ကျွန်တော် နဲ့ မသာ ဒိုင်လူကြီး
ကျွန်တော် မသာဒိုင်လူကြီး ဆိုတာကို တွေ့ဖူးတယ်။
ဘယ့်နှယ့် ဒိုင်လူကြီးကတော့ ဟုတ်ပါပြီ....မသာဒိုင်လူကြီး ဆိုတာ ဘယ်လိုဟာတုန်း။
ရှိပါ့မလား လို့ မေးလာရင်တော့...ရှိတယ်လို့ပဲ ဖြေရမှာပါ။
ကျွန်တော် မရမ်းကုန်း၊ အောင်မင်္ဂလာရပ်ကွက်ထဲ အဆောင်နေစဉ်ကပေါ့။
မနီ၊ မသီ၊ မကြည် ဆိုတဲ့ ညီအမတွေရှိတယ်။
မနီ က အကြီးဆုံး ၊ အပျိုကြီး။ ကုန်စုံဆိုင်ရှိတယ်။
မသီ က မုဆိုးမ၊ ထမင်းဆိုင်ဖွင့်ထားတာ။
သူ့သမီးကြီး သွယ်သွယ်အောင်လေးက ဒေးတက်နေတာ။ချောချောလေး။ သမီးငယ် နွယ်နွယ်အောင်က ဆယ်တန်း။ ဒါလေးလည်း ရပ်ကွက်ရဲ့ ဖွန်တက္ကသိုလ်အတွက် ဗိုလ်လောင်းလေးပဲ။
ကဲ..ဒီတော့..ဒီကလေးမတွေ ပညာရေးအတွက်...မသီ ရဲ့ ဆိုင်မှာ ထမင်းနေ့တိုင်းဝယ်စားဖို့က လွဲပြီး ကျွန်တော့်မှာ တခြားရွေးချယ်စရာမရှိ။
မကြည် ကျတော့လည်း အသက် ၃၀ လောက်ဆိုတော့..အပျိုမကြီးတကြီး၊ တောင့်တောင့်ဖြောင့်ဖြောင့်ကြီး ။ ပြီးတော့ ရေလုပ်ငန်း၊ပုလဲဦးစီးဌာနက အရာရှိတဲ့။
မသီထမင်းဆိုင် နဲ့ ကျွန်တော်တို့က တအားရင်းနှီးကြတာ၊ တခါတလေ ပုလင်းယူသွားပြီး အဲ့ဒီဆိုင်မှာပါ သောက်လို့ရတဲ့အထိကို ရင်းနှီးတာ။
အဲ...ဒီလိုရင်းနှီးဖို့ဆိုတာလည်း..လွယ်လွယ်တော့ ဘယ်ရမလဲ။
သူတို့ ညီအမတွေ အိမ်မှာ မီတာခဆောင်တာကအစ၊ အီးတွင်းတူးတာအဆုံး လိုက်လုပ်ပေးထားတာကိုးဗျ။
တစ်ရက်တော့ ညီအမတွေ၊တူဝရီးတွေ ငိုကြီးချက်မနဲ့။
မေးကြည့်တော့...သူတို့အဖေ ဆုံးသွားလို့တဲ့။
နို့..တခါမှလည်း သူတို့အဖေရှိတယ်ဆိုတာ မကြားဖူးပါဘူးပေါ့။
နောက်တော့ သွယ်သွယ်လေးရှင်းပြမှ ဇာတ်ရည်ကလည်တယ်။
မနီ၊ မသီ၊ မကြည် တို့ အဖေက ဆည်မြောင်းဘက်က အရာရှိအကြီးကြီး။
ငွေကြေးကလည်းရေလည်ထော။
မနီ၊မသီ၊မကြည် တို့က အဲ့ဘဲရီးရဲ့ နောက်မိန်းမနဲ့ မွေးတာတဲ့။
ပထမ မိန်းမနဲ့လည်း သမီး လေးယောက်မွေးထားသေးတယ်။
အခု က ပထမမိန်းမနဲ့မွေးတဲ့ သမီးကြီးဆီမှာ ဘိုးတော်က ဆုံးတာ။
ဘိုးတော်က မသေခင် ညီတူညီမျှ အမွေတွေခွဲပေးပြီးသား။
