လူကြီးတစ်ယောက်က ကွမ်းဝါးနေတဲ့လူငယ်ဆီ စကားလှမ်းပြောလိုက်တယ်။


''ငါ့တူ...ဘာဆေးနဲ့ ဝါးတာတုန်း ... ?''


'' ဗမာဆေးနဲ့....ဦးလေး..! ''


'' ပေးစမ်းပါဦးကွ တစ်ယာလောက် ''


လူငယ်လည်း ရက်ရက်ရောရော ကမ်းပေးလိုက်သည်။


ထို့နောက် ထိုဦးလေးနှင့်ထိုလူငယ် ထပ်မံဆုံကြပြန်သည်။


အရင်တခါလိုပဲ လူငယ်က ကွမ်းယာထုပ်ထဲမှ ကွမ်းထုတ်ဝါးနေပြန်သည်။


'' ငါ့တူ....ဘာဆေးနဲ့တုန်းကွ ''


'' ဦးလေး..ဒီတစ်ခါတော့ စပ်ကြားဗျ ''

      [*ဗမာဆေး နှပ်ဆေးအရည်*]


'' ရပါတယ်ကွာ ပေးစမ်းပါဦး တစ်ယာလောက် ''


လူငယ်လည်း မပေးချင်ပေးချင်နဲ့ပေးလိုက်ရပြန်သည်။


ထို့နောက်---

တတိယအကြိမ် ဆုံကြပြန်လေသည်။


ခါတိုင်းကဲ့သို့ လူငယ်က ကွမ်းယာကို အားရပါးရဝါးနေပြန်၏။


ထိုဦးလေးကပင် စကား စ, သည်။


'' ငါ့တူ...ဘာဆေးနဲ့တုန်းကွ ''


လူငယ်၏စိတ်ထဲ၌ 

ဒီတစ်ခါတော့ ဒီလူကြီး မကြိုက် တဲ့ဆေးပြောပြီး ''နှပ်''လိုက်ဦးမည် ဟု ကြံကာ----


'' နိုင်းတီးတူးနဲ့ ဦးလေး...''


လူကြီးသည် တစ်ချက်တွေ,သွားသည်။


လူငယ်ကလည်း ငါ့ အကြံ အောင်လေပြီ ဟု ကြိတ်ကာ ဝမ်းအသာကြီးသာနေစဉ်--- 


'' ပေးစမ်းပါဦး...တစ်ယာလောက် ''


လူကြီးထံမှ ကြားလိုက်ရသော စကားဖြစ်၏။


လူငယ်လည်း အံ့သြ၍ စိတ်ပျက်ကာ မချိုမချဉ်မျက်နှာနဲ့ ကွမ်းယာထုပ်ကို ကမ်းပေးလိုက်ရပြန်၏။


စိတ်ထဲကတော့ မကျေနပ်လှ---


ထို့နောက်----

စုပေါင်းလုပ်အားပေးမှာ ဆုံကြပြန်၏။


လူငယ်သည် ကျနော် စာကောင်းကောင်းတတ်သွားပြီ ဟူသောသဘောနှင့် ထိုလူကြီးကို ကြည့်သည်၊

ထိုလူကြီးကလည်း ထိုလူငယ်အား မင်းဘယ်လောက်တတ်လို့လဲ ဟူသောသဘောမျိုးဖြင့်ခပ်ထေ့ထေ့ ပြန်လည်ပြုံးပြသည်။


လုပ်အားပေးအဖွဲ့မှသည် ရုတ်ချည်း ပညာပြိုင်ပွဲအသွင်ကူးပြောင်းသွားလေတော့၏။


သူတို့အကြောင်းကိုသိသောလူများကလည်း စိတ်ဝင်တစား မသိမသာ နားစွင့်နေကြ၏။


လူငယ်ဘက်မှ တိုက်ကွက်စတင်ထုတ်လိုက်သည်၊သူ၏တိုက်ကွက်မှာ ကွမ်းယာထုတ်၍ဝါးပြခြင်းပင်တည်း။


လူကြီးသည် လူငယ်၏တိုက်ကွက်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် တိုးဝင်လာ၏။


'' ငါ့တူ....ဘာဆေးနဲ့တုန်းကွ..''


လူငယ်လည်း သူမျော်လင့်ထားသော ''ဂွင်'' ထဲသို့ ရောက်လာပြီဖြစ်သော လူကြီးအား ပွဲသိမ်းကွက်ဖြင့် ဖိချလိုက်သည်။


'' ဦးလေးက ဘာဆေးနဲ့မဝါးတာ တုန်း...''


လူကြီးသည်ခဏငြိမ်နေပြီးမှ----


'' အင်း....ဦးလေးက ဝယ်,မဝါးတာကွ... ငါ့တူရဲ့....ပေးစမ်းပါဦးတစ်ယာလောက် '' ဟူ၏။


လူငယ်သည် ယခုမှပင် တကယ်စာတတ်သွားလေသည်၊


ထိုဦးလေးကြီးရှိရာသို့ ယောင်လို့မျှပင် ရောက်မလာတော့------


ဦးဦးတေ

Crd.

Comments

Popular posts from this blog

ချောတယ်လို့