ရွာဦးကျောင်းဆရာတော်နဲ့ ကပ္ပိယ
ကြီးတို့ ရွှေဘိုတောင်ဘက် "မဲကုန်းရွာ" က အလှူပင့်လို့သွားကြတယ်။
အလှူရေစက်ချပြီးတဲ့နေ့မှာ ရွာပြန်မကြွသေးဘဲ
မန္တလေးကိုခရီးဆက်ကြမယ်ပေါ့။
မန္တလေး...လေးပြင်လေးရပ်ရှိစာသင်တိုက်ကြီးတွေမှာစာသင်လွှတ်ထားတဲ့ ရွာက ရဟန်းသာမဏေတွေကအများသား။
မဟာမြတ်မုနိဘုရားကြီးကို..မဖူးရတာလဲကြာပြီ၊
တပည့်တွေနဲ့လည်းတွေ့ချင်သေးတာ။
အလှူရေစက်ချပြီး...အလှူဒကာကို နှုတ်ဆက်တော့
အလှူဒကာက လှည်းစီစဥ်ပေးတယ်။
မဲကုန်းရွာကနေ..ရွှေဘို=မန္တလေးကားလမ်းမကြီးအထိ လှည်းစီးပြီးလာရတယ်။
ပေတရာလမ်းထိပ်ရောက်တော့ လှည်းပေါ်ကဆင်း
မန္တလေးဘက်ကိုသွားမဲ့ကားကိုစောင့်စီးရုံပေါ့။
အဲ့ဒီအချိန်က အခုလိုမှန်လုံအိတ်စပတ်တွေမရှိသေးဘူး၊ ဗိုက်ပူခေါ် ပေါင်မုန့်ကားတွေနဲ့ ဒိုင်နာတွေလောက်ဘဲရှိတာ။
ကားခေါင်မိုးပေါ်မှာလဲ ကြက်ချင်းတွေ၊ သေတ္တာတွေ၊အထုပ်အပိုးတွေရော..စက်ဘီးတွေ..လူတွေရော အစုံတင်တာ။
လမ်းကဖြတ်စီးရင်နေရာမရတာများတယ်။
ဆရာတော်လည်း ဒိုင်နာကားတစီးဝင်လာလို့
လက်ပြတားလိုက်တယ်။
စပယ်ယာကလည်းလက်ပြသွားတယ်။
" ဘရိတ်မမိလို့ပါဘုရား"
နောက်တစီးလာတယ်၊ လက်ပြတယ်၊ရပ်တော့မလိုလိုနဲ့ ရပ်မပေးဘူး။
ပြောသွားသေးတယ်။
"အရှိန်လွန်သွားလို့ပါဘုရား"
နောက်တစီးထပ်တားတယ်။
"နေရာမရှိတော့လို့ပါဘုရား "
ဒီလိုနဲ့...ဆရာတော်နဲ့...ကပ္ပိယကြီးတို့နှစ်ယောက်
ကား လေးငါးစီးလွတ်သွားတယ်။
ဒါကိုအစအဆုံးမြင်နေရတဲ့....ဒကာမ...ခပ်ငယ်ငယ်ခပ်ချောချောတစ်ယောက်က...ခရီးသွားတွေနားဖို့ဆောက်ထားတဲ့...ဇရပ်လေးထဲကနေထွက်လာပြီး
" တပည့်တော် တားပေးပါ့မယ်ဘုရား ဘုန်းဘုန်းတို့
ဇရပ်ထဲမှာ ခနအနားယူပါအုံးဘုရား "
"အေး... အေး...လုပ်ပါအုံး...ဒကာမလေးရယ်
ဒါနဲ့ ဒကာမလေးက...ဘယ်ကလည်းကွဲ့.."
" တပည့်တော် မဲကုန်းဇာတိပါဘုရား၊ မန္တလေးမှာနေတာကြာပြီ၊ အခု ရွာကိုအလည်လာတာဘုရား"
ဒကာမလေးစကားပြောနေတုံးမှာဘဲ....ဒိုင်နာကား
တစီးမောင်းလာတာတွေ့ရတယ်။
ဒကာမလေးက လက်ပြတားလိုက်တယ်။
ကျွီ..................ဒုတ်
ကားကဆိုက်ဆိုက်မြိုက်မြိုက်ဘဲ..ထိုးရပ်သွားတယ်။
ဆရာတော်က...ကားဒရိုင်ဘာမျက်နှာကို
သေချာကြည့်ပြီး.....
" ကောင်းလိုက်တဲ့ ပတ်ဘရိတ်ကွာ.....
ဒကာမလိုက်မှာမဟုတ်ဘူး...
ငါလိုက်မှာကွ...
ဟေ့....ကပ္ပိယတက်စမ်း "
~~~~~~~~~~~~~~
ဦးရွှေညာ ( ရွာတန်းရှည်)
(ဟာသအမြင်ဖြင့်သာ)
Comments
Post a Comment