တိုလီထွာလီ ဣတ္ထိယ ပကာသဏီ
*********
တစ်ခါက...
တက္ကသိုလ်မှာ ပညာသင်ပြီး နေရပ်ကိုပြန်လာတဲ့ မင်းသားတစ်ပါးဟာ ခရီးလမ်းခုလတ် ရွာတစ်ရွာရဲ့ထိပ်မှာတည်ရှိတဲ့ ရေတွင်းနားက သစ်ပင်ရိပ်မှာ ခဏ အနားယူသတဲ့
မရှေးမနှောင်းမှာပဲ ရွာထဲက ရေခပ်ထွက်လာတဲ့ မိန်းမပျိုတစ်ယောက်လည်း ရေတွင်းနားကို ရောက်လာပြီး မင်းသားကိုတွေ့ကာ နှူတ်ဆက်စကားဆိုသတဲ့
" မောင်ကြီး အဘယ်ကလာလို့ အဘယ်ကို မြန်းမှာလဲရှင့် "
ရွာသူ မိန်းမပျိုရဲ့အမေးကို မင်းသားကလည်း ကြွားကြွားဝံ့ဝံ့ဖြေသတဲ့
" ငါသည်...တက္ကသိုလ်ပြည်က ပညာသင်ပြီး ပြန်လာတဲ့ တက္ကသိုလ် ကျောင်းသားတစ်ပါးဖြစ်တယ် "
မိန်းမပျိုက ပြုံးလျှက်နှင့်ပင်
" အို.....တော်လိုက်တာ ပညာတွေ အတော်တတ်ခဲ့မှာပဲနော် "
မင်းသားက ခေါင်းမော့လျှက်နှင့်ပင်
" လောကနိတိကျမ်း အကုန် ကြေခဲ့လို့ ဂုဏ်ထူးတောင် ရခဲ့တယ် "
" အင်း....လောကနိတိကျမ်းကို အကုန်တတ်ခဲ့တယ်ဆိုပေမယ့် ဣတ္ထိယကဏ္ဍမှာတော့ မိန်းမတို့ရဲ့ သဘောသဘာဝတွေ အကုန်စင်သိမယ်မထင်ပါဘူးမောင်ကြီးရယ် "
" အဟား....မိန်းမတို့နှင့်ပတ်သက်လို့ ပလီ ပလာ မာယာ သောထေယျ အလှည့် အပတ် ဘယ်လိုပဲ လာလာ သိတာပ "
" ဒါဖြင့် မောင်ကြီးကို နှမလေး လှည့်စား စေခိုင်းပြရမလား "
" ငါ့နှမလို ကျေးတောသူက မောင်ကြီးလို တက္ကသိုလ်ကျောင်းဆင်းကို လှည့်ပတ် စေခိုင်းလိုက အခုပင် စမ်းကြည့်ပါလေ "
" ကောင်းပြီ..... "
မိန်းမပျိုလည်း ချက်ချင်းပဲ သူ့ရဲ့ ကိုယ်ရုံတဘက်ပုဝါကို ဆုတ်ဖြဲပြီး ဆံထုံးကိုလည်း ဖြေချကာ ရွာဘက်သို့ လှည့်ရင်း....
" လာကြပါဦးရှင်.....ကယ်ကြပါဦးရှင် လို့ အော်လိုက်သတဲ့ "
မိန်းမပျိုရဲ အသံကိုကြားပြီး ရွာထဲက ကာလသားတွေဟာ ဓါးလှံ လက်နှက်တွေ ကိုင်ဆွဲပြီး
" ဟေ့...ငါတို့ရွာသူကို ဘယ်ကောင်စော်ကားတာလဲကွ သေပေတော့ "
ရွာသားတွေ ဒေါသတကြီးနဲ့ တရုန်းရုန်းပြေးလာတာမြင်တော့ မင်းသားက
" အင်....ငါ့နှမ ဘယ်နှယ့် အော်ရတာလဲ..ကျူပ်လည်း မယ်မင်းကို ဘယ့်နှယ့်မှ မဘယ့်နှယ့်ရပဲနဲ့ "
" မောင်ကြီးက မဘယ့်နှယ့်ပေမယ့် ရွာသားတွေကတော့ သူတို့ရွာသူကို စော်ကားတယ်အမှတ်နဲ့ လာကြပြီလေ.... ကဲ ဘယ့်နှယ့်လဲ "
မင်းသားလည်း အခုမှ သဘောပေါက်သွားပြီး ထိန့်လန့်စွာနှင့်
" ဟား.....သောက်ကျိုးတော့ နဲပါပြီ ငါ့နှမရယ် မယ်မင်းခိုင်းတာ လုပ်ပါ့မယ်ကွယ် ဘယ်နှယ့်လုပ်ရမလဲသာ ကြံပါကွဲ့ "
" ဒီလိုလုပ်...မောင်ကြီး အခုချက်ချင်းပဲ ရေတွင်းထဲ အမြန်သာခုန်ချပေတော့ "
မင်းသားလည်း မဆိုင်းမတွ ရေတွင်းထဲ ခုန်ချအပြီး ရွာသားတွေ ရောက်လာတော့ မိန်းမပျိုက
" ခရီးသွားတစ်ယောက်ပါရှင်...ရေသောက်ချင်လို့ ရေတွင်းထဲ ငုံ့ကြည့်ရင်း ဇောက်ထိုးကျသွားလို့ပါ "
သည်တော့မှ ရွာသားတွေလည်း လက်နှက်တွေချပြီး မင်းသားကို ရေတွင်းထဲက ဆယ်တင်ပေးလိုက်သတဲ့ ။
ရွာသားတွေ ပြန်သွားပြီဆိုမှ မင်းသားလည်း ရေမွမ်းသည့်ဝေဒနါကို ခံစားနေရာမှနေ
" သြော်....ဣတ္ထိဝင်္ဂံ နဒီဝင်္ဂံ E အီကွဲတူ MC စကွဲယားပါလား..... " ဟု ရေရွတ်တော့ မိန်းမပျိုက နားမလည်ပဲ မေးလိုက်တာ
" E ဣတ္ထိယခေါ်... အီကွဲတူ မိန်းမတို့သည်...
MCစကွဲယား မြစ်ကဲ့သို့ .....ကွေ့ကွေ့ကောက်ကောက် သဘောရှိတတ်၏တဲ့ "
" မောင်ကြီးရယ်....ခိခိ "
#ဆရာကြီး ဦးဖေသိန်း၏ ပုံပမာရုပ်ပြကာတွန်းဇာတ်လမ်းကို မှီးပါသည် ။
( လွယ်လေး )
Crd.
Comments
Post a Comment