အပျိုကြီးတွေလင်ရနိုင်တဲ့ဆေးမြီးတို
ရှေးအခါက ရွာတစ်ရွာတွင် ရွာသား တစ်ယောက်သည် အစာမှားပြီး လေထိုး၍ သေလုမျောပါး ဖြစ်နေ လေသည်။ ထိုအချိန်တွင် လွယ်အိတ်ကြီး လွယ်၍ ခေါင်းပေါင်းကြီးလည်း ပေါင်းထားသော လူကြီး တစ်ယောက် ရောက်လာသည်။ မောမောပန်းပန်းဖြင့် ရေတစ်ခွက် တောင်းသောက်ပြီး ဗိုက်အောင့်၍ လူးလိမ့်နေသော ရွာသားကိုကြည့်၍
'' မန်ကျည်းသီးတစ်ကျပ်သား ၊ ဆားတစ်ကျပ်သား ၊ ဆပ်ပြာရည် တစ်ကျပ်သား အရည်ဖျော်ပြီး တိုက်လိုက် ၊ အခုချက်ခြင်း ကောင်းသွားလိမ့်မယ် ''
ဟု ပြောပြီး ထွက်သွားလေသည်။
ရွာသားများသည် ထိုလူကြီး ပြောတာကို မယုံသော်လည်း ဒီအတိုင်း ကြည့်နေမယ့် အစား တစ်ခုခု လုပ်ပေးလိုက်မှပဲ ဆိုပြီး ဖျော်တိုက် လိုက်ရာ ဝမ်းတွေသွားပြီး လေထိုးတာ သက်သာသွား၏။
ရောဂါပျောက်၍ ရွာသားများ တအံ့တသြဖြင့် စုတ်တသတ်သတ် ဖြစ်နေကြပြီး ဆေးနည်း ပေးသော လူကြီးကို လိုက်ရှာရာ မတွေ့တော့ပေ။
ဝေဒနာသက်သာသွာသော လူနာလည်း
'' ဒီလူကြီးဟာ နတ်တွေ ၊ သိကြားတွေက လွှတ်လိုက် တာများလား ၊ ဒီလောက် အလူးအလဲ ခံစားနေရတဲ့ ဝေဒနာကို ချက်ခြင်း ပျောက်သွားအောင် စွမ်းတယ် ၊ သူ့ကို ရှာမတွေ့လည်း သူ့ ဆေးနည်းကို ရပြီဆိုတော့ ငါကပဲ ဆက်ပြီး ဆေးဆရာ လုပ်တော့မယ် ''
ဟုဆိုလေသည်။ အသိဉာဏ်နည်းသော ရွာသားတွေ ကလည်း ရွာမှာ ဆေးဆရာ မရှိသဖြင့် ''ဆရာကြီး'' အဖြစ်သူ့ကို ကိုးကွယ်ကြသည်။
တစ်နေ့သောအခါ ဝမ်းချုပ်သော လူနာ တစ်ယောက် ရောက်လာ၍ ထိုဆေးနည်း အတိုင်း
''မန်ကျည်းသီးတစ်ကျပ်သား ၊ ဆားတစ်ကျပ်သား ၊ ဆပ်ပြာရည် တစ်ကျပ်သား'' တို့ကို ဖျော်ပြီး သောက်ခိုင်းရာ အပုပ်တွေဆင်းပြီး ဟန်ကျသွား၏။
တစ်နေ့တော့ ရွာသား တစ်ယောက်၏ ကျွဲကြီး တစ်ကောင် ပျောက်သွားလေသည်။ ကြံရာ မရတဲ့အဆုံး ရွာသား တစ်ယောက်က ဆေးဆရာကြီးထံ အကူအညီ တောင်းရန် ပြောလေသည်။ ကျွဲပျောက်သွားသော ရွာသား၏ ဖခင်က
''ကျွဲပျောက်တာနဲ့ ဗိန္ဓောဆရာ ဘာဆိုင်လို့လဲ''
''ဆိုင်လား မဆိုင်လားတော့ မသိဘူး ၊ ဆရာကြီး ကတော့ တကယ် စွမ်းတာဗျ''
ဟု ဆိုကြပြန်လေရာ ကျွဲရှင် ရွာသားက
''ဒါဆိုလဲ ဆရာကြီးကို သွားမေးမယ်'' ဟုဆိုလေသည်။
ထုံးစံအတိုင်း ဆရာကြီးက
''မန်ကျည်းသီးတစ်ကျပ်သား ၊ ဆားတစ်ကျပ်သား ၊ ဆပ်ပြာရည်တစ်ကျပ်သားကို အရည်ဖျော်ပြီး သောက်လိုက် ၊ ပျောက်နေတဲ့ကျွဲကို ပြန်တွေ့ လိမ့်မယ် ၊ စိတ် အေးအေး ထားပြီး ပြန်တော့ '' ဟုပြောလိုက်လေသည်။
ထိုအခါ ရှာသား၏ အဖကေ
