#ဝိုင်ဖိုင်ဖရီး😂



ဦးဖိုးရွှေသည် ပင်စင်ယူပြီးသည့်နောက်ပိုင်းတွင် သမီးအငယ်ဆုံးလည်းဖြစ်၊ အချစ်ဆုံးလည်းဖြစ်သော ကျောင်းဆရာမ ဒေါ်ထွေးနှင့်အတူနေထိုင်လေသည်။


သူ့တွင်သားသမီးသုံးယောက်ရှိသည်၊ ဇနီးဖြစ်သူဆုံးပါးပြီးနောက်ပိုင်းတွင် အိမ်ထောင်မပြုတော့ဘဲ ဖခင်တာဝန်အပြင် မိခင်တာဝန်ကိုပါကျေပွန်စွာထမ်းဆောင်ခဲ့သည်။


သားကြီးကဆရာဝန်ဖြစ်ပြီးသားလတ်ကအင်ဂျင်နီယာဖြစ်ကာ အိမ်ထောင်အသီးသီးကျကုန်သည်၊ နယ်မြို့များတွင်တာဝန်ထမ်းဆောင်နေကြသောကြောင့် သာကြောင်းမာကြောင်းများကို နေ့စဉ်ဗွီဒီယိုကောခေါ်ကာဆက်သွယ်စကားပြောလေ့ရှိ​၏။


ဦးဖိုးရွှေသည် နေ့စဉ်လိုင်းပေါ်တွင်သာအချိန်ကုန်တတ်သည်၊ မိုးလင်းသည်နှင့်ဖေ့ဘုတ်ဖွင့်ကာ Good morning ပုံလေးတွေတင်ပြီး လိုင်းပေါ်ကမိတ်ဆွေများကိုနှုတ်ဆက်သည်၊ ဘုရားပုံတော်လေးတွေတင်ကာ သာဓုခေါ်ခိုင်းသည်၊ ပြီးလျှင် စမြူထဲသို့ဝင် ကာ မိမိကြိုက်နှစ်သက်သောတေးသီချင်းလေးများကို ဟစ်ကြွေးသီဆိုကာ အပန်းဖြေလေ့ရှိသည်၊ မိမိသီဆိုထားသော သီချင်းလေးများနားဆင်ကာ မိတ်ဆွေများလည်း နားဆင်နိုင်ရန် ဖေ့စ်ဘုတ်ပေါ်သို့တင်လေ့ရှိသည်၊ လိုက်,ရှယ်, ကွန်မန့်လေးတွေကြည့်ပြီး..ပြန်ရေးကာကြည်နူးနေတတ်​၏။


သမီးအပျိုကြီးက တရားဘာဝနာတွေကို အားထုတ်ဖို့ပြောလေတိုင်း...

"ဘုရားတရားဆိုတာ.. ရင်ထဲမှာရှိနေဖို့က အရေးကြီးကြောင်း" အမြဲပြန်ပြောလေ့ရှိသည်၊ နောက်ပိုင်းတွင် သမီးလုပ်သူက အဖေစိတ်ချမ်းသာရင် ပြီးရောဆိုကာ လွှတ်ထားလိုက်သည်။


တနေ့တွင် သမီးဖြစ်သူအလုပ်တွင်ရှိနေခိုက်...ဦးဖိုးရွှေအိမ်​အောက်သို့အဆင်းမှာ ရုတ်တရက် မူးဝေပြီး သတိလစ်ကာ လဲကျသွားသည်၊ အရပ်ကောင်းမှု့ကြောင့်ဆေးရုံသို့ရောက်ရှိခဲ့ရသည်။


သမီးဖြစ်သူရောက်ရှိလာသောအခါ ဦးဖိုးရွှေသည် သတိပြန်လည်လာခဲ့သည်၊ ဆရာဝန်စစ်ဆေးချက်အရ..ဆီးချို၊သွေးတိုးနှင့်နှလုံးရောဂါဖြစ်ချင်နေသည်။


သမီးဖြစ်သူကိုတွေ့သောအခါ...

"သမီး"

"ပြောလေအဖေ..သမီးအနားမှာရှိပါတယ်"

"အဖေ့ဖုန်းပါလား"

"သမီးကျောင်းကနေ တန်းလာတာ..မပါဘူးအဖေ"

"ဒါဆို..သမီးဖုန်းနဲ့ အဖေ့ကိုဓါတ်ပုံရိုက်ပေးပါလား...လိုင်းပေါ်ကမိတ်ဆွေတွေအသိပေးပြီး..မစိုးရိမ်ကြဖို့ ပြောချင်လို့ပါ"


သမီးလုပ်သူကအဖေ့အကြောင်းသိသူပီပီ..ဘာမှပြန်မပြောတော့ဘဲ..ဖခင်ကျေနပ်စေရန် ပုံစံအမျိုးမျိုးရိုက်ပေးလိုက်သည်။


"အဖေ့ကျန်းမာရေးကို ဂရုစိုက်အုံးအဖေ" သမီးလုပ်သူကမဝံ့မရဲ သူမအဖေကိုပြောလိုက်သည်၊ အဲဒီတော့မှ ဦးဖိုးရွှေဟာ..ငါသေသွားရင်ဆိုတဲ့အသိလေးပေါ်လာသည်၊ မျက်စေ့စုံမှိတ်ကာ စဉ်းစားပြီး..


ဘုရားကိုအာရုံပြုကြည့်သည်..

ဖေ့စ်ဘုတ်ကြီးပေါ်လာသည်..


တရားကိုအာရုံပြုကြည့်သည်..

စမြူထဲရောက်သွားကာသီချင်းသံတွေကြားယောင်လာသည်


သံဃာကိုအာရုံပြုကြည့်သည်..

လိုက်တွေ..ကွန်မတ်တွေပေါ်လာပြန်သည်


ဦးဖိုးရွှေတော်တော်လန့်သွားသည်..ထို့နောက်မထူးဇာတ်ခင်းကာ..သမီးကိုခေါ်လိုက်သည်..


"သမီး"

"ဘာလည်းအဖေ...ဘာလိုချင်လို့လည်း"

"သမီးကို တခုလောက်တောင်းဆိုချင်လို့"

"ပြောပါအဖေ"

"ဒီလိုပါသမီး..တကယ်လို့အဖေသေသွားခဲ့ရင်..အဖေ့အုပ်ဂူနားမှာ စမတ်ဖုန်းလေးတလုံးနဲ့ ဖရီးဝိုင်ဖိုင်လေးတခုလောက်တပ်ဆင်ပေးပါလားကွယ်...မိတ်ဆွေတွေနဲ့အဆက်မပြတ်ဖို့နဲ့ နောက်ပြီး..သရဲလည်းကြောက်တတ်လို့ပါနော်..


သမီးဖြစ်သူမှာ ဘာစကားမှမပြောနိုင်တော့ဘဲ..ပါးစပ်​ဟက အံ့ဩကုန်နိုင်ဖွယ် ဖြစ်နေပါတော့သည်။😂😂😂


😂သင်းချို😂


မူရင်းအားခရက်ဒစ်ပေးပါတယ် 😊

Comments

Popular posts from this blog

ချောတယ်လို့