ရွာဦးကျောင်းဆရာတော်နဲ့ ကပ္ပိယ

ကြီးတို့ ရွှေဘိုတောင်ဘက် "မဲကုန်းရွာ" က အလှူပင့်လို့သွားကြတယ်။


အလှူရေစက်ချပြီးတဲ့နေ့မှာ ရွာပြန်မကြွသေးဘဲ

မန္တလေးကိုခရီးဆက်ကြမယ်ပေါ့။


မန္တလေး...လေးပြင်လေးရပ်ရှိစာသင်တိုက်ကြီးတွေမှာစာသင်လွှတ်ထားတဲ့ ရွာက ရဟန်းသာမဏေတွေကအများသား။


မဟာမြတ်မုနိဘုရားကြီးကို..မဖူးရတာလဲကြာပြီ၊

တပည့်တွေနဲ့လည်းတွေ့ချင်သေးတာ။


အလှူရေစက်ချပြီး...အလှူဒကာကို နှုတ်ဆက်တော့

အလှူဒကာက လှည်းစီစဥ်ပေးတယ်။


မဲကုန်းရွာကနေ..ရွှေဘို=မန္တလေးကားလမ်းမကြီးအထိ လှည်းစီးပြီးလာရတယ်။


ပေတရာလမ်းထိပ်ရောက်တော့ လှည်းပေါ်ကဆင်း

မန္တလေးဘက်ကိုသွားမဲ့ကားကိုစောင့်စီးရုံပေါ့။


အဲ့ဒီအချိန်က အခုလိုမှန်လုံအိတ်စပတ်တွေမရှိသေးဘူး၊ ဗိုက်ပူခေါ် ပေါင်မုန့်ကားတွေနဲ့ ဒိုင်နာတွေလောက်ဘဲရှိတာ။


ကားခေါင်မိုးပေါ်မှာလဲ ကြက်ချင်းတွေ၊ သေတ္တာတွေ၊အထုပ်အပိုးတွေရော..စက်ဘီးတွေ..လူတွေရော အစုံတင်တာ။


လမ်းကဖြတ်စီးရင်နေရာမရတာများတယ်။


ဆရာတော်လည်း ဒိုင်နာကားတစီးဝင်လာလို့

လက်ပြတားလိုက်တယ်။


စပယ်ယာကလည်းလက်ပြသွားတယ်။


" ဘရိတ်မမိလို့ပါဘုရား"


နောက်တစီးလာတယ်၊ လက်ပြတယ်၊ရပ်တော့မလိုလိုနဲ့ ရပ်မပေးဘူး။


ပြောသွားသေးတယ်။


"အရှိန်လွန်သွားလို့ပါဘုရား"


နောက်တစီးထပ်တားတယ်။


"နေရာမရှိတော့လို့ပါဘုရား "


ဒီလိုနဲ့...ဆရာတော်နဲ့...ကပ္ပိယကြီးတို့နှစ်ယောက်

ကား လေးငါးစီးလွတ်သွားတယ်။


ဒါကိုအစအဆုံးမြင်နေရတဲ့....ဒကာမ...ခပ်ငယ်ငယ်ခပ်ချောချောတစ်ယောက်က...ခရီးသွားတွေနားဖို့ဆောက်ထားတဲ့...ဇရပ်လေးထဲကနေထွက်လာပြီး


" တပည့်တော် တားပေးပါ့မယ်ဘုရား ဘုန်းဘုန်းတို့

ဇရပ်ထဲမှာ ခနအနားယူပါအုံးဘုရား "


"အေး... ​အေး...လုပ်ပါအုံး...ဒကာမလေးရယ်

ဒါနဲ့ ဒကာမလေးက...ဘယ်ကလည်းကွဲ့.."


" တပည့်တော် မဲကုန်းဇာတိပါဘုရား၊ မန္တလေးမှာနေတာကြာပြီ၊ အခု ရွာကိုအလည်လာတာဘုရား"


ဒကာမလေးစကားပြောနေတုံးမှာဘဲ....ဒိုင်နာကား

တစီးမောင်းလာတာတွေ့ရတယ်။


ဒကာမလေးက လက်ပြတားလိုက်တယ်။


ကျွီ..................ဒုတ်


ကားကဆိုက်ဆိုက်မြိုက်မြိုက်ဘဲ..ထိုးရပ်သွားတယ်။


ဆရာတော်က...ကားဒရိုင်ဘာမျက်နှာကို 

သေချာကြည့်ပြီး.....


" ကောင်းလိုက်တဲ့ ပတ်ဘရိတ်ကွာ.....

ဒကာမလိုက်မှာမဟုတ်ဘူး...

ငါလိုက်မှာကွ...

ဟေ့....ကပ္ပိယတက်စမ်း "


~~~~~~~~~~~~~~


ဦးရွှေညာ ( ရွာတန်းရှည်) 


(ဟာသအမြင်ဖြင့်သာ)

Comments

Popular posts from this blog

ချောတယ်လို့