* အချစ်ရဲ့ ဒုက္ခ *

ထိုင်၀မ်မှာ အမျိုးသမီးကြီး တစ်ဦးရှိပါတယ်။
သူဟာ ကျောင်းဆရာမတစ်ဦး ဖြစ်ပါတယ်။
အရွယ်ကောင်းတုန်းမှာပဲ ယောက်ျားဆုံးပါးသွားပါတယ်။
ငယ်ရွယ်တဲ့ သားလေးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။
သားလေးကို ဘထွေးနဲ့ မကြုံစေချင်လို့ 
နောင်အိမ်ထောင်ထပ်မပြုပဲ အမေတစ်ခု 
သားတစ်ခုနဲ့ ပဲ သားလေးကို ပျိုးထောင်လာခဲ့ပါတယ်။
သားလေးလည်း အလွန်လိမ္မာပါတယ်။
အမေ့ကိုလည်း အလွန်သိတတ်ပါတယ်။

ဒီလိုနဲ့ ဆရာမ၀င်ငွေငွေလေးနဲ့ သားလေးကို 
ရှိစုမဲ့စု ပျိုးထောင်လာခဲ့ပါတယ်။
သားကလည်း ထူးချွန်တာမို့ အမေရိကန်နိုင်ငံကို 
ပညာတော်သင် စေလွတ်နိုင်ခဲ့ပါတယ်။
အမေရိကမှာ သားကလည်း ထူးချွန်ပါတယ်။
ကျောင်းပြီးလို့ အလုပ်ကောင်းပြီး အမေရိကမှာပဲ
အိမ်ထောင်ပြုပြီး ကိုယ်ပိုင်အိမ်တစ်လုံး ၀ယ်နိုင်ခဲ့ပါတယ်။
မြေးကလေးတစ်ယောက် ထွန်းကားခဲ့ပါတယ်။

မိခင်ဖြစ်သူ ဆရာမကတော့ တာ၀န်နဲ့မို့ 
ဆရာမအဖြစ်ပဲ ထိုင်၀မ်မှာ ဆက်လက်နေထိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ ဆရာမကြီးဟာ ပင်စင်ယူချိန်နီးလာပါတော့တယ်။

ပင်စင်ယူချိန်နီးလာလေလေ သားနဲ့ မြေးလေးကို 
သတိရလေလေဖြစ်ပြီး သားလေးမိသားစုနဲ့ 
သွားရောက်နေထိုင်ဖို့ ဆန္ဒပြင်းပြလာပါတယ်။

အမေ့ဖြစ်သူရဲ့ စိတ်ထဲမှာ သားလိမ္မာကြီးကို 
သတိရပြီး ပီတိဖြစ်နေတတ်ပါတယ်။ 
သြော် လုပ်ဖေါ်ကိုင်ဘက်တွေ ဒီသတင်းသိလိုက်ရင်တော့ဖြင့်
ဘယ်လောက်အားကျလိုက်မလဲဆိုတာ 
တွေးတောပြီး ပြုံးနေတတ်ပါတယ်။ 

ဆရာမရဲ့ စာရေးချင်တဲ့ အမူအကျင့်အတိုင်း 
ဖုန်းခကို ချွေတာတတ်သူမို့ သားဆီကို ပင်စင်ယူပြီးရင် 
အတူလာနေချင်ကြောင်း ရေးသားပေးပို့ လိုက်ပါတယ်။

သားဆီက ပြန်စာကို တော်တော်နဲ့ ပြန်မရဘူး။
အမေကလည်း ပင်စင်ယူဖို့ ပြင်ဆင်နေပြီး 
သားဆီက ပြန်စာကို မျော်နေတာပေါ့။
ပင်စင်ယူဖို့ တစ်ပတ်လောက်အလိုမှာ 
သားဆီက စာတစ်စောင်ရောက်ရှိလာပါတယ်။

ဖောက်ဖတ်ကြည့်လိုက်တော့ ဒေါ်လာ သုံးသောင်းတန် 
ချက်လက်မှတ်တစ်စောင်နဲ့ စာတစ်စောင်တွေ့လိုက်ပါတယ်။ 
စာက အဲလိုရေးထားပါတယ်။

"ချစ်လှစွာသော မေမေ
သားနဲ့ သားဇနီး သေသေချာချာ ညှိနိူင်းကြည့်ပြီးပါပြီ။
မေမေကို မလာစေချင်ပါဘူး။ 
မေမေသားကို ကျွေးမွေးခဲ့တာ မှန်ပါတယ်။ 
အဲဒီကုန်ကျစားရိတ်ကို သားတို့ သေသေချာချာ 
တွက်ချက်ကြည့်ပြီးပါပြီ၊ ဒေါ်လာ ( ၂ ) သောင်းလောက်ကျပါတယ်။ 
အပို ( ၁ )သောင်းပါ ထပ်ပေါင်းလိုက်တော့ စုစုပေါင်း ( ၃ ) 
သောင်းမေမေ့ကို ပို့ပေးလိုက်ပါတယ်။
မေမေ နောက်ဆို သားဆီကို စာမရေးပါနဲ့တော့၊ 
သားမိန်းမက မကြိုက်လို့ပါ။...."