ဒါပေမယ့် ပထမအိမ်ထောင်က သမီးတွေနဲ့ ဒုတိယအိမ်ထောင်က သမီးတွေ ဖြစ်တဲ့ မနီတို့အုပ်စုက လုံးဝမတည့်ကြဘူး။
"တို့မှာက လောက်လောက်လားလား အားကိုးစရာ မရှိလို့ မင်းလိုက်ခဲ့ပါ..မောင်ကျော်စွာ'' ဆိုတဲ့ မသီ စကားနဲ့ ကျွန်တော့်မှာ နာရေးနေ့ ရေဝေးကို လိုက်သွားရတယ်။
သွယ်လေးတို့၊နွယ်လေးတို့..ကလေးမတွေ...အားငယ်နေမယ်ဆိုတဲ့..စိတ်ထားကောင်းလေးနဲ့ပါလေ။
မနီကြီးက ခြင်းထောင်းတစ်လုံး ကျွန်တော့်ကို ပေးတယ်။
အထဲမှာ အုန်းသီးနဲ့ဓားမ တစ်ချောင်း၊ နောက် အပ်ချည်ကြိုးထုံးလေးနှစ်ထုံး။
အုန်းသီးနဲ့ဓားမက သူတို့အဖေ အလောင်းပေါ် အုန်းရည်နဲ့မျက်နှာသစ်ပေးဖို့၊ အပ်ချည်ကြိုးကတော့ သူ့မြေးမနှစ်ယောက် အရပ်နဲ့တိုင်းထားတာတဲ့။
အခေါင်းထဲထည့်ပေးဖို့ဆိုလား ကျွန်တော့်ကို သေသေချာချာမှာတယ်။
ရေဝေးရောက်ပါပြီ။
ခန်းမထဲ အဘိုးကြီးအလောင်းဘေးမှာ အကြီးအုပ်စုက ဝိုင်းအုံငိုနေတယ်။
ဒီနေရာမှာ ရှင်းသွားအောင် အဘိုးကြီးရဲ့ ဇနီးနှစ်ယောက်က ပေါက်ဖွားလာသူတွေဆိုတော့...အကြီးဂရု၊ အငယ်ဂရုဆိုပြီး သုံးပါရစေ။
အငယ်ဂရုကလည်း အကြီးဂရုအုံနေတဲ့ကြား အတွန်းအတိုက်လှလှပပ နဲ့ ပြေးဝင်ငိုကြတယ်။
အကြီးဂရုကလည်း လူတံတိုင်းနဲ့ ကာထားပါတယ်။
ကျွန်တော်ကတော့..ခြင်းတောင်းလေးပိုက်လို့ ငေးပေါ့။
အငယ်ဂရုက ဗလနည်းနည်းတောင့်တဲ့..မသီက..ကိုယ်တစ်စောင်းတိုးပြီး...နေရာဝင်ယူတာ..အကြီးဂရုက ခပ်ပိန်ပိန်တစ်ယောက်..ဘေးနားကိုယိုင်ကြသွားတယ်။
မသီက နေရာရပြီဆိုတော့...မနီကို စစ်ကူခေါ်တိုးတယ်။
"အဖေရေ...သမီးတို့်က တရားဝင်နံပါတ်တစ်တွေဖြစ်ပြီး အဖေ့မျက်နှာတောင် ကောင်းကောင်းကြည့်မငိုရဘူး..သေတဲ့အထိ...နေရာလိုက်လုတဲ့ဟာတွေလာပြီတော့''
အကြီးဂရုက တစ်ဂိုးစသွင်းပါတယ်။
"ဟဲ့...ငါတို့လည်း သူ့သမီးတွေပဲ....နင်တို့ချည်းပဲသူတို့သမီးမဟုတ်ဘူး..လူပါးမဝနဲ့..နင်တို့လက်ထဲမှာနေလို့..အဖေသေရတာ..နေမကောင်းတာတောင်..ဆေးရုံတင်ဖော်မရတဲ့ဟာမတွေ''
ကျွန်တော်အပါအဝင် နာရေးပရိသတ်ကြီးဟာ..အဘိုးကြီးနာရေးထက်..အလောင်းရဲ့ တစ်ဖက်တစ်ချက်စီမှာ ကီသွင်းပြီး ရန်စောင်နေကြတဲ့ နှစ်ဖက်သမီးတွေကို ပိုစိတ်ဝင်စားလာကြပါတယ်။
