လိုသေး တယ်
ဟိုတနေ့က ရှော့ပင်းမောလ်တစ်ခုမှာ
မိန်းမနဲ့ဟိုဟိုဒီဒီလျောက်ကြည့်ရင်း
Crocs ဖိနပ်ဆိုင်ရှေ့ရောက်တော့
သူက မပြောမဆိုနဲ့ ဆိုင်ထဲဝင်သွားတယ်။
(အဲဒီဖိနပ်တွေကို ကျွန်တော်ကြိုက်ကြောင်း၊
စျေးကြီးလို့ မဝယ်နိုင်ကြောင်း
သူ့ကို တဖွဖွပြောဖူးနေကျ..)
ဖိနပ်တွေကို တစ်ရံ နှစ်ရံလောက်
စမ်းစီးကြည့်ရင်း သူ တော်တော်
သဘော ကျသွားတယ်။
''အေးနော်...ကိုကိုကြိုက်မယ်ဆိုလည်း
ကြိုက်စရာ...စီးလို့တော်တော်ကောင်းတာပဲ..''
လို့ ကျွန်တော့်ကို ပြောတယ်။
နောက်ဆုံးပေါ်ဒီဇိုင်း အနက်ရောင်ဖိနပ်လေး
တစ်ရံကိုလည်း တွေ့ရော
နမူနာစီးကြည့်ရင်းက သူမချွတ်ချင်တော့ဘူး။
ဆိုင်ထဲ လှည့်ပတ်စီးရင်း
''ဒါလေးလှတယ်နော်..
စီးလို့လည်းကောင်းတယ်..
ဝယ်ပေးပါလားကိုကို..''လို့ ပူဆာပါလေရော..။
ဟယ်.လိုချင်တာက ငါ..
ဝယ်မလိုလုပ်တာက သူဖြစ်နေပါရောလား။
ကိုယ်တို့ယောကျ်ားတွေဆိုတာကလည်း
ကိုယ့်ဟာကိုယ်သာ မသထှာတာ..။
မိန်းမက ပူဆာရင်တော့
မရှိမဲ့ ရှိမဲ့လည်း ဝယ်ပေးချင်မိတာပေါ့။
အဲဒါနဲ့..
''ဘယ်လောက်လဲ ညီမလေး..''လို့
ကောင်တာကို လှမ်းမေးပြီး ငွေရှင်းမယ်
အလုပ်မှာ သူက အရောင်းဝန်ထမ်းလေးကို
တစ်ခု လှမ်းပြောတယ်။
''ဖိနပ်က စီးရတာတော့ကောင်းတယ်..
ဒါပေမဲ့ အစ်မခြေသည်းကရှည်နေတော့
ဖိနပ်ထိပ်နဲ့တိုက်နေတာ ဘယ်လိုလုပ်ရမလဲ..''
အရောင်းဝန်ထမ်းလေးက ပြန်ဖြေတယ်။
''ဒီဖိနပ်က ခြေသည်းရှည်ရင်
မရဘူး အစ်မ..ညှပ်ပစ်မှရမှာ..''
''ဟာ...ဒါဆို ခြေသည်းတော့ မညှပ်နိုင်ဘူး..
ဒီဖိနပ်မျိုးထဲက ဒီအကိုနဲ့တော်မယ့်
ဆိုဒ်ကြီးထဲက ပြပါအုံး..''လို့
မိန်းမက အရောင်းဝန်ထမ်းကောင်မလေးကို
ပြောလိုက်တယ်။
ပြီးတော့ ကျွန်တော့်လက်လေးကို ကိုင်ပြီး
'ကိုကို ကြိုက်တယ်ဆို..
ငယ်လေးဝယ်ပေးမယ်..''လို့ ခပ်ပြုံးပြုံးလေး
ပြောပါလေရော။
(ဖိနပ်က ကျား၊မ မရွေးစီးလို့ရတဲ့
အမျိုးအစားပါ..)
''ဟာ...ပျော်လိုက်တာ..''
ဒီဖိနပ်လေး စီးချင်နေတာကြာလှပြီကွယ်..။
ကိုယ်မဝယ်နိုင်ပေမယ့်
နောက်ဆုံးတော့လည်း မိန်းမက
ဝယ်ပေးပြီပေါ့..။
အရောင်းဝန်ထမ်းလေးက
ကိုယ့်ခြေမှန်းအတိုင်းယူလာပေးတဲ့ ဖိနပ်ကို
ကျွန်တော် စီးကြည့်လိုက်တယ်။
''ကွက်စတိပဲကွာ..''
