ပေါ်လာနိုး မျှော်ကိုးပေမယ့်ကွယ်"
ဟုတ်တယ်။
အဘိုးဟာ မယ်ဒလင်တီးရင်း ဒီသီချင်းနဲ့ အဘွားကို ပိုးခဲ့တယ်။
အဲ့ဒီတုန်းက အနွဲ့ လို့ ခေါ်တဲ့ အဘွားဟာ သူဌေးသမီး။
အဘွားရဲ့ မိဘအရင်းတွေက ဇာတ်ထောင်မျိုးရိုးတွေ။
ဇာတ်ကားမှောက်လို့ အဘွားရဲ့ မိဘတွေ ဆုံးတဲ့အခါ အဘွားကို သနပ်ပင်က အင်းသူကြီးမိသားစုက မွေးစားခဲ့တယ်။
အင်းသူကြီးမိသားစုဟာ သားယောက်ျားလေးတွေပဲ ရှိတဲ့အတွက် မိန်းကလေးဖြစ်တဲ့ အဘွားကို သဲသဲလှုပ်ချစ်ခဲ့ကြတယ်။
နောက်ပိုင်း သူတို့ဟာ သနပ်ပင်ကနေ ပဲခူး၀င်္ဂဘာလမ်းကို ပြောင်းခဲ့ကြတယ်။
အဲ့ဒီမှာ မယ်ဒလင်တစ်လက်နဲ့ ဂေါ်လီလုပ်နေတဲ့ ပဲခူးဇိုင်းတောင်သား ကျွန်တော်အဘိုးနဲ့ စတွေ့တာပဲ။
အဘွားရဲ့ မွေးစားအကိုတွေဟာ သူဌေးသားတွေ ပီပီ ပေါက်ရောက်ပါတယ်။
သူတို့တွဲကြတာက အဲ့ဒီခေတ်က အဆိုတော် ကိုသန်းလှိုင်။
အဘွားရဲ့ အကိုတွေက အဘွားကို သူတို့သူငယ်ချင်း နာမည်ကျော် အဆိုတော်နဲ့ ရည်ငံစေချင်ကြတယ်။
အဲ့ဒီအခြေအနေမှာ အဘွားဟာ မယ်ဒလင်ရှင် အဘိုးရဲ့ "ရွာကြီးသူစံပယ်နွဲ့" ကိုသာ ကြွေခဲ့ပုံပါပဲ။
နောက်ဆုံး အဘိုးနဲ့ အဘွားခိုးရာလိုက်ပြေးကြတယ်။
လိုက်ပြေးကြပုံကလည်း ရုပ်ရှင်ဆန်ဆန်ပါပဲ။
အဘိုးက သန်လျင်တပ်ထဲ ကားနဲ့ ပဲခူးကိုလာပြီး အဘွားကို ခိုးပြေးတာ။
အဲ့ဒီမှာ အဘွားရဲ့ မွေးစားအကိုနှစ်ယောက်က ကားတွေနဲ့ နောက်က လိုက်ကြတာ။
အင်းသူကြီးသားတွေ ဖြစ်တဲ့အပြင်၊ စစ်ဗိုလ်တွေပါ ဖြစ်နေပြီဖြစ်တဲ့ အဘွားရဲ့ မွေးစားအကိုတွေဟာ သေနတ်တွေနဲ့ လိုက်ကြတာပါ။
ကံကောင်းချင်တော့ အဘိုးတို့ ကားက လွတ်သွားပါတယ်။
အဲ့ဒီနောက်တော့ အဘွားလည်း အမွေဖြတ်ခံရ၊ အဘိုးဟာလည်း သူ့ရဲ့ နိုင်ငံရေးယုံကြည်ချက်ကြောင့် တပ်က အထုတ်ခံရ။
သူတို့ ဘယ်လောက် ရုန်းကန်ခဲ့ရမလဲ။
"သည်ဆောင်းဟေမာန်" နဲ့ "၀သာန်ပေါ်ဦး" များစွာရယ်ကို မိုးသက်လေနှင်နဲ့ အဘိုးတို့ ဖြတ်ခဲ့ကြရပုံပါပဲ။
"ဆည်းဆာ" ဆိုတဲ့ သီချင်းလည်း ရောက်ပြီ။
အဘိုးရဲ့ ဆည်းဆာက စောတယ်။
ဆည်းဆာနေမ၀င်ခင် နှစ်တွေမှာ အဘိုးဟာ အင်မတန် ရွှင်လန်းတက်ကြွပါတယ်။
ရှပ်အင်္ကျီအဖြူအစင်းကျား၊ ရခိုင်ပုဆိုးနဲ့။