''ကျွဲပျောက်တာနဲ့ ဝမ်းနှုတ်ဆေးနဲ့ ဘာဆိုင်လို့လဲ'' ဟုဆိုရာ သားဖြစ်သူက ''ပျောက်တာ ကျနော့်ကျွဲ ၊ အဖေ မသောက်လျင် ကျနော် သောက်မယ် '' ဆိုပြီး ဝမ်းနှုတ်ဆေး သောက်ပြီး ကျွဲပျောက်ကို ဆက်ရှာကြသည်။ သောက်ထားသော ဝမ်းနှုတ်ဆေးကြောင့် ကျွဲပျောက်ရှာရင်း ဟိုခြုံတိုးရ ဒီခြုံတိုးရနှင့် နောက်ဆုံးတော့ ကျွဲသူခိုးတွေ ဝှက်ထားသော ခြုံထဲမှ ကျွဲကြီးကို ပြန်တွေ့လေသည်။
အသိဉာဏ် နည်းပါးကြသော ရွာသားတွေ ကတော့
''တို့ဆရာကြီးက ကျွဲပျောက်တာလည်း နိုင်တာပဲ''
ဟု အထင်ကြီးပြီးရင်း ကြီးနေကြသည်။
ဒီတခါကျတော့ ရွာထဲက အသက် ၄၀ ကျော် အပျိုကြီးကိစ္စ။ ရွာသားတွေက
''တစ်ယောက်ထဲ အရိုးထုတ်လို့ အသက် ကြီးလာမှ ကူညီမယ့်သူ မရှိဖြစ်နေမယ်'' ဆိုပြီး ဝိုင်းတွန်းကြသည်။ ဆိုင် ဆိုင် မဆိုင် ဆိုင် ဆေးဆရာကြီး ဆီကိုပဲ သွားခိုင်းကြ၏။
နောက်ဆုံးတော့ အပျိုကြီးလည်း ရှက်ရှက်နဲ့ ဆရာကြီးအိမ်သို့ ရောက်ရ၏။
''ဟဲ့ နင် ဘာဖြစ်လို့လဲ''
''ရှက်စရာကြီးပါ ဆရာကြီးရယ် ၊ သူများတွေကို မပြောပါနဲ့''
''ရှက်မနေနဲ့ ပြောစရာ ရှိတာပြော အနာ မသိရင် ဆေး ဘယ်ရှိမလဲ''
''ဆရာကြီး ကျွန်မလေ ကျွန်မ''
''ဟဲ့ ပြောစရှိတာ မြန်မြန်ပြော ၊ တခြား လူနာတွေ ငါကြည့်ရဦးမှာ ၊ အချိန်မရှိဘူး''
''ကျွန်မ တစ်ယောက်ထဲ နေရတာ ပျင်းလို့ပါ ၊ ပြီးတော့''
''လိုရင်းကို တိုတိုပြောပါဆိုနေမှ''
''အဲ ကျွန်မ လင်လိုချင်တယ်''
''အဲဒါများ လိုရင်း မရောက်ပဲ ဗာရာဏသီ ချဲ့နေရသေးတယ် ၊ လင်လိုချင်တာများ ဘာ ခက်တာလိုက်လို့ ၊ မန်ကျည်းသီး တစ်ကျပ်သား ၊ ဆားတစ်ကျပ်သား ၊ ဆပ်ပြာရည်တစ်ကျပ်သား သောက်လိုက် ၊ မကြာခင် လင်ရလိမ့်မယ် ၊ အဲဒီတော့မှ ငါ့ကျေးဇူးကို မမေ့နဲ့''
နုံအသော အပျိုကြီးလည်း ဆရာကြီးပြောတာကို အဟုတ်မှတ်ပြီး ညဦးယံမှာ ဆေးသောက်ပြီး ကတည်းက တစ်ညလုံး အိမ်သာသို့ တရစပ် ပြေးလွှားနေရ၏။ တစ်ညလုံး ဝမ်းတွေ သွားရ သဖြင့် မနက်စောစော ဝေလီဝေလင်းတွင် အိမ်ပေါ် ပြန်မတက်နိုင်တော့ပဲ လှေကားရင်း မှာပဲ လဲနေလေတော့၏။ ထိုစဉ်တွင် မနက်စောစော လမ်းထလျောက်သော အိမ်နားက လူပျိုကြီးက လှေကားရင်းမှာ မျော့မျော့ကလေး လဲနေသော အပျိုကြီးကို ကြည့်ပြီး
''ဒီမိန်းမကို ငါမှ မကယ်ရင် သေဖွယ်ရာပဲ ရှိတော့မယ်''
ဟုဆိုပြီး အပျိုကြီးကို ပွေ့ချီ၍ အိမ်ပေါ် တင်သွား ရာမှ ၎င်းအပျိုကြီးနှင့် လူပျိုကြီးတို့လည်း သံယောဇဉ်တွေ ဖြစ်ကုန်ကြပြီး မကြာခင် ညားသွားကြလေသတည်း။
စောစံဖိုးသင်ပြောသောပုံပြင်များ
Credit # Naing Lin Htut
Comments
Post a Comment