ကျွန်တော်က ပြောပြီး ဖိနပ်လေးကို
ကောင်တာပေါ် တင်လိုက်တယ်။
''ဘယ်လောက်လဲ..''
''တစ်သိန်း ခုနှစ်သောင်းပါရှင့်..''
ကောင်တာကကောင်မလေးကပြောပြီး
ကျွန်တော့်ကို ပြုံးပြတယ်။
ပိုက်ဆံပေးတော့ ဆိုတဲ့သဘော။
ကိုယ်ကလည်း မိန်းမကိုပြုံးပြတယ်။
''မိန်းမ ဝယ်ပေးမယ်ဆို...''ဆိုတဲ့ သဘော။
ဒါပေမဲ့
မိန်းမက ကျွန်တော့်ကို ခပ်တည်တည်နဲ့
မျက်မှောင်ကုပ် ပြန်ကြည့်ပြီး
''ပေးလိုက်လေ..''လို့ တုံးတိတိ ပြောတယ်။
''ဟင်..
မိန်းမပဲ ဝယ်ပေးမယ်ဆို..''လို့
ကျွန်တော်ကပြောတော့ သူက
''အင်းလေ..ဝယ်ပေးမယ်လေ..
ခုနက ကိုကိုက ငယ်လေးကို ဖိနပ်ဝယ်ပေးမယ်
ဆိုပြီး ပြောတယ်မဟုတ်လား..
အဲဒါ ငယ်လေးက မဝယ်ဖြစ်ဘူးလေ..
အဲဒီပိုက်ဆံနဲ့ ရှင်းလိုက်..
ဖိနပ်ကို ကိုကိုယူလိုက်..
အဲဒါဆို ဒီဖိနပ်က ငယ်လေးဝယ်ပေးတာပေါ့..''
''ဟင်...ကိုကို နားလည်သလိုလိုနဲ့
နားမလည်ဘူး..''
မိန်းမက စိတ်မရှည်တဲ့ပုံနဲ့
ကျွန်တော့်ပိုက်ဆံအိတ်ကို ဆွဲယူတယ်။
''အာ...ဒီလိုကွာ..ပေး..အိတ်ထဲက
တစ်သိန်း ခွန်နှစ်သောင်း..
ဒါ ငယ်လေးကိုဖိနပ်ဝယ်ပေးတာ..
(ပြီးတော့ ကောင်တာကကောင်မလေးကို
လှမ်းကြည့်တယ်..)
ညီမလေး..ခုနက မမ ဝယ်မယ်ဆိုတဲ့ဖိနပ်ဖိုး
ဒီမှာကွာ..ရော့...အင့်..
ပြီးတော့ မမက မမနဲ့တန်တဲ့ ဖိနပ်ကို
မယူတော့ဘဲ ကိုကို့အတွက်
ဆိုဒ်ကြီးတဲ့ဖိနပ်ကို ပြောင်းယူတယ်ကွာ..
စျေးကအတူတူပဲနော်..ကဲ ယူပြီ...
(ကောင်တာပေါ်က ဖိနပ်ကိုယူလိုက်တယ်..)
ရော့ ကိုကို..
ဒါဆို
ဒီဖိနပ်က ငယ်လေးဝယ်ပေးတာ..''
''ဟင်...အဲ့လိုလား..''
''အေ့လေ..''
ကျွန်တော် သိပ်တော့ နားမရှင်းဘူး။
ဒါပေမဲ့ ဇနီးကရှင်းပြတော့လည်း
ဟုတ်နေတာပဲ..
ကိုင်း...ရှည်ရှည်ဝေးဝေး တွေးမနေတော့ဘူးကွာ..
ငါလိုချင်တဲ့ ဖိနပ်ရပြီ။
ဖိနပ်လေးကိုစီးပြီး မြောက်ကြွ
မြောက်ကြွနဲ့ ရှော့ပင်းစင်တာ ကနေ
ပြန်လာခဲ့တယ်။
''ဒါ ငါ့မိန်းမ ဝယ်ပေးတဲ့ဖိနပ်ပေါ့..''ဆိုတဲ့
မုဒ်အပြည့်ပဲ။
သူကလည်း ဖိနပ်ပုံကို ဓာတ်ပုံရိုက်ပြီး
အိမ်ထောင်ရှင် မိန်းမများ ဟိုဟိုဒီဒီစတဲ့
Group ထဲပို့တယ်..။
ကပ်ရှင်ကလည်း အလန်း..