ဘိုကေကို ဆီရွှဲအောင်လိမ်းပြီး သူ့သားကြီးဖြစ်တဲ့ ကျွန်တော့် အဖေဆီကို ရောက်ရောက်လာတတ်တယ်။
သူ့ချွေးမဖြစ်တဲ့ အမေ့ကို စတတ်နောက်တတ်တယ်။
ကျွန်တော်တို့ အိမ်မှာ မွေးထားတဲ့ ခွေးကလေးကိုတောင် ငါ့မြေးတွေ နာမည်က ကျော်စွာ၊ ကျော်သီဟ ဆိုတော့ ဒီကောင့်ကိုလည်း မင်းတို့ရဲ့ ညီဆိုတော့ ကျော်ခင်ညွှန့် လို့ပေးကွာဆိုပြီး နာမည်ပေးခဲ့သေးတယ်။
အဲ့ဒီတုန်းက ခင်ညွှန့်ကြီးက S 1 ဆိုပြီး လက်စောင်းထက်နေတဲ့ အချိန်။
ကျော်ခင်ညွန့် ဆိုတဲ့ခွေးလေး ကားတိုက်သေပြီး ငါးနှစ်လောက်အကြာမှာ အဘိုးဟာ လေ့ကျင့်ခန်းလုပ်ရင်း ပေါင်ဒစ်ပြုတ်ရာက အိပ်ရာထဲ လဲပါတယ်။
အဲ့ဒီတုန်းက အဘိုးအသက် ခြောက်ဆယ့်ခုနှစ်နှစ်။
ဆယ်တန်းအောင်ခါစ ကျွန်တော်ဟာ လူမမာ အဘိုးကို ညစောင့်သွားအိပ်ခဲ့ရပါတယ်။
အဘိုးရဲ့ နာတာရှည်ကာလ တစ်လျှောက္မှာ ဘီဘီစီ ဗွီအိုအေ ဖွင့်ပေးခဲ့ပေါ့။
အဘိုးဆုံးခါနီး မနက္မှာ ကျွန်တော့်ကို စကားတစ်ခွန်းမေးခဲ့ပါတယ်။
အဲ့ဒီမေးခွန်းက
"ခင်ညွန့်...ဖမ်းခံရတာ တကယ်လား"တဲ့။
ကျွန်တော် ခေါင်းညိမ့်ပြတော့ အဘိုး ပြုံးနေပါတယ်။
နောက်နေ့ မနက် ကျွန်တော် နိုးလာတော့ အဘိုးရဲ့ အိပ်ရာထဲမှာ အဘိုးမရှိတော့ပါဘူး။
အောက်ထပ်မှာ သူ့အလောင်းကို ပြင်ဆင်ထားလိုက်ကြပါပြီ။
အဘိုးဟာ..ငြိမ်းချမ်းသွားပါပြီ။
"ဆည်းဆာရိပ်၀ယ်..နေရီရီလဲ့..တိမ်ရောင်ခြယ်..ဟိုတောင်ဆီက ပျပျမှိုင်း...ညနေတိုင်း..အုံ့ကာနေတော့တယ်"
အဘိုးနားထောင်နေကျ ကိုစောညိမ်းရဲ့သီချင်းထဲကလို အဘိုးမရှိတော့တဲ့ ညနေတွေဟာ သူချစ်တဲ့ အနွဲ့ ရဲ့ ရင်မှာ အုံ့နေ ဆိုင်းနေတော့တာပါပဲ။
ပြီးခဲ့တဲ့ နှစ်ကတော့ အဘိုးချစ်တဲ့ ရွာကြီးသူ စံပယ်နွဲ့လည်း ကျွန်တော်တို့ကို ရုတ်တရက်ကြီး ထားသွားခဲ့ပါပြီ။
နောက်ဆုံးတော့ ကိုစောညိမ်း ရဲ့ ပွင့်ဦး သီချင်းထဲကလို "ဆက်သွယ် သန္တတိ မမြဲသော ရုပ်နာမ်..ပြောင်းလဲသည့်နှယ်" ဆိုတဲ့ စာသားကိုသာ ရွတ်ရင်း ဆိုရင်း နှလုံးသွင်းရင်း..
ကျွန်တော်တို့ ဟာ သတိတရတွေ အမှတ်တရတွေကြား ဖြတ်သွားရဦးမှာပါလားဆိုတာ...။
#ဗြိတိသျှကိုကိုမောင်
Crd.
photo -ခရက်ဒစ်ပါ
Too long.
ReplyDeleteI like that
ReplyDelete✅💪🏿
ReplyDelete👍
ReplyDelete👍👍👍
ReplyDelete