အဲ့ဒီအချိန်မှာ အဘိုးကြီးတစ်ယောက် ထလာပါတယ်။
"ဟိတ်..ကောင်မတွေ..တော်ကြစမ်း''
နောက်မှ သိရတာ..အဲ့ဒီအဘိုးကြီးက ကွယ်လွန်သူ ကြီးရဲ့ ညီတဲ့။
အကြီးဂရုရော၊ အငယ်ဂရုနဲ့ပါ ဦးလေးတော်စပ်သပေါ့။
ကျွန်တော်ပြောတဲ့ မသာဒိုင်ဆိုတာ သူပါ။
"ကဲ...နင်တို့ ဒီလိုရန်ထောင်နေတာ မရှက်ကြဘူးလား...အကုန် နောက်ဆုတ်စမ်း''
အဘိုးကြီး က တူမတွေအပေါ် သြဇာညောင်းပုံပါပဲ။
"ငါပြောမယ်...ဟိုအေးအေးသင်းတို့...ဘုန်းကြီးက နောက်နာရီဝက်လောက်ဆို ကြွလာမယ်။ ဒီတော့...နင်တို့က အရင်ငို...ဆယ်မိနစ်အချိန်ရမယ်။ အဲ့ဒီအချိန် နီနီတို့၊သီသီတို့အုပ်စုက ဟိုခုံမှာ ထိုင်နေကြ။ ပြီးရင် နင်တို့ ငိုဖို့ ဆယ်မိနစ်ရမယ်''
အလဲ့..တယ်ဟုတ်ပါလား။ ငိုတာတောင် အချိန်နဲ့။
ဒိုင်လူကြီးဘိုးတော်က အလောင်းရဲ့ ခေါင်းရင်းမှာ ရပ်ပါတယ်။
ပြီးတာနဲ့ အကြီးဂရုက စ ငိုပါတော့တယ်။
ငိုတော့လည်း သူတို့က မူလပထမ ပါမစ်နစ်တွေဖြစ်ကြောင်း ထည့်ငိုပြီး ဒီဘက်ကို စောင်းချိတ်ငိုပါတယ်။
"ရပြီ...သွားထိုင်တော့''
အောင်မယ်...ဇာတ်လမ်းလေးတွေဖွဲ့ပြီး ငိုပြောလေးတွေပြောကြတာ ဆယ်မိနစ်ပြည့်တာတောင်မသိလိုက်ဘူးရယ်။
မနီ၊ မသီ၊ မကြည် တို့အလှည့်။
သူတို့အငယ်ဂရုကလည်း ဘယ်ခေလိမ့်မတုန်း။
အဖမရှိနေ့ရက်များတို့၊ အနေဝေးပေမယ့် အဖေသွေးပါပါတယ်တို့ ဆိုပြီး စကားလုံးတွေနဲ့ အနုပညာရသမြောက်အောင်ငိုတာ။
အဒေါ်မကြည်နဲ့ မြေးမလေးနှစ်ယောက်ပါတော့..ငိုပွဲလေးက လှလှပပတောင် ဖြစ်သွားသေး။
ဆယ်မိနစ်ပြည့်တော့ တခါ ဘရိတ်ပါတယ်။
ဘုန်းကြီးကြွလာပါတယ်။ သရဏဂုံတင်ပြီးတာနဲ့ သဂြိုလ်စက်ဆီသွားဖို့ ဇာတ်လမ်းက စပါပြီ။
အခေါင်းတင်တွန်းလှည်းကြီးကို နှစ်ဖက်လုတွန်းကြပြန်တယ်။
ဒီမှာပဲ..မသာဒိုင်လူကြီးဝင်လာရပြန်ပါတယ်။
အကြီးဂရုက ဘယ်တောင်ပံကတွန်း၊ အငယ်ဂရုက ညာတောင်ပံက တွန်းဖို့သတ်မှတ်ပေးရပြန်တယ်။
မီးသဂြိုလ်ခါနီး..တစ်ခါ..အခေါင်းဖွင့်ပြပြန်တယ်။