ကိုယ်မဝယ်ရက်ပေမယ့်
ယောကျ်ားကို ဝယ်ပေးလိုက်တယ်..
အိမ်ဦးနတ်ကလေး ပျော်ပါစေ..
ဘာညာပေါ့။
Fb အကောင့်မှာတော့
ယွကျားအတွက် စပရိုက်ဂစ်ဖ်..ဆိုပြီး..
My Day မှာတင်တယ်။
ဒီလောက်နဲ့ မပြီးသေးဘူး။
သူ့သူငယ်ချင်းက ဖုန်းဆက်တော့လည်း
ဒီဖိနပ်အကြောင်းပါလာသေး။
'' အေး...ဟုတ်တယ်..
ရှော့ပင်းစင်တာမှာပဲရှိသေးတယ်..
ယူတို့ဆီမရောက်သေးဘူး..ဟုတ်ပ
အိမ်ကယောကျ်ားအတွက်လေ..အဟင်း..
လူကသာ ရွာမှာနေတာ
စီးချင်တော့ ဖိနပ်က Crocs..
ဝယ်ပေးလိုက်ပါတယ်ဟယ်..
နားညီးလို့..
ဟုတ်ပ ဟုတ်ပ..အစစ်လေ..ဆိုင်မှာဝယ််တာ.
အင်း...ဟုတ်တယ် စျေးကြီးတယ်...
ဟီးဟီးဟီး..အေ့လေ...
အနူကြီး စီးတဲ့ဖိနပ် ကျနေတာပဲ..ဒါပေမဲ့..
သူလိုချင်တယ်ဆိုပြီး ခဏခဏပြောနေလို့
သနားတာ..
ငါတို့မိန်းမတွေတောင် မိုးတွင်းစီးဖိနပ်ကို
အဲလောက်စျေးကြီးတာ မဝယ်ဘူးနော်..
ဟုတ်ပ..ပြောင်းပြန်တွေ..
နှမျောတာပေါ့..
ဒါပေမဲ့လည်း ဝယ်ပေးလိုက်ပါတယ်ဟယ်..''
မိန်းမ ဖုန်းဆက်တာကို ကိုယ်ကလည်း
ပြုံးပြုံးကြီးလုပ်ပြီးသူ့ကို
လက်မထောင်ပြတယ်။
ဟုတ်တယ်..သူဝယ်ပေးလို့ ငါစီးရတာ..
ငါ့ပိုက်ဆံနဲ့ငါဆို ဒီလိုစျေးကြီးတာ
ဘယ်ဝယ်မလဲပေါ့..။
သူ့ ပခုံးပေါ် မြတ်မြတ်နိုးနိုးနဲ့
လက်လေးတင်ပြီး ဖက်ထားလိုက်သေးတယ်။
ကြည်နူးမှုတွေ ပြည့်လျှံနေတာပဲ။
ဒီလိုနဲ့ ရှော့ပင်းစင်တာက အထွက်နားမှာ
ကော်စမတ်တစ် ဆိုင်တွေရှေ့ရောက်ရော။
မိန်းမက ဟိုဟိုဒီဒီကြည့်နေရင်း
''ကိုကို ငယ်လေး မိတ်ကပ်နဲ့ နှုတ်ခမ်းနီ
ကုန်တော့မယ်..အဲဒါဝယ်မလို့..
အံမယ်..ဒါလေးဝယ်မှာကို
မျက်နှာကွက်ခနဲ ပျက်သွားပါလား..
မပူပါနဲ့နော်..
ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်မှာပါ..
