ဘာငြင်းချင်သေးလဲ

" ဘာငြင်းချင်သေးလဲ "

~~~~

ကျနော့ကို မျက်စောင်းတခဲခဲဖြစ်နေတဲ့ အပျိုကြီး
တစ်ယောက်အကြောင်းပါ။

ကျနော်တို့ ရွာရဲ့မြောက်ဘက်မှာ သရောတန်းဆိုတဲ့ရွာတရွာရှိတယ်။

လွန်ခဲ့တဲ့ သုံးနှစ်လောက်က "သရောတန်းရွာ "က
ကျနော်တို့ရွာကို အလှူလာလှည့်တယ်၊ 
တီးဝိုင်းလည်းပါတယ်ဗျ ၊ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး။

အခြားသူတွေကတော့မှတ်မိကြတော့မယ်မထင်ဘူး၊ ကျနော်ကတော့ မှတ်မိနေသေးတယ်၊ မှတ်မိစရာ.... အမှတ်တရလေးတခုကလည်း ယနေ့တိုင်စွဲကျန်နေရစ်တုံး။

အဲ့ဒီနေ့က...ကျနော်လည်း ဆိုင်ကယ်စုတ်လေးနဲ့
ဈေးဝယ်ကပြန်အလာ..ရှင်လောင်းလှည့်နေတာတွေ့လို့လမ်းဘေးအသာရပ်ပြီးကြည့်နေမိတယ်။

ထောလာဂျီ (ဂွန်ဒေါင်း) ပေါ်က တီးဝိုင်းကလည်း မနော ရဲ့အလှူတော်သီချင်းကို မြူးမြူးကြွကြွတီးနေလို့ က.ချင်စိတ်တောင်ပေါက်မိပါရဲ့၊ လူအတော်များများကလည်းတီးဝိုင်းအဖွဲ့ကိုအာရုံရောက်
နေကြတာ။

အဲ...တီးဝိုင်းရှေ့မှာတော့ အရူးတစ်ယောက်" က"နေတယ်၊ ကျနော်ကအဲ့ဒီအရူးကိုအာရုံရောက်နေတာ၊ ဒီအရူးကြည့်ရတာ သိပ်ရူးပုံတော့မရ၊ ဝတ်ထားတာကလည်းသပ်သပ်ရပ်ရပ်၊
အောင်မယ်... က.နေတာလည်း စီးချက်ဝါးချက်မှန်မှန်နဲ့..။

ခနနေတော့ အရူးကမောသွားပုံရတယ်၊ အပျိုကြီးတစ်ယောက်ရဲ့အိမ်ထဲဝင်ပြီးရေတောင်းသောက်တယ်၊ အိမ်ပေါက်ဝမှာတော့ ကလေးတစ်ယောက်ချီထားတဲ့ အပျိုကြီး...။

အဲ့ဒီအရူးက အပျိုကြီးနဲ့စကားတွေပြောလို့ပါလား...
သူတို့ပြောနေတာတွေကိုလည်းကျနော်အတိုင်းသားကြားနေရတယ်၊ လူတွေက တီးဝိုင်းကိုအာရုံရောက်နေချိန်မှာ ကျနော်ကတော့ သူတို့နှစ်ယောက်ကိုအကဲခတ်နေတာ...။

" ကလေးကဖြူဖြူဖွေးဖွေးလေး....ချစ်စရာလေးနော် ...ဘာတော်တာလဲဗျ "

" တူလေး..လေ ၊ အမကမွေးတာ "

" ဝဝကစ်ကစ်လေး ....သနပ်ခါးလေးနဲ့ အရမ်းလှတာဘဲ၊ဘယ်သူလိမ်းပေးထားတာလဲဗျ "

အရူးကတော်တော်အရစ်ရှည်တဲ့ကောင်၊ အပျိုကြီးလည်း နည်းနည်းတော့တင်းနေပြီ..အရူးနဲ့ဆက်ပြီးပြောချင်ပုံမရ..။

" ကျမလိမ်းပေးထားတာပါ "

" နမ်းမယ်နော် ချစ်စရာလေးမို့ "

" အော်... အေး.... နမ်းပါ..နမ်းပါ" 

အပျိုကြီးက ပြီးပြီးရော မြန်မြန်ထွက်သွားအေးတာ
ဘဲဆိုပြီး ချီထားတဲ့ကလေးကိုအပေါ်မပေးလိုက်တယ်....။

 "အာဘွား....ရွှတ် "

အပျိုကြီးက ကျနော့်ကိုတချက်လှမ်းကြည့်လိုက်တယ်၊ ကျနော်နဲ့ မျက်လုံးချင်းဆုံမိသွားတယ်၊မျက်စိမျက်နှာတွေလဲပျက်လို့ပေါ့၊ ဒေါသအရိပ်အရောင်တွေလည်း အပျိုကြီး မျက်နှာမှာအထင်းသားပေါ်နေလေရဲ့...ပေါ်မှာပေါ့....

အရူးနမ်းလိုက်တာက..." အပျိုကြီးရဲပါး..."

အဲ့ဒီနေ့ကထဲက ကျနော့်ကို မျက်စောင်းတခဲခဲဖြစ်နေတာ...ဒီနေ့အထိ။

ကဲ...ဘာငြင်းချင်သေးလဲ...အပျိုကြီး။

ဦးရွှေညာ (ရွာတန်းရှည်)
Crd.

~~~~~~

Comments

Popular posts from this blog

ချောတယ်လို့