မိခင်ဖြစ်သူမှာ စာဆုံးအောင်ပင် 
ကောင်းကောင်း မဖတ်နိုင်ခဲ့ပါ။ 
မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေပါပြီ။ 
အံ့သြခြင်း၊ ရင်နာခြင်း၊ယူကျုံးမရဖြစ်ခြင်း၊ 
မျော်လင့်ချက်တစ်ခုလုံး ပျောက်ဆုံးသွားခြင်း၊ 
စတဲ့ခံစားချက်တွေနဲ့ ချုံးပွဲချ ငိုချလိုက်ပါတော့တယ်။

မိခင်ဆရာမဖြစ်သူကို တရားက ကယ်တင်သွားပါတယ်။ 
တရားစခန်း၀င်တယ်။ တရားနာတယ်။ တရားထိုင်တယ်။
တော်တော်လေး စိတ်သက်သာရာ ရသွားပါတယ်။

ဒါနဲ့ သူမဟာ အဲဒီဒေါ်လာ ၃ သောင်းကို 
အသုံးပြုပြီး ကမ္ဘာပတ်ပါတော့တယ်။ 
ခရီးတစ်လျှောက်လုံးမှာ ရှိတဲ့ သဘာ၀တရားရဲ့ 
လှပဆန်းကျယ်မူကို သူမကောင်းစွာ ခံစားမိပြီး 
တစ်ခုခု အသိ၀င်လိုက်သလို ခံစားလိုက်ရတယ် ။
အဲဒါနဲ့ သူ့မသားကို စာတစ်စောင် ထပ်မံရေးသားလိုက်ပါတယ်။

"ချစ်ရတဲ့ သား....
မေမေ့ကို စာထပ်မရေးပါနဲ့တော့လို့ 
သားကပြောထားပေမဲ့ မေမေပြောချင်တဲ့စကား 
မပြည့်စုံသေးလို့ သားဆီကို စာထပ်ရေးလိုက်ရပါတယ်။

သားချက်လက်မှတ်နဲ့ ပိုက်ဆံကိုထုတ်ပြီး 
မေမေကမ္ဘာပတ်ခရီးသွားခဲ့ပါတယ်။ 
လည်ရင်းပတ်ရင်း စဉ်းစားရင်းဆိုပါစို့၊ 
အဲလိုနဲ့ အသိတစ်ခု၀င်လာသလိုပဲ၊ ဟုတ်ပါတယ်။ 
သားကို ကျေးဇူးတင်ရမယ်။ 

တကယ်လို့ သားက မေမေကို ပြတ်ပြတ်သားသား 
စိမ်းကားတဲ့ စကားမဆိုခဲ့ဘူးဆိုရင် မေမေအဲလောက် 
သံဝေဂ တရား မြန်မြန်ရခဲ့မှာ မဟုတ်ပါဘူး။ 
အခုတော့ မေမေနားလည်အသိနဲ့ သိသွားပါပြီ။ 

လောကကြီးမှာ အသေချာဆုံး၊ အရေရာဆုံး အရာဟာ 
မသေချာမရေရာခြင်းဖြစ်တယ်ဆိုတာ 
ကောင်းကောင်းကြီးသိသွားပါပြီ။ 
မေတ္တာလည်း အနိစ္စတရားကို ရှောင်ကွင်းလို့ 
မရဘူးဆိုတာ သိသွားပါပြီ။ 

တကယ်လို့ သားက မေမေကို မလိုချင်ပဲ လာခဲ့ပါလို့ 
အားနာနာနဲ့ ခေါ်ခဲ့မယ်ဆိုရင် အခုလောက်ဆို 
အားလုံးစိတ်ဒုက္ခ ရောက်နေလောက်ပါပြီ။ 
မေမေလည်း စိတ်ဆင်းရဲရပါမယ်။ အသက်တိုမယ်။

အခုတော့ မေမေ့စိတ်ထဲမှာလည်း 
သားဆိုတဲ့ အစွဲ မရှိတော့ပါဘူး။ 
သားရော မြေးပါ မေမေစိတ်ထဲမှာ လွတ်ချနိုင်ခဲ့ပါပြီ။ 
ကိုယ့်မှာ အချစ်မရှိတော့ အချစ်ပြန်မလိုတော့ဘူးပေါ့၊ 
အလိုမရှိတော့ ဒုက္ခကင်းတာပေါ့၊ 
ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအလဲ အားလုံးကို 
မေမေကျေကျေနပ်နပ်ကြီးနဲ့ လက်ခံလိုက်ပါပြီ။ 
ကျေးဇူးတင်ပါတယ် သား...."

ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲ။
ပညာရှင်တစ်ဦးရဲ့ စကားကို သတိရစေပါတယ်။ 

“ မိဘများရဲ့ အိမ်ဟာ သားသမီးများ 
အချိန်မရွေး ပြန်နိုင်တဲ့ အိမ်ဖြစ်ပါတယ်။ 
သားသမီးများရဲ့ အိမ်ဟာ မိဘများ 
အချိန်မရွေး သွားရောက်နေထိုင်နိုင်တဲ့ အိမ်မဟုတ်ပါ။ 

ကလေးကို မွေးဖွားခြင်းဟာ တာ၀န်၊ 
ပျိုးထောင်ခြင်းဟာ ၀တ္တရား ဖြစ်ခဲ့မယ်ဆိုရင် 
အားကိုးလိုစိတ်မွေးမြူ ခဲ့ရင် မဟာအမှားဖြစ်သွားပါလိမ့်မယ်။

အိုလာရင် ကိုယ့်ကျန်းမာရေးကို အတတ်နိုင်ဆုံး ဂရုစိုက်ပါ။ 
အိုစာနာစာအမြဲချန်ထားပါ။ 
အိုဖို့ အတွက် မအိုခင်မှာကတည်းက ကြိုတင်ပြင်ဆင်ထားပါ။

အားလုံးကျန်းမာချမ်းသာကြပါစေ။
#Credit - Ei Ei Khin / ဓမ္မရေချမ်းစင်
#Copy by Kyaw Aye.

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့