မှတ် ကရော့
ဗန်းမောက်မြို့နဲ့ လေးငါးမိုင်လောက်မှာ
ရှမ်းပန်းကဒူး ရွာလေးတစ်ရွာရှိပါတယ်။
အိမ်ခြေက နည်းနည်း၊ လူဦးရေကလည်း
နည်းနည်းလေးပါ။
တစ်ရွာလုံးက လယ်ယာစိုက်ပျိုးရေးကိုပဲ
အဓိကထားလုပ်ကိုင်ကြတာပါ။ရေမြေကောင်း
တော့ ဆန်စပါးအပြင် ရာသီပေါ် သီးနှံလေးတွေ
နဲ့ ဟင်းသီးဟင်းရွက်လေးတွေလည်း တစ်နိုင်
တစ်ပိုင်စိုက်ပျိုးကြပါတယ်။
ရိုးသားတဲ့ တောသူတောင်သားတွေမို့ ခေတ်မီ
ဆန်းပြားတဲ့ပစ္စည်း ဘာတစ်ခုမှ မရှိကြဘူး။
ကုန်ကုန်ပြောရရင် တစ်ရွာလုံးမှာဘယ်အိမ်မှ
နာရီမရှိဘူး။ မရှိဆို လိုမှ မလိုတာကိုး။တကယ်လို့
အချိန်အတိအကျသိချင်တယ်ဆိုရင်လည်း
ရွာထိပ်ဘုန်းတော်ကြီးကျောင်းက ရှေးဟောင်း
နာရီကြီးကို ပြေးကြည့်လို့ရတယ်လေ။
နေ့တဓူဝ သာမန်လုပ်ရိုးလုပ်စဥ် အလုပ်တွေကို
တော့ နေကိုကြည့်ပြီး အချိန် ခန့်မှန်းလို့ရသလို၊ဘုန်းကြီးကျောင်းက မနက်စောစော ဆွမ်းချက်
ထဖို့ တုံးမောင်းခေါက်တဲ့အသံ ၊ဆွမ်းစားဖို့
တုံးမောင်းခေါက်တဲ့အသံ ၊ကြေးစည်ထုသံ၊
မောင်းတီးသံတွေကို နားထောင်ပြီး သွားကြ၊
လာကြ လုပ်ကြကိုင်ကြတာပါ။
ရွာက အမျိုးသမီးအများစုက သူတို့အခင်းက
ထွက်တဲ့ အသီးအနှံလေးတွေနဲ့ တောထဲတောင်
ထဲက ရှာဖွေလို့ရတဲ့ မှို၊ မျှစ်တို့လို ရာသီစာလေး
တွေကို ဗန်းမောက်မနက်ခင်းစျေးမှာ သွားရောင်း
ကြပြီး လိုအပ်တဲ့ ဆီ၊ ဆား၊ငါးပ်ိတို့ ပြန်ဝယ်
ကြပါတယ်။
ရွာထိပ်ဘုန်းတော်ကြီးကျောင်းက မနက်လေး
နာရီထိုး ဆွမ်းချက်တုံးမောင်းခေါက်တဲ့အချိန်
အိပ်ရာကထပြီး သွားလိုက်ရင် ဗန်းမောက်စျေး
တံခါးဖွင့်ချိန် ကွက်တိရောက်တာမို့ မြို့စျေးကို
စျေးရောင်းသွားကြမဲ့ စျေးသည်တွေရဲ့ နာရီ
နှိုးစက်က ဆွမ်းချက်တုံးမောင်းခေါက်သံပါ။
တစ်နေ့မှာ...
အဲဒီရွာက ရွာသားတွေဟာ တောထဲကနေ
တောဝက်ခပ်သေးသေးတစ်ကောင်ဖမ်းမိပါတယ်။
အဲဒီသတင်းကြားတော့ ရွာဦးကျောင်း
ဆရာတော်ရဲ့စိတ်ထဲမှာ...
" တစ်မိုးတွင်းလုံး အသီးအရွက်ချည်းပဲ
ဘုဉ်းပေးခဲ့ရတာ.....တောဝက်သားဟင်းလေး
တော့ စားရချည်သေးရဲ့" ဆိုပြီး မျှော်နေရှာတာပေါ့။
တောဝက်ရတယ်ဆိုတဲ့ သတင်းကြားပြီးလို့
သုံးလေးရက်သာ ကြာသွားတယ်၊ ရွာသားတွေ
ဆွမ်းလာပို့တဲ့အထဲမှာ တောဝက်သားဟင်း
တစ်ခွက်တလေမှ ပါမလာတော့ ဆရာတော်ခမြာ
မအောင့်နိုင်တော့ဘူး၊ ဒကာကြီးတစ်ယောက်ကို
မေးကြည့်လိုက်ပါတယ်။
" ဒကာကြီး....ဟိုတနေ့က သာအောင်တို့အုပ်စု
တောဝက်ရတယ်လို့ သတင်းကြားတာ....
