ရယ်ရင် သတိ / ငိုရင် သေဘို့သာပြင်ထား
********
ကမ္ဘာဦးအစက ယောက်ျားတွေနဲ့ မိန်းမတွေဟာ မတည့်ကြဘူးတဲ့ ( ယနေ့ခေတ်တော့ မသိ )
ကျားတွေကို ကျားဘုရင်ကြီးက အုပ်ချူပ်ပြီး မိန်းမတွေကို မိန်းမ ဘုရင်မကြီးက အုပ်ချူပ်ကာ သီးခြားစီ နေကြသတဲ့ ။
ကျားတွေဟာ မ'တွေနေတဲ့တိုင်းပြည်ကို မကြာခဏ ကျူးကျော်ရန်စပြီး စစ်သွားတိုက်တတ်ကြသတဲ့ ။
သို့ပေမယ့် ကျားတွေသာ တိုက်တိုင်း ရှူံးပြန်လာရသတဲ့
ကျားတွေဟာ ပျင်းလည်းပျင်း ဝီရိယလည်း မရှိတော့ တစ်ကယ်တမ်း မ' တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကြောင်ပြေး ကြွက်ပြေး ပြေးခဲ့ရတာချည့်ပဲတဲ့
အဲ့သလို တိုက်တိုင်းရှူံးနေတော့ ကျားဘုရင်ကြီးဟာ သူ့ယောက်ျားအဲ.......သူ့ ကျားတပ်သားတွေကို အမိန့် ချမှတ်လိုက်သတဲ့ ။
ကျားမှန်သမျှ မိမိတို့ လက်နှက်တွေကို ချွန်ထက်နေအောင် နေ့စဥ် သွေးနေရမယ် ။ ရဲစွမ်းသတ္တိနှင့် ခွန်အားပြည့်နေအောင်လည်း အမြဲ လေ့ကျင့်နေကြရမယ် ။ အမိန့်ဖောက်ဖျက်တာတွေ့ရရင် " အရင်းကနေ ဖြတ်ပစ်မယ်
"လယ်ပင်းကို " ဆိုတော့
ကျားတွေလည်း အဖြတ်ခံရမှာစိုးထိတ်ပြီး ထကြွ နိုးကြားလာကြတယ်
သည်လိုနဲ့ ကာလအတန်ကြာလာတော့ ။ ကျားဘုရင်ကြီးဟာ သူ့ရဲ့ ကျားတပ်ကြီးကို စစ်ဆေးတဲ့အခါ စိတ်ချရလောက်တဲ့အနေထားရှိနေတာ တွေ့ရလို့ " မ " တိုင်းပြည်ကို စစ်တိုက်ဘို့ ဘုရင်မကြီးဆီကို ကြေငြာစာပို့လိုက်တယ်...