အဲ့ဒီမှာ.အမအကြီးဆုံး မနီ က ကျွန်တော့်လက်ထဲက ဝှက်ဖဲကို ထုတ်သုံးပါတော့တယ်။
အဲ့ဒါက ကျွန်တော့်လက်ထဲက အုန်းသီးရယ်..ဓားမရယ်ပါတဲ့..ခြင်းတောင်းပဲ။
မသီ ဟာ ငိုနေရင်းနဲ့ ကျွန်တော့်လက်ထဲက ခြင်းတောင်းကို ဆွဲယူပြီး..မသာဒိုင်အဘိုးကြီးဆီ ထိုးပေးပါတယ်။
"လေးလေးစိုး..အဖေ့ကို နောက်ဆုံးမျက်နှာသစ်ပေးဖို့''
အဘိုးကြီးကလည်း ဒီဓလေ့ကို သဘောပေါက်ပါတယ်။
အုန်းသီးနဲ့ဓားကို ယူပြီး ဂွပ်ခနဲ ခွဲ၊ အုန်းရည်ကိုမျက်နှာပေါ်လောင်းချပါတယ်။
ဒီအဖြစ်ကိုမြင်တဲ့ အကြီးဂရုက ပေါက်ကွဲပါပြီ။
"အဖေရေ...အဖေ့ကို နောက်ဆုံးမျက်နှာသစ်ပေးခွင့်တောင် သမီးတို့မှာမရှိတော့ဘူးလား..ဒီကောင်မတွေက ဝင်လုသွားပြန်ပြီ..အဖေရဲ့..ဦးလေးလည်း.ဘက်မလိုက်ပါနဲ့''
မသာဒိုင်ကလည်း ပြန်ရှင်းပါတယ်။
"ဟဲ့..နင်တို့က အစကတည်းက သူတို့လို အုန်းသီးနဲ့ဓား ယူလာလေ..ငါလည်း ပေးတဲ့ဟာ ယူခွဲရတာပဲ''
"အောင်မလေး..ရှိပါတယ်...ခုနကပဲ..အုန်းသီးဝယ်ခိုင်းလိုက်ပြီ..ဓားလဲငှါးပြီးပြီ...ဟိုမှာ..ဟိုမှာ''
အပြာဝတ်နဲ့ဝန်ထမ်းဘဲတပွေက အုန်းသီးနဲ့ဓား ယူလာပြီး အကြီးဂရုဆီလာပေးပါတယ်။
"ဦးလေး မျှမျှတတလုပ်ပါ...ကျွန်မတို့အုန်းသီးနဲ့လည်း..အဖေ့ကို မျက်နှာသစ်ပေးရမယ်''
"ဟာ.အလောင်းကို နှစ်ခါမျက်နှာသစ်တယ်ဆိုတာ...ထုံးစံမရှိ..''
"အို..ရှိရှိမရှိရှိ...ဒီကောင်မတွေကျ အဖေ့ကို မျက်နှာသစ်ခွင့်ရတယ်...ကျွန်မတို့က တရားဝင်ပထမသားသမီးတွေပါ..ကျွန်မတို့လည်း ရသင့်တယ်..ရော့..အုန်းသီးနဲ့ဓား..အခုခွဲပေး''
မသာဒိုင်ကြီးလည်း စိတ်ညစ်ညစ်နဲ့ အုန်းသီးနဲ့ဓားမ ယူပြီး ဒုတိယအကြိမ် ထပ်ခွဲရပြန်ပါတယ်။
အခေါင်းထဲက ဘိုးတော်ကြီးကတော့...အုန်းရည်နဲ့ နှစ်ထပ်ကွမ်း မျက်နှာသစ်ရရှာပါပြီ။ မသာထဲတော့ အတော်ကံထူးတဲ့မသာပါပဲ။
"အောင်မလေး..အဖေရဲ့..သေတာတောင် ဒီကောင်မတွေဘက် လှည့်သေရလား''
အကြီးဂရုက တစ်ယောက် ငိုသံကြောင့်..အလောင်းကိုကြည့်တော့..အလောင်းဟာ ဟိုဆွဲဒီဆွဲကြောင့်လား၊ အုန်းရည်နှစ်ထပ်ကွမ်းကြောင့်လားမသိဘူး..အငယ်ဂရုဘက်ကို ဇက်ကြီးလည်နေပါတယ်။
