" ပရမတ် ထွန်းခင် "


လူ့ကန့်လန့်လို့ ပြောကြတဲ့သူ

ဒီလူကို .. ဒီနေ့မှဆုံဖြစ်တယ်..။


ပရမတ်ထွန်းခင် တဲ့..

ရွာရဲ့အနောက်ဘက် သုံးရွာကျော်လောက်ကလူပါ၊

ဒီနေ့က..ရွာချင်းဆက်လမ်းမကြီးဖွင့်တဲ့နေ့

ရွာရဲ့ဓမ္မာရုံမှာ လူကြီးတွေဆုံတော့ သူရောက်လာတယ်။


အသက်က ခုနှစ်ဆယ်ကျော်ရှိပေမယ့် သန်သန်စွမ်းစွမ်း သေးသွယ်တဲ့ခန္ဓာကိုယ်နဲ့

အပြုံးတခုကိုသူအမြဲပြုတယ်။


"လာဗျ..ကိုထွန်းခင်.."


ကျမတို့ရွာက လမ်းဖြစ်မြောက်ရေးဥက္ကဌဦးဌေးက ဧည့်ဝတ်ပျူငှာမှုအပြည့်နဲ့ ဧည့်ခံတယ်။

ဧည့်လည်းဧည့်ခံသင့်တယ်..

ဦးထွန်းခင်က လမ်းဖြစ်မြောက်ရေးအတွက်

သူ့ထန်းတောကြီးတခုလုံးရောင်းပြီး မ,တည်ပေးခဲ့တာ။


ထန်းလျက်ပေါက်ပေါက်၊ ဇီးထန်းလျက်တို့ အပြင် မုန့်လက်ဆောင်း၊ ရွှေရင်အေးများလည်း ကျွေးမွေးနေကြသည်။


ကျမလည်း လူကြီးတွေစကားစမည်ပြောမည့်နေရာသို့ တရွေ့ရွေ့ချည်းကပ်ခဲ့ရာ...


"ကိုထွန်းခင်ကို အားနာတယ်ဗျာ..

ရွာတွေမှာက ပရမတ်ထွန်းခင်၊ လူ့ကန့်လန့်ထွန်းခင်၊

ဘုရားပျောက်ထွန်းခင် ဆိုပြီး နှုတ်ကျိုးနေကြတာဗျ.."


(ဦး)ပရမတ်ထွန်းခင်က ပြုံးလက်စကိုထပ်ပြုံးရင်း.....


"ခေါ်ကြပါစေလေ...

ပညတ်နဲ့ပရမတ်ကို မသိကြ၊ နားမလည်ကြတော့

ကျုပ်ကို တမျိုးမြင်ကြတာပေါ့။

ကျုပ်က ဘုရားတည်ဖို့တို့ .....

ဘုန်းကြီးကားဝယ်လှူတာတို့မျိုးဆို.....

လှူတဲ့လူတွေကိုလည်း မလှူခိုင်းဘူး။

ကျုပ်လည်းမလှူဘူး..."


"ဆက်ပြောပြပါ..ကိုထွန်းခင်.."


"ဘုရားပုထိုးစေတီတွေအပေါဆုံးကို ပြပါဆိုရင်

ကျုပ်တို့နိုင်ငံပဲ..

ဒါ့အပြင်ဗုဒ္ဓဘာသာဝင်တွေရဲ့အိမ်တိုင်းလိုလိုမှာ ဘုရားတစ်ဆူရှိတယ်၊

တချို့ဆို တအိမ်ထဲသုံးလေးဆူ ရှိတယ်၊

ရွှေတိဂုံ၊ မဟာမြတ်မုနိ၊ ကျိုက်ထီးရိုး တို့ကို တန်ခိုးကြီးဘုရားတွေလို့ အဆိုရှိကြတယ်၊

အင်းလေးဖောင်တော်ဦး၊ ကျောက္ကာ စသည်ဖြင့် တန်ခိုးရှိလို့ဆိုပြီး ရွှေသင်္ကန်းတွေကပ်လိုက်ကြတာ.....

ရုပ်ပွားတော်တွေတောင် ရုပ်ပျက်ဆင်းပျက် ဖြစ်ကုန်ကြရတယ်။

စေတီဘုရားရုပ်ပွားတော်ချင်းတူတာတောင်....

တချို့ရုပ်ပွားတော်နဲ့ စေတီတွေဟာ မျက်နှာငယ်နေရတယ်၊

ဒါက စေတီနဲ့ ရုပ်ပွားတော်...


အဲ..ဘုန်းကြီးတွေကျတော့ရော..

ဘွဲ့လက်မှတ်ကြီးတွေတကားကားနဲ့....

နိုင်ငံခြားပြန်ကိုယ်တော်ကြီးတွေဟာ....

ဝိနည်းကို မေ့ကုန်ကြသလို....

စည်းစိမ်ချမ်းသာကို သိက္ခာလို့အထင်ရှိကုန်ကြတယ်။

ဖြစ်ပျက်နဲ့သတိပဌာန်၊ဝိပဿနာဟောကြားတဲ့

ရဟန်းဆို သိပ်ပြီးမကြည်ညိုချင်ကြဘူး။


လုပ်ပိုင်ခွင့်တွေ ....