" မမတို့ကို.. မောင်မောင်တို့ လာတိုက်တော့မယ် သည်တစ်ခါ ခံနိုင်ရင် ခံကြဆိုတော့ "
မ ' ဘုရင်မကြီးကလည်း မဆိုင်းမတွပဲ စာပြန်လိုက်တယ်
" လာစမ်းပါ မောင်မောင်ရယ် ။ မောင်မောင်တို့သာ ပန်လန်လက် ပက်လက်မလန်ကြပါစေနဲ့ "
ကျားဘုရင်ကြီးဟာ စစ်မတိုက်ခင် သူ့ကျားတွေကို မှာတယ်
" ဒီနေ့ည " မ " တိုင်းပြည်ကို ဝင်တိုက်မယ် ။ မနက်မိုးလင်းချိန်ကျပြီဆိုတာနဲ့ ကျားတစ်ယောက်ဟာ မ တစ်ကောင်စီကို ကြိုးတုပ်ပြီး ဖမ်းလာကြရမယ် "
တစ်ကယ်တမ်း နံနက် မိုးသောက် အလင်းရောက်တော့ နန်းရင်ပြင်မှာ ဖြစ်ပျက်နေတာက ။
မိန်းမများကသာ ယောက်ျားများကို ကြိုးတုပ်ပြီး အရှိူအရှိူ ဖမ်းခေါ်လာကြတာကို ကျားဘုရင်ကြီး တွေ့လိုက်ရတယ် ။
ကျားဘုရင်လည်း သူ့လူတွေအဖြစ်ကို မြင်ပြီး ဒေါသချောင်းချောင်းထွက်ရာက မ ဘုရင်မကြီးရဲ့ စက်ရာဆောင်ထဲကို သံလျှက်စွဲကိုင်ပြီး ဇွတ်တိုးဝင်တယ် ။
အသင့်တွေ့ရတဲ့ ဘုရင်မကို ရင်ဆိုင်တိုက်ခိုက်ပြီး အနိုင်ရတော့ လဲကျနေတဲ့ မ'ဘုရင်ရဲ့ လည်ပင်းပေါ် သံလျှက်တင်ပြီး တစ်ခါတည်း သတ်ပစ်မယ်ကြံမှ သတိရပြီး မေးတယ်
" ဟိတ်.... ပြောစမ်း ။ နင်တို့ မိန်းမတွေ ။ အခု ငါ့တပ်သား ယောက်ျားတွေကို အနိုင်ရအောင် ဘာလက်နှက်တွေ အသုံးပြုသလဲ "
ဘုရင်မက ဘာမှ ပြန်မပြောပဲ မျက်ရည်ကျလျှက် ငိုနေသတဲ့ ။
သည့်အတွက်ကြောင့် ကျားဘုရင်ကြီးဟာ မ' ဘုရင်မကို ချော့မေးလေမှ တော်ကာကျမည်ဟု ကြံရွယ်ပြီး သံလျှက်ကို ဂုတ်ပေါ်မှ အသာဖယ်လျှက် လေပြေလေးနှင့် ထပ်မေးတယ်
" မ ရယ်...မောင်မောင့်ကို ပြောပြစမ်းပါ "
ဘုရင်မကြီးကလည်း ငိုလျှက်နှင့်ပင်
" မောင်မောင် ခုထိ မသိသေးဘူးလားဟင် "
" မသိလို့ပေါ့ မရယ်..... "
ကျားဘုရင်ကြီးဟာ သံလျှက်ကို ဘေးမှာ အသာချလျှက် လက်နှစ်ဖက်နှင့် ဘုရင်မကြီး၏ ပုခုံးသားအိအိကို အသာဆုပ်ကိုင်ပြီး မေးတယ် ။ ဒီတော့မှ
" မှတ်ထား မောင်မောင်...မောင်တို့ယောက်ျားတွေကို မ,တို့ နိုင်စားခဲ့တဲ့ လက်နှက်ဟာ အခြားမဟုတ်ပါဘူး....ဟော့ဒီ့ မျက်ရည် လက်နှက်ပါ မောင်မောင်ရယ် " ဟု
ဆိုထည့်ပြီး ကျားဘုရင်ကြီး ချထားတဲ့ သံလျှက်ကို ဆတ်ကနဲ ကောက်ယူကာ ဘုရင်ကြီး၏ လည်မျိုသို့ ထောက်လိုက်ပြီး ကြိုးတုပ်လျှက်ဖြင့် နန်းရင်ပြင်သို့ တွန်းထုတ်ခေါ်ဆောင်သွားလိုက်ပါသတဲ့ ။
" သြော်....မိန်းမတွေရဲ့..ပုလဲလုံးလေးလို ကျတဲ့မျက်ရည်ဟာ တခါတလေမှာ လက်ပစ်ဗုံးထက် ဆိုးလှပါတကား "
( လွယ်လေး )
#Crd: သုတေသီ ဘုန်းမြင့်သွေး၏ စာကို မှီငြမ်းပါသည် ။
Comments
Post a Comment