အကြီးဂရုက အန်တီကြီးဟာ ငိုနေရင်းက သူ့အဖေရဲ့မျက်နှာကို အတင်းသူတို့ဘက်ပြန်ဆွဲလှည့်ပါတယ်။
အငယ်ဂရုကလည်း..မျက်နှာကို ပြန်ဆွဲဖို့အလုပ်မှာ...ဒိုင်လူကြီး ခရာတွတ်ရပြန်ပါပြီ။
"ဟဲ...နင်တို့လုပ်တာနဲ့...နင်တို့အဖေ နောက်ဆုံးခရီးမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်တော့မယ်။ ခေါင်းကို ဘယ်ဘက်မှမလှည့်ခိုင်းနဲ့...တည့်တည့်ပဲထားမယ်''
ခေါင်းကတည့်သွားပါပြီ။
မီးသဂြိုလ်မယ့်ဝန်ထမ်းတွေမှာလည်း တော်တော်စိတ်ညစ်နေပါပြီ။
နောက်တော့ မီးသဂြိုလ်စက်ထဲသွင်းလိုက်ပါတယ်။
ဒါပေမယ့်...ဇာတ်လမ်းမပြီးသေးဘူးဗျာ။
အဘိုးကြီးကို လွှမ်းထားတဲ့ ပုဆိုးနဲ့အက်ျ ီကို သစ်ကိုင်းနဲ့ပတ်ပြီး ဝိညာဉ်ခေါ်တဲ့ အခါ ပြသနာတက်ပြန်ပါတယ်။
ဝိညာဉ်ခေါ်တယ်ဆိုတဲ့ သစ်ကိုင်း က နှစ်ကိုင်းဖြစ်နေတယ်။ အငယ်ဂရုတစ်ကိုင်း၊ အကြီးဂရုတစ်ကိုင်းပေါ့။
နှစ်ဖက်လုံးက ရက်လည်မှာမို့..သာဓုခေါ်ရအောင်..အဲ့ဒီ..ဝိညာဉ် ကို လုကြပြန်ပါတယ်။
ဒီမှာလည်း..မသာဒိုင်လူကြီး ဝင်ရပြန်ပါတယ်။
အကြီးဂရုကို ပုဆိုးနဲ့သစ်ကိုင်းခြောက်တစ်ခု၊ အငယ်ဂရုကို အက်ျ ီနဲ့ သစ်ကိုင်းခြောက်တစ်ခု ခွဲပေးရပြန်တယ်။
အဘိုးကြီးဝိညာဉ်ကတော့...အကြီးဘက်လိုက်မလား အငယ်ဘက်လိုက်မလား ဘယ်ဘက်လိုက်သွားမယ် မပြောတတ်ဘူး။
ကျွန်တော့်မှာ...အပြန်ကျတော့..ကွယ်လွန်သူအဘိုးကြီးရဲ့ အင်္ကျီ နဲ့သစ်ကိုင်းခြောက်လေးကိုင်ပြီး ဖြစ်ခဲ့သမျှတွေ ပြန်တွေးပြီး..ရယ်ရမလို..ငိုရမလိုကြီးရယ်။
ဝိညာဉ်ခေါ်လာတဲ့သူက စကားမပြောရဘူးဆိုလို့ပြန်သာလာရတယ်..
ကျွန်တော့်မှာ မသာဒိုင်လူကြီးလုပ်ပေးတဲ့ အဘိုးကြီးကို နှုတ်ဆက်ချင်ပါလျက် နှုတ်မဆက်လိုက်ရဘူး။
ကွယ်လွန်သူအဘကြီး ဝိညာဉ်လည်း..အကြီးဂရုဘက်လိုက်သွားလား..အငယ်ဂရုဘက်လိုက်သွားလား...
ဘယ်ဘက်က ရက်လည်မှာ သာဓုသွားခေါ်သလဲ ဆိုတာ...အဘိုးကြီး ဝိညာဉ်ကိုသာ မြင်နိုင်ရင် သိချင်မိသေးပါရဲ့ဗျာ။
Crd.
၊၊၊၊🤣🤣🤣🤣🤣🤣🤣
ReplyDelete🤣🤣🤣
ReplyDeleteစိတ်ညစ်ဒါတွေတောင်ပျောက်တယ်🤣🤣🤣
ReplyDelete