ဟုတ်လား.."
ဒကာကြီးက.....
" ဟုတ်တယ်ဘုရာ့.....စျေးကောင်းရတယ်ကြား
လို့...ဗန်းမောက်စျေးမှာ ရောင်းပြီး ပိုက်ဆံ ခွဲယူ
လိုက်ကြပြီတဲ့ဘုရား...တပည့်တော်တို့တောင်
အရိုးပဲ ကိုက်လိုက်ရတာ.. ''
တောဝက်သားဟင်းစားရတော့မယ်ဆိုပြီး
ပျော်နေတဲ့ ဆရာတော်ဟာ ဒကာကြီးရဲ့အဖြေ
စကားကြားလိုက်တော့ ကျွဲမြီးတိုသွားပြီး
စိတ်ထဲကနေ ကြုံးဝါးလိုက်သတဲ့။
" တစ်ရွာလုံး ငါ့ကျောင်းကနာရီအချက်ပေးသံနဲ့
စျေးသွားရောင်းကြ၊ အလုပ်လုပ်ကြရတာကို
တစ်ခါတရံမှရတဲ့ တောဝက်သားဟင်းလေး
တစ်ခွက်တောင် ပို့ဖို့သတိမရကြဘူး....
တွေ့ကြသေးတာပေါ့ ''
အဲဒီလိုနဲ့.....
နောက်တစ်ရက်မနက် ဘုန်းကြီးကျောင်းက
ဆွမ်းချက်တုံးမောင်းခေါက်သံကြားတော့
မြို့ကို စျေးသွားရောင်းကြမဲ့ အမျိုးသမီးတွေ
ဟာ အိပ်ယာက ကမန်းကတန်းထပြီး ရောင်း
စရာအသီးအရွက်တွေကို တောင်းနဲ့ထမ်းလို့
မြို့ကို သွားကြပါတယ်။
ဗန်းမောက်စျေးကိုရောက်တော့ မိုးက မလင်း
သေးဘူး၊ စျေးတံခါးကလည်း မဖွင့်သေးတော့
အပေါက်ဝနားမှာ ထိုင်စောင့်ပြီးနေကြရတာ။
ခါတိုင်းဆိုရင် စျေးရောက်တာနဲ့ မိုးကလည်း
လင်းပြီ ၊စျေးတံခါးလည်း ဖွင့်ပြီ၊
အခုတော့ ဘယ်လို ဖြစ်တယ် မသိဘူး၊
ထိုင်စောင့်ရင်းနဲ့ အိပ်ငိုက်သွားလိုက်ကြတာ။
တစ်ရေး နှစ်ရေးရပြီးမှပဲ မိုးလင်းတယ်။
သူတို့အဖွဲ့ စျေးရောင်းပြီးလို့ ရွာကို ပြန်လာ
ကြတာ၊ ရွာထိပ်မှာ ဆရာတော်နဲ့တွေ့တော့....
" ဆရာတော့ကျောင်းကနာရီပဲ မမှန်တာလား၊
ဆရာတော်ပဲ နာရီအကြည့်မှားသလား မသိဘူး
ဘုရား....ဒီနေ့မနက် စျေးသွားတာ ခါတိုင်းလို
မဟုတ်ဘူးဘုရာ့.....တော်တော်နဲ့ မိုးမလင်းနိုင်လို့ အိပ်ပြီး စောင့်လိုက်ရတာ တစ်ရေး နှစ်ရေးတောင်
ရတယ် ဘုရား "
အဲဒီတော့မှ ဆရာတော်က ပြုံးဖြီးဖြီးနဲ့....
" ကျောင်းက နာရီလည်း မှန်တယ်.....
ငါလည်း အကြည့်မမှားဘူး.....
ဒီလောက် စျေးရောင်းချင်လွန်းလှတာဆိုပြီး
မနက် လေးနာရီ ခေါက်ရမဲ့ တုံးမောင်းကို
ညနှစ်နာရီထိုးမှာ ခေါက်ပေးလိုက်တာဟေ့....."
Crd.
အရှင်ဘုရားရယ်😥😥
ReplyDeleteရှင်ဘုရားနော်😁
ReplyDelete🕓
ReplyDelete