အာဏာတွေနဲ့....

မင်းပေါက်စိုးပေါက်ဘုန်းကြီးဆို ....

ခြေသလုံးဖက်ပြီး ပြည့်တဲ့အိုးကို ရေထပ်လောင်းကြပြန်တယ်..


မိမိနေတဲ့မြို့ရွာမှာ အများပြည်သူတွေ အမှန်တကယ်လိုအပ်နေတာတွေ အများကြီးပါ..

လမ်းတွေ၊တံတားတွေ ၊ဆေးရုံတွေ ၊ဆေးဝါးတွေ

ဝိုင်းဝန်း လုပ်ကိုင်လှူဒါန်းရမယ်။

အစိုးရတာဝန်ပဲ လုပ်နေလို့မရဘူး.။

ပရဟိတလုပ်ငန်းတွေ အများကြီးပါ.."


"ဟုတ်တယ်..ကိုထွန်းခင်ရေ..အမှန်ပဲဗျ...

အခု ခင်ဗျားကလမ်းကို မ,တည်လှူတော့....

ဘာဆုတောင်းလည်းဗျ..ပြောပြပါဦး.."


ပရမတ်ကိုထွန်းခင်က..အားပါးတရရယ်ရင်း.....


"ဟား..ဟား..ဟား..

ဘာကိုဆုတောင်းရမှာလည်းဗျ...

ဘာမှ ဆုမတောင်းဘူး..

အကျိုးလိုလို့ညောင်ပင်ရေလောင်းတာမျိုးမလုပ်ဘူး။

ယုတ်စွအဆုံး နိဗ္ဗာန်တောင်မဆုတောင်းဘူး.."


"ဗျာ.."


ကျမနဲ့အတူအားလုံး အံ့ဩစွာနဲ့ ကိုထွန်းခင်ကို ကြည့်မိကြသည်။


ကိုထွန်းခင်က...


"ကျနော်ပြောပြမယ်ဗျာ...

မပြည့်စုံတဲ့ရဟန်းသံဃာကို ဆေးဝါး ဝတ္ထုငွေကြေး

လှူတဲ့အခါ......

ဤသို့လှူဒါန်းရသော ကုသိုလ်ကြောင့် ဆရာတော်ပြန်လည်နေကောင်းလာပြီး

နိဗ္ဗာန်ရောက်ကြောင်းတရားကို အားထုတ်နိုင်ပါစေလို့

ဆုတောင်းတယ်။


လမ်းဘေးဝဲယာမှာ သစ်ပင်စိုက်တော့လည်း.....

ဤသို့ သစ်ပင်စိုက်ပျိုးရသောကုသိုလ်ကြောင့် အပင်ရဲ့အရိပ်ခိုသူအားလုံး ချမ်းသာကိုယ်စိတ်မြဲကြပါစေ.....

လွယ်ကူစွာအသက်မွေးဝမ်းကြောင်း ပြုနိုင်ကြပါစေ ....လို့ဆုတောင်းတယ်...


အခုလမ်းခင်းတဲ့လုပ်ငန်းမှာလည်း....

ကျုပ်ထန်းတော ရောင်းရတဲ့အထဲက ရှစ်ပုံတပုံ စားဖို့ချန်ထားပြီး ကျန်တာအကုန်လှူလိုက်တယ်..

ကျုပ်ဆုတောင်းတယ်..

အခုခင်းထားတဲ့လမ်းမှာ နင်းလျှောက်သွားသူတိုင်း

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ.....

ကိစ္စကြီးငယ်အားလုံး လွယ်ကူစွာဖြေရှင်းနိုင်ကြပါစေ....

သွားလမ်းသာ လာလမ်းဖြောင့်ပါစေ လို့ဆုတောင်းတာပေါ့ဗျာ..."


ကျမအပါအဝင် အကုန်လုံးလိုလို ပရမတ်ကိုထွန်းခင်ကို ကြည်ညိုစွာ ငေးကြည့်မိကြပါတော့သည်..။


ပရမတ်ကိုထွန်းခင်ပြန်ကာနီးမှာ စကားတခွန်း ထပ်ပြောခဲ့သေးသည်။


"ရလိုမှုအတွက်နဲ့တော့_ဘယ်တော့မှမလှူနဲ့ဗျ..

ကုန်ကုန်ပြောမယ်ဗျာ ....

နိဗ္ဗာန်ရအောင်တောင်မလှူနဲ့

အဲ့တာ ရလိုမှုလောဘပဲ....." ။ ။

                                                        

 Credit : မုဒိတာ🙏🌷

Comments

  1. ပူလောင်နေရတဲ့ဒီနေ့။

    ReplyDelete
  2. ပြုသူများ ထပ်တူခံရပါ​စေ

    ReplyDelete
  3. ဘာသာရေးလူမျိုးရေး ကုတုံးလုပ်တက်တဲ့ မအလနဲ့ မြှောက်ပေးဘုန်းကြီးတွေသွားမြင်ရောင်တယ်

    ReplyDelete

Post a Comment

Popular posts from this blog

ချောတယ်လို့