လာ..လိုက်ခဲ့..''ဆိုပြီး ကျွန်တော့်ကို
နီးစပ်ရာ မိတ်ကပ်ကောင်တာဆီ
ခေါ်သွားတယ်။
''မိတ်ကပ်ကောင်တာက ကောင်မလေးနဲ့
တိုးတိုး တိုးတိုးပြောလိုက် ၊
ကျယ်ကျယ် ကျယ်ကျယ်ပြောလိုက်
လက်တွေပေါ် အရည်တွေချပြီး
ပွတ်ကြည့်လိုက် ၊ နမ်းကြည့်လိုက် ၊
ခေါင်းခါလိုက် ခေါင်းညိတ်လိုက်နဲ့
နာရီဝက်လောက်အကြာမှာတော့
သူလိုချင်တဲ့ အလှပြင် ပစ္စည်းစုံပြီ။
''ကိုကိုရေ..ရွေးပြီးပြီ..အမလေး
မောလိုက်တာ..ကဲ ရှင်းလိုက်တော့နော်...''
လို့ ကျွန်တော့်ကိုပြောတယ်။
''ဟင်..ငယ်လေးပဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ်
ဝယ်မယ်ဆို..''လို့ ကျွန်တော်ကပြောတော့
သူ့မျက်နှာ တင်းခနဲဖြစ်သွားတယ်။
''အေ့လေ..ကိုယ့်ပိုက်ဆံနဲ့ကိုယ်
ဝယ်မှာလေ..ခုနက ကိုကိုက ငယ်လေးကို
ဖိနပ်ဝယ်ပေးမယ်ပြောတာ..
အဲဒါ ငယ်လေးက ဖိနပ်
မယူလိုက်ဘူးလေ..
အဲဒီအစား မိတ်ကပ်ပဲဝယ်လိုက်တာလေ..
ကိုယ့်ပိုက်ဆံပဲ မဟုတ်ဘူးလား ဒါက..''
''ဟင်...ကိုကိုနားမလည်ဘူး..''
မိန်းမက ကျွန်တော့် ပိုက်ဆံအိတ်ကို
စိတ်မရှည်တဲ့ပုံနဲ့ ယူလိုက်တယ်။
"ဒီမှာကွာ..ခုနက ဖိနပ်ဝယ်ပေးမယ်ဆိုတဲ့
ပိုက်ဆံ..ပေး..
ကဲ..ယူလိုက်ပြီနော်..
အဲဒီဖိနပ်ကို ငယ်လေးအတွက် ဝယ်ဖြစ်လား..
(ဟင့်အင်း..မဝယ်ဘူး..လို့ကျွန်တော်က
ပြန်ဖြေတယ်..)
အဲဒီမယူတဲ့ပိုက်ဆံနဲ့
အခုမိတ်ကပ်ဝယ်တာလေ..
အဲဒီတော့ ဒီမိတ်ကပ်တွေက ငယ်လေး
ပိုက်ဆံနဲ့ ဝယ်တာမဟုတ်ဘူးလား..''
''အေးဟ..ဟုတ်သားပဲ..''
မိန်းမရှင်းပြလိုက်တော့မှ ကျွန်တော်
သဘောပေါက်သွားတယ်။
ဒီနေ့ သူနဲ့အတူ ရှော့ပင် ထွက်တာ
တန်သွားပြီလို့လည်း တလက်စထဲ တွေးမိတယ်။
ကိုယ့်ပိုက်ဆံလည်း မကုန်ဘူး။
ကိုယ်လိုချင်တဲ့ ဖိနပ်လည်းရလိုက်တယ်။
သူဝယ်တာခြမ်းတာကလည်း
သူ့ပိုက်ဆံနဲ့သူပဲ။
စိတ်ထဲ မှတ်ချက်ချတယ်။
အော်...ယောကျ်ားတွေ ယောကျ်ားတွေ
ဘာလို့များ ကိုယ့်မိန်းမနဲ့အတူ
ရှော့ပင် မထွက်ချင်ကြပါလိမ့်။
အမှန်ဆို ကိုယ့်လိုကံကောင်းရင်
ကိုယ့် ပိုက်ဆံတစ်ကျပ်မှမကုန်ဘဲ
မိန်းမဆီကတောင် စပရိုက်လက်ဆောင်
ပြန်ရနိုင်သေးတယ်လို့ တွေးမိပြီး
ပြုံးမိတယ်....
တချို့လူတွေ မိန်းမနဲ့ စျေးသွားရင်
ငွေကုန်တယ်လေး ဘာလေးနဲ့..
ပညာတွေလိုသေးတယ် ငါးကောင်တို့..
အဟွင်းဟွင်းဟွင်း...
......
Crd.ကိုစိုးထိုက် (ဖဒို)
Comments